Breaking News

လုပ်ခနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရေး လှုပ်ရှားမှုတွေ ထပ်မံထွက်ပေါ်လာ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၄ မြင်ကွင်း

(မိုးမခ) ဇွန် ၅၊ ၂၀၂၅


လုပ်ခနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရေး လှုပ်ရှားမှုတွေ ထပ်မံထွက်ပေါ်လာ

စစ်အာဏာသိမ်းပြီးနောက် ကမောက်ကမ ဖြစ်ပွားလာသည့် အဆနဲ့ချီကာ မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းလာနေပေမယ့် စက်ရုံအလုပ်ရုံလုပ်သားတွေရဲ့ အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ချက်တွေက ပြောင်းလဲသွားတဲ့ ကျပ်ငွေတန်ဖိုးနဲ့ အချိုးညီစွာ မြင့်တက်မလာတာကြောင့် အခုလပိုင်းတွေမှာ ရန်ကုန်စက်မှုဇုန်ရှိ စက်ရုံလုပ်ငန်းတွေမှာ အလုပ်သမားဆန္ဒပြတာတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

စစ်အာဏာသိမ်းခါစ ကာလက အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ် ၁၃၀၀ ဝန်းကျင် ရှိပြီး အဲဒီအချိန်က တရက်အနိမ့်ဆုံးလုပ်အားခ ၄၈၀၀ ကျပ် ဖြစ်ပါတယ်။ အဲဒီအချိန်က တနေ့အနိမ့်ဆုံးလုပ်အားခဟာ ကန်ဒေါ်လာ နဲ့တွက်ရင် ၃.၆၉ လောက်ရှိခဲ့ပေမယ့် ၄ နှစ်ကျော်အကြာ မှာ ကန် ၁ ဒေါ်လာက ၄၃၀၀ ကျပ်ဝန်းကျင် ရှိနေပြီး တရက် အနိမ့်ဆုံးလုပ်အားခက ၆၈၀၀ ကျပ်သာရှိတာကြောင့် တရက်လုပ်အားခ ကို ဒေါ်လာနဲ့တွက်ရင် ၁.၅၈ ဒေါ်လာသာ ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။

တရက်လုပ်အားခ ငွေကြေးဟာ လွန်ခဲ့တဲ့ ၄ နှစ်ကာလနဲ့ နှိုင်းရင် တန်ဖိုးအားဖြင့် ခေါက်ချိုးအောက်သာ ရတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ ဆန်၊ ဆီ၊ အခြား အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် အစားအသောက်စျေး၊ နာမကျန်း ဖြစ်ခဲ့ရင် ဝယ်ယူရတဲ့ ဆေးဝါးစျေးနှုန်း၊ ခရီးသွားလာရာမှာ သယ်ယူပို့ဆောင်စရိတ် စတာတွေအားလုံးက နိုင်ငံခြားငွေလဲနှုန်း ပြောင်းရင် ပြောင်းသလောက် စျေးနှုန်းတွေ မြင့်တက်လာနေပေမယ့် အလုပ်သမားတွေရဲ့ လုပ်ခလစာက အချိုးညီစွာ ပြောင်းလဲခြင်း မရှိတာကြောင့် အလုပ်သမားသမဂ္ဂနဲ့ အချို့သောစက်ရုံတွေမှာ အလုပ်သမားတွေက ပဲဦးဆောင်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြရာက ခု သီတင်းပတ်တွေမှာ အထိုက်အလျောက် တိုးမြှင့်ရရှိလာခဲ့ပါတယ်။ ၆၈၀၀ ကျပ်ကနေ တိုးမြှင့်ရရှိတဲ့ တရက် လုပ်အားခက ၁၁၅၀၀ ကျပ် နဲ့ ၁၂၀၀၀ ကျပ်တို့ဖြစ်တာတွေ့ရပါတယ်။ ၁၂၀၀၀ ကျပ် ရသည့်တိုင် ကန်ဒေါ်လာနဲ့ တွက်ရင် ၂.၇၉ ဒေါ်လာသာ ရှိသေးတာကြောင့် စစ်အာဏာမသိမ်းခင် ရတဲ့ တန်ဖိုးကိုတော့ မမှီသေးဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။

ဘာကြောင့် အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ရရှိရေး တောင်းဆိုမှုတွေ ဆန္ဒပြမှုတွေ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွေ မအောင်မမြင်ဖြစ်ရတာပါလဲလို့ အဖြေထုတ်ကြည့်ရင် အကြောင်းရင်း ၂ ခုတွေ့ရမှာ ဖြစ်ပါတယ်။ တခုက အလုပ်သမား အခွင့်အရေး၊ တရက်တာ အနိမ့်ဆုံး လုပ်ခတိုးမြှင့်ပေးရေး လှုပ်ရှားမှုတွေကို အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုလို့ မြင်ပြီး အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းက ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့လို့ အလုပ်သမား လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေ ပြီးခဲ့တဲ့ ၄ နှစ်တာကာလမှာ နည်းပါးသွားခဲ့ရတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြရာမှာ ရန်ကုန်လှိုင်သာယာ၊ ရွှေပြည်သာနဲ အခြားစက်မှုဇုန်တွေက အလုပ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ဖြစ်ရပ်ကို အာဏာသိမ်း စစ်ကောင်စီက မှတ်သားထားပြီး အလုပ်သမားအရေး လှုပ်ရှားသူနဲ့ အလုပ်သမားခေါင်းဆောင်တွေကို စောင့်ကြည့် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အချက်တွေက အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ သိသာစွာ လျော့ကျသွားရတဲ့ အဓိက အကြောင်းအချက်ဖြစ်ပြီး အလုပ်သမားတွေအဖို့ ငွေဖောင်းပွမှုနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့ လုပ်ခလစာနဲ့ ကြိတ်မှိတ် လုပ်ကိုင်နေခဲ့ကြရတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ စစ်အာဏာသိမ်းနောက် ပိုမိုဆိုးရွားလာတဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု၊ လောင်စာဆီ ဝယ်ယူတင်သွင်းရ ခက်ခဲတာ စျေးကြီးတဲ့ ဂယက်တွေကြောင့် အမြတ်လျော့နည်းလာတာကို အလုပ်သမားတွေရဲ့ လုပ်ခလစာ နိမ့်ကျမှုက ရတဲ့ အကျိုးအမြတ်နဲ့ ဖာထေးကြတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။

ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မတည်မငြိမ်ဖြစ်မှုကနေ မြို့တွေမှာ အရံလုပ်သားအင်အား မြင့်တက်လာတာ၊ စစ်ပွဲတွေကြောင့် အခြားအလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးကြရပြီး စက်ရုံအလုပ်တွေမှာ လုပ်ကိုင်လိုသူ များပြားလာတဲ့ အခြေအနေကိုလည်း အခွင့်ကောင်းအဖြစ် အသုံးချခဲ့ကြတဲ့သဘော ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ကမောက်ကမ အနေအထားမှာ အလုပ်သမားအခွင့်အရေးတွေ ဆိုးရွားစွာ ကျဆင်းလာတဲ့ အဖြစ်ကို နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းတွေ ဖြစ်တဲ့ ILO နဲ့ အခြားသော အဖွဲ့တွေက သတိမူမိပြီး စစ်ကောင်စီအဖို့ နိုင်ငံတကာ အလုပ်သမားအရေး အဖွဲ့အစည်းတွေရဲ့ ဒဏ်ခတ်မှုကို ခံရနိုင်တဲ့ အခင်းအကျင်းတွေလည်း ဖြစ်ပေါ်လာပါတယ်။ ဒီအကြောင်းတွေက စစ်ကောင်စီ အနေနဲ့ လတ်တလော အလုပ်သမား လုပ်ခလစာ အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေကို ခွင့်ပြုထားတဲ့ သဘောလို့ ယူဆရပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ခစား၊ လက်ခစား အထည်ချုပ်၊ ဖိနပ်ချုပ်နဲ့ အခြားသောကုန်ပစ္စည်းတချို့ ထုတ်လုပ်တဲ့ စက်ရုံတွေ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့ အချက်က နိမ့်ပါးတဲ့ နေ့စားခဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ စားသောက်ကုန် ပစ္စည်းစျေးနှုန်း များများစားစား မကွာခြားတဲ့ ထိုင်းနိုင်ငံမှာ တရက် အနိမ့်ဆုံးလုပ်ခက ဘတ် ၃၇၀ ဝန်းကျင် (ကျပ်ငွေအားဖြင့် ၄၈၀၀၀ )လောက်ရှိနေချိန်မှာ မြန်မာနိုင်ငံက ကျပ် ၆၈၀၀ သာရှိတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အခြားသော နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံတာထက် ပို၍ အကျိုးအမြတ်ရရှိကြတာ ကြောင့်လည်း မြန်မာနိုင်ငံမှာ မြှုပ်နှံဖို့ ပိုမိုဆွဲဆောင်စေတာ ဖြစ်နိုင်ပါတယ်။

သာမန်အခြေအနေတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ကြိုဆိုသင့်တဲ့ အရာဖြစ်ပါတယ် တဖက်မှာလည်း မျှတတဲ့ လုပ်အားခပေးဖို့ အခြားသောအကြောင်းအချက်တွေကြောင့် လျော့ပါးသွားတဲ့ အကျိုးအမြတ်တွေကို အလုပ်သမားတွေရဲ့ နိမ့်နေပြီးသား လုပ်ခလစာထဲက ဖြည့်ဆည်းခြင်း မပြုဖို့ကလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ဘဝတွေက မိသားစုတွေ၊ နေအိမ်တွေ ဇာတိကျေးရွာ မြို့တွေမှာ စစ်ပွဲဖြစ်ပွားလို့ တိမ်းရှောင်ရင်း မြို့ပေါ်မှာ ရတဲ့ အလုပ်ကို ပေးသမျှနဲ့ လုပ်နေရတဲ့ အဖြစ်မျိုးတွေလည်း ရှိနေတာကြောင့် ဒီလို အကျပ်အတည်း အခြား ရွေးချယ်စရာ မရှိတဲ့ သူတွေရဲ့ လုပ်အားကို စျေးနှိမ်ပေး ခိုင်းတဲ့ အဖြစ်မျိုး မရောက်စေဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar