မောင်လူမွှေး - အနုပညာသမား လူငယ်တွေ
မောင်လူမွှေး - အနုပညာသမား လူငယ်တွေ
မိုးမခ ၊ ဇွန် ၁၉ ၊ ၂၀၂၅
မောင်လူမွှေးဟာ စာရေးခါစက ကဗျာတွေ ရေးတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ကဗျာစာအုပ်တစ်အုပ်တောင် ထုတ်လိုက်သေးတယ်။ ကဗျာစာအုပ်ထွက်ပြီး မကြာမီမှာပဲ မောင်လူမွှေးဟာ ကဗျာပါရမီနည်းတယ်ဆိုတာ ကိုယ့်ဟာကိုယ် သိတော့တယ်။ မောင်လူမွှေးဟာ ကဗျာတွေ မရေးတော့ပေမယ့် ကဗျာဆရာတွေနဲ့ပဲ ပေါင်းသင်းတယ်။ ကဗျာဆရာ အများစုဟာ အမှန်တရားကို ချစ်မြတ်နိုးကြတယ်။ ဒီတစ်ချက်နဲ့တင် သူတို့ပေါင်းရတာ တန်နေပြီ ဖြစ်တယ်။
ခုတော့ မောင်လူမွှေး ချစ်တဲ့ ညီငယ် ကဗျာဆရာတွေဟာ တော်လှန်ရေးနယ်မြေမှာ တာဝန်တွေထမ်းဆောင်နေကြတယ်။ ထောင်ထဲ ရောက်သူတွေလည်း ရောက်နေတယ်။ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေသူတွေက ဦးဆောင်နေကြတယ်။ ထောက်ပို့လုပ်သူက လုပ်နေကြတယ်။ ကျောင်းဆရာလုပ်သူက လုပ်နေကြတယ်။
ကဗျာသမား လူငယ်တစ်စုအကြောင်းကတော့ အမှတ်တရပါပဲ။ စစ်အာဏာမသိမ်းခင် တစ်ရက် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ညီငယ်ကဗျာဆရာတစ်ယောက်ရဲ့ စာအုပ်ထွက်လာလို့ မိတ်ဆက်ပွဲ၊ ကဗျာရွတ်ပွဲ လုပ်ကြတယ်။ မနက်ပိုင်း လက်ဖက်ရည်ဆိုင်မှာ၊ ညပိုင်းစားသောက်ဆိုင်မှာ လုပ်ကြတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မနက် ဆယ့်တစ်နာရီထိုးထိ ကဗျာသမား လူငယ်တစ်စုဟာ စစ်တပ်က အာဏာသိမ်းမှန်း မသိသေးဘူး။ လက်ဖက်ရည်ဆိုင်ထွက်ထိုင်မှ အာဏာသိမ်းမှန်းသိကြတော့တယ်။ မနက် ၁၁ နာရီထိ စစ်တပ်က အာဏာသိမ်းမှန်း မသိခဲ့တဲ့ ကဗျာဆရာ လူငယ်တစ်စုဟာ လက်ရှိအချိန်မှာတော့ စစ်အာဏာရှင်ကို တော်လှန်နေကြတယ်။
နောက် ဓာတ်ပုံရိုက်တာကို ရူးသွပ်တဲ့ ညီငယ်လေးတစ်ယောက်ဟာလည်း လက်ရှိအချိန်မှာတော့ မိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေတယ်။ ပန်းချီဆွဲတဲ့ ညီငယ်တစ်ဦးဟာ သပိတ်အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေတယ်။ သီချင်းရေးတဲ့ လူငယ်တွေ၊ ကဗျာရေးတဲ့လူငယ်တွေ၊ ပန်းချီဆွဲတဲ့ လူငယ်တွေ၊ ဓာတ်ပုံရိုက်တဲ့ လူငယ်တွေ၊ ဝတ္ထုရေးတဲ့ လူငယ်တွေ တော်လှန်ရေးနယ်မြေမှာ များစွာရှိကြတယ်။
တော်လှန်ရေးနယ်မြေမှာ ရောက်နေတဲ့ အနုပညာသမား လူငယ်တွေဟာ ပေါပေါတောတော အနုပညာသမားတွေ မဟုတ်ကြဘူး။ လေးနက်တဲ့ ခံယူချက်ရှိသူတွေ ဖြစ်တယ်။ ရေပေါ်ဆီ အနုပညာသမားတွေ မဟုတ်ကြဘူး။ ပြည်သူနဲ့ တသားတည်းရှိတဲ့ အနုပညာသမားတွေ ဖြစ်တယ်။ သူတို့ဟာ ဓမ္မဘက်တော်သားတွေ ဖြစ်တယ်။ အမှန်တရားကို ချစ်မြတ်နိုးသူ ဖြစ်တယ်။
တော်လှန်ရေးကို အားသွန်ခွန်စိုက် လုပ်နေကြရတော့ တော်လှန်အနုပညာသမားလူငယ်တွေဟာ အနုပညာအလုပ်ကို သူတို့ ဆန္ဒရှိသလောက် အားသွန်ခွန်စိုက် မလုပ်နိုင်ကြဘူး။ ဒီအထဲကမှ ပန်းချီတွေ၊ သီချင်းတွေ၊ ကဗျာတွေ၊ စကားပြေတွေ ထွက်ဖြစ်အောင် ကြိုးပမ်းကြတယ်။ ဒီလိုအနုပညာတွေ ထွက်လာတဲ့အခါ ပြည်သူတွေအနေနဲ့ အားပေးကြပါလို့ မောင်လူမွှေး တိုက်တွန်းချင်တယ်။
ခု ဇွန်လထဲမှာပဲ PLA ရဲ့ စစ်သင်တန်းကျောင်းအုပ်၊ အဝါရောင်ဆေးသားများ ရွေ့လျားစာကြည့်တိုက်ရဲ့ ပဲ့ကိုင်ရှင် ကဗျာဆရာ ညီလင်းခ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။ ကဗျာဆရာ ခက်သီ၊ ကဗျာဆရာ ကေဇဝင်းတို့ဟာ စစ်အာဏာရှင်ကို အသက်ပေး အန်တုသွားတဲ့ သူရဲကောင်းတွေဖြစ်တယ်။ ကဗျာဆရာ အေစိုင်းကေဟာလည်း တော်လှန်ရေးကာလဦး တောတွင်းတစ်နေရာမှာ ကျဆုံးခဲ့ရတယ်။ ကဗျာဆရာ လူဖန်ခါး အပါအဝင် စစ်အာဏာရှင်ရဲ့ အကျဥ်းချထားခြင်းခံနေရတဲ့ ကဗျာဆရာ မျိုးဆက်တွေ အများကြီးရှိနေတယ်။
တော်လှန်ရေးမှာ ပါဝင်ပြီး ပြည်သူတွေနဲ့အတူ ဆင်းရဲဒုက္ခခံကာ အန္တရာယ်ကြားမှာ ရှင်သန်ရုန်းကန်ကြတဲ့ အနုပညာသမားတွေကို မောင်လူမွှေးဟာ ချစ်ခင်တန်ဖိုးထားသလို လေးလည်း လေးစားတယ်။
နောင်တစ်ချိန်မှာ အဲဒီအနုပညာရှင်မျိုးဆက်တွေဆီကနေ ကမ္ဘာက အသိအမှတ်ပြုရတဲ့ ကဗျာတွေ၊ ဝတ္ထု၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတတွေ အပြိုင်းအရိုင်း ထွက်ပေါ်လာကြ လိမ့်မယ်လို့လည်း မျှော်လင့်မိတယ်။ ဒီတစ်ပတ် မောင်လူမွှေးရဲ့ စာကိုတော့ တောလှန်လူငယ် ကဗျာဆရာ မိုးအိမ်သစ်ရဲ့ " ဒီဇင်ဘာ ရေဒီယို" ဆိုတဲ့ကဗျာတစ်ပုဒ်နဲ့ နိဂုံးချုပ်လိုက်ချင်တယ်။
'' ဒီဇင်ဘာရေဒီယို ''
- ဖြစ်နိုင်ရင်
မင်းရဲ့ မျက်ရည်ခံမှဲ့လေး ဖြစ်ချင်တယ်
- ဆက်၍
မင်းရဲ့ အဝါရောင်ဆွယ်တာလေးလည်း ဖြစ်ချင်ပါတယ်
- ခေတ်ပျက်ဆောင်းထဲ
မင်းအကြောင်း မြူတွေကိုပဲ
ငါ တမ်းတ မက်မောနေရတယ်
- မင်းက
ငါ့ရင်ကို နွေးစေတဲ့
ထင်းကလေး တချောင်းပါ
- စစ်ကြောင်းထဲ
အချစ်တကြောင်း ထည့်ဖွဲ့ရင်လည်း
အပြစ် မဖြစ်ဘူး မဟုတ်လား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar