အောင်ဝေး - ဂါထာရှစ်ဆယ်ပျို့၊ သို့မဟုတ်...
အောင်ပန်းဆုရည်
လူထုသည်းအုံ
ရင်ခုန်မြင့်မြတ်
လွပ်လပ်နီနီ
ရီရီမှိုင်းမှိုင်း
ညတံတိုင်းမှာ
တောရိုင်းနှင်းဆီဝေတကား။
လူထုသည်းအုံ
ရဲရဲနှင်းဆီ
အို...ပြည်သူ့သွေး
စွေးစွေးထုံထုံ
မာန်ဟုန်ပြင်းပြင်း
မွှေးဘိခြင်းလေ
လင်းယုန်စောင့်ရှောက်စေတကား။
ရဲဲရဲနှင်းဆီ
လင်းယုန်ရွှေရွှေ
စုန်လေတိုက်တိုက်
ပျံလိုက်လေဆန်
တောင်ပံတစ်ခတ်
အနာဂတ်သို့
မြတ်သောမြစ်ဆီနှင်တကား။
လင်းယုန်ရွှေရွှေ
ရေမြစ်စီးသွင်
လွင်ပြင်ဖြတ်သန်း
ကမ်းရိပ်ညိုညို
မိုးခိုခဲ့သေး
ရန်သူ့ဘေးက
လေးမြားညှို့သံညံတကား။
ရေမြစ်စီးသွင်
မြားမြီးတံကျင်
စွဲငင်လေးကိုင်း
သမိုင်းသားကောင်
တောတောင်ချောက်ချား
မုဆိုးအားလျှင်
တရားဓမ်မံမဲ့တကား။
မြားမြီးတံကျင်
ဓမ္မံစည်းပြယ်
ကြယ်ကန္တာရ
သေနာ့*တစ္ဆေ
မိုးရေခါးသော
အာဏာတောမှာ
လောကမီးတောင်ပေါက်တကား။
ဓမ္မံစည်းပြယ်
မီးတောင်ပြာမှုန်
ဂဠုန်မီးရှို့
ပသို့ပင်လယ်
ဘယ်မှာလောင်ကျွမ်း
ဇာတ်သိမ်းခန်းလည်း
ပန်းကြာရေဝေးဘိတကား။
မီးတောင်ပြာမှုန်
ကြာပန်းငိုက်ငုံ
အရုဏ်မသောက်
မနှောက်လေပြည်
မကြည်မည်းအုံ့
ဦးမငုံ့ဘူး
တုန့်ပြန်တိုက်ခိုက်သည်တကား။
ကြာပန်းငိုက်ငုံ
တိုက်ခိုက်တုန့်ပြန်
တော်လှန်နွေဦး
ကူးစက်အနီ
ပြည်သူရဲ့အား
နှလုံးသားမှာ
ဓားကိုဉာဏ်စောင့်ချေတကား။
တိုက်ခိုက်တုန့်ပြန်
သူပုန့်ဓားရောင်
လျှပ်မှောင်အပြက်
လက်ခနဲကြယ်
ကြွေရွယ်ထိုးစိုက်
မိစ်ဆာသိုက်အား
ည၌အောင်ပွဲခံသည်တကား။
တစ်ကြောင်းတစ်ဂါထာ
တစ်ကဗျာတစ်ပုဒ်ဆန်း
မွေးနေ့ကျမ်းစာ
ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစီ
ဒေါ်အောင်ဆန်းစုကြည်
အမြန်လွတ်မြောက်ပါစီ။ ။
အောင်ဝေး
(ဇွန် ၅၊ ၂၀၂၅)
ဒေါ်အောင်ဆန်းစုကြည်အသက်(၈၀)
ပြည့်မွေးနေ့ကိုရည်ညွှန်း၍စာကြောင်းရေ
(၈၀)ဖြင့်ရေးဖွဲ့ထားပါသည်။
* သေနာ(ပါဠိ)=စစ်တပ်
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar