တအာင်းပြည်ကောင်စီ ဖွဲ့စည်းခြင်း အပေါ် NUCC က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာနဲ့ ရှမ်းပြည်ရဲ့ ရှုပ်ထွေးတဲ့ နောက်ခံ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၈ မြင်ကွင်း
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၅
တအာင်းပြည်ကောင်စီ ဖွဲ့စည်းခြင်း အပေါ် NUCC က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာနဲ့ ရှမ်းပြည်ရဲ့ ရှုပ်ထွေးတဲ့ နောက်ခံ
တအာင်းပြည်ကောင်စီ Ta’ang Land Council ဖွဲ့စည်းကြောင်း ယခုလ ၉ ရက်နေ့နေ့စွဲနဲ့ ကြေညာခဲ့ပြီးနောက် NUCC က အခုလို တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်းခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
NUCC လို့ အတိုကောက်ခေါ်ဆိုတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဟာ နွေဦးတော်လှန်ရေး အစပိုင်းမှာ နယ်ပယ် ၅ ခုမှ နိုင်ငံရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားပြီး ယေဘုယျအားဖြင့် အမျိုးသားညီညွတ်ရေး အစိုးရကို တာဝန်ခံတဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့လို့ နားလည်ကြပါတယ်။ NUCC ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲက ရွေးကောက်ခံကိုယ်စားလှယ်တွေ နဲ့ ဖွဲ့ထားတဲ့ CRPH၊ နိင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်နဲ့ လူနည်းစုအဖွဲ့အစည်းများ အရပ်ဖက်အဖွဲ့အစည်းများနဲ့ လူထုလှုပ်ရှားမှု သပိတ်အဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ လူမျိုးကိုယ်စားပြု အဖွဲ့အစည်း/ကောင်စီ တွေနဲ့ ဖွဲ့စည်းထားတဲ့ မူဝါဒချမှတ်တဲ့ အဖွဲ့အစည်းလို့ ယေဘုယျ နားလည်ရပါတယ်။
NUCC ထဲမှာ တိုင်းရင်းသားဒေသတွေက ကြားကာလ အုပ်ချုပ်ရေးကောင်စီတချို့လည်း ပါဝင်နေပြီး တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ TPCC ဆိုတဲ့အဖွဲ့က အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ရာက အခုအခါ တအာင်းပြည် ကောင်စီ ဖွဲ့စည်းလိုက်တဲ့အခါ TPCC ကိုယ်စား အသစ်ပေါ်ထွက်လာတဲ့ TLC က NUCC မှာ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်မယ် လို့လည်း ကြိုဆိုတဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
ယေဘုယျအားဖြင့် ဆိုရင် NUCC ဟာ ဗမာနဲ့ တိုင်းရင်းသား နိုင်ငံရေးအင်အားစု အားလုံး ပါဝင်တဲ့ တပ်ပေါင်းစု အဖွဲ့သဖွယ် ရည်ရွယ်ဖွဲ့စည်းထားကြတာ ဖြစ်ပေမယ့် အားလုံးပါဝင်နိုင်ခြင်း မရှိတဲ့ အနေအထားက လက်တွေ့ ပကတိ အခြေအနေလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရှမ်း၊ ရခိုင် ကချင်၊ ကရင်၊ ရှမ်းနီ၊ လားဟူ အစရှိတဲ့ လူမျိုးတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေတော့ ပါဝင်ခြင်း မရှိသေးတာတွေ့ရပါတယ်။ အချို့သော အဖွဲ့အစည်းအမည်တွေကို လုံခြုံရေးအရ ဖေါ်ပြကြေညာခြင်း မရှိဘူးလို့လည်း NUCC ရဲ့ Facebook စာမျက်နှာမှာ ကြေညာထားပေမယ့် ဘယ်လူမျိုးစုတွေ လဲဆိုတာ အတိအကျ မသိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
NUCC ထဲမှာ အဖွဲ့ဝင် ပါဝင်တဲ့ ကိုယ်စားပြုအဖွဲ့၊ လူမျိုးတွေကို ဘာကြောင့် အသေးစိတ် ရေးသားနေရသလဲ ဆို NUCC ရဲ့ ကိုယ်စားပြုမှု အနေအထားကို သတိပြုမိဖို့ ရည်ရွယ်တာကြောင့် ဖြစ်ပါတယ်။ အခု တအာင်းပြည်ကောင်စီ ဖွဲ့စည်းတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်ကို ကြိုဆိုကြသူတွေ ရှိသလို ဝေဖန် ထောက်ပြကြသူတွေလည်း အများအပြားရှိတာတွေ့ရလို့ ဖြစ်ပါတယ်။
ရှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက NUCC ရဲ့ ထုတ်ပြန်ချက်အောက်မှာ မှတ်ချက်ပေးထားရာမှာ “NUCC အနေနဲ့ “ဖက်ဒရယ်ရှမ်းပြည်နယ်စနစ်အတွင်း ရှမ်းအများစုလူမျိုးများ၏ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို ဖယ်ထုတ်ခြင်းဖြင့် မူဝါဒအမှားကြီးတစ်ခုကို ကျူးလွန်လိုက်ပါသည်” လို့ မှတ်ချက်ချပြီး ရှမ်းပြည်နယ်နဲ့ ပတ်သက်ရင် ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ SSPP, RCSS, SNLD နဲ့ CSSU တို့ရဲ့ ရပ်တည်ချက် အထူးသဖြင့် Committee of Shan State Unity ရဲ့ ကြေညာချက်မူဝါဒတွေနဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြထားတာ ဖြစ်ပါတယ်။ CSSU ရဲ့ မူဝါဒက Federated Shan State လို့ ရည်ညွှန်းခေါ်ဆိုတဲ့ ရှမ်းပြည်နယ် နိုင်ငံရေးစနစ်ထဲမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေ အတူယှဥ်တွဲနေထိုင် တဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ပြည်ထောင်စု စနစ်ဆိုတာနဲ့ ဆန့်ကျင်နေတယ်လို့ ဝေဖန် မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။
တအာင်းပြည်ကောင်စီ ဖွဲ့စည်းတာ မတိုင်ခင်၊ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ချင်းပြည်နယ်မှာ ချင်းလန်းကောင်စီ အစရှိတဲ့ တိုင်းရင်းသား အုပ်ချုပ်ရေးကောင်စီတွေ ဖွဲ့စည်းခဲ့ကြတာ ရှိပြီး ဘာကြောင့် အခုလို တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်းတာကို ဝေဖန်ကြတာလဲလို့ မေးစရာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ချင်းလန်းကောင်စီ တို့ရဲ့ နောက်ခံ အခြေအနေနဲ့ ရှမ်းပြည်နယ်ထဲက လူမျိုးစု အမျိုးမျိုး ရော ယှက်နေထိုင်နေကြတဲ့ အနေအထား၊ သမိုင်းကြောင်း နောက်ခံ၊ နယ်မြေစိုးမိုးအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပွတ်တိုက်မှုတွေကို NUCC အနေနဲ့ ကောင်းစွာနားလည် ဖို့ ရည်ရွယ်ပြောဆိုတဲ့ သဘောလို့ ယူဆရပါတယ်။
တအာင်းပြည်ကောင်စီ ကြေညာလိုက်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေ ဖြစ်မလဲဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတဲ့ အနေအထားဖြစ်ပြီး TNLA က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းယူထားတဲ့ မြို့တွေအားလုံးရဲ့ အုပ်ချုပ်ရေးကို TLC အောက်မှာ ထားတော့မလား၊ တနည်းအားဖြင့်ဆိုရရင် ဒီနယ်မြေတွေဟာ တအာင်းအုပ်ချုပ်မယ့် နယ်မြေတွေအဖြစ် လူသိရှင်ကြား တရားဝင်အောင် ကြေညာတဲ့ သဘောလား ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။
လက်ရှိ အနေအထားမှာလည်း TNLA နဲ့ KIA တို့အကြား နယ်မြေစိုးမိုးမှုနဲ့ ပတ်သက်ပြီး အောက်ခြေမှာ ပွတ်တိုက်မှုတွေ၊ အငြင်းအခုံတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ကွတ်ခိုင်၊ နမ့်ဖတ်ကာ တို့မှာ လက်နက်ကိုင် ၂ ဖွဲ့အကြား ပွတ်တိုက်မှု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ TNLA နဲ့ တင်မကပဲ လက်ရှိမှာ MNDAA ကိုးကန့် လက်နက်ကိုင် အဖွဲ့နဲ့ SSPP/SSA အကြားလည်း မကြာသေးခင်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုရက်ပိုင် ၃ဖက်ခေါင်းဆောင်တွေ လူချင်းတွေ့တွေ့ဆုံ ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လူမျိုးစု အများအပြား နေထိုင်နေကြပြီး လူမျိုးစုအလိုက် လက်နက်ကိုင် အဖွဲ့တွေ အသီးသီး ရှိနေကြကာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ စစ်ရေးအရ သိမ်းယူနိုင်တဲ့အပေါ်မူတည်ကာ နယ်မြေစိုးမိုးမှု အနေအထား ကြီးကြီးမားမား ပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် မြောက်ပိုင်း ညီနောင် ၃ဖွဲ့မှာ ပါဝင်တဲ့ ကိုးကန့်နဲ့ TNLA လက်နက်ကိုင် ၂ ဖွဲ့က နယ်မြေအများအပြား တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး အဆိုပါ သိမ်းယူနိုင်တဲ့နယ်မြေတွေကို ၄င်းတို့ရဲ့ အုပ်ချုပ်ရေး တည်ဆောက် အုပ်ချုပ်ကြတဲ့အခါ အုပ်ချုပ်ခံ အခြားသော လူမျိုးစုတွေ အနေနဲ့ အခွန်အကောက်၊ တပ်သားသစ် စုဆောင်းမှု စတဲ့အပေါ်မှာ မကျေနပ်မှုတွေ မကြေလည်မှုတွေ ထွက်ပေါ်လာတဲ့ အဖြစ်အပျက်တွေလည်း ကြားသိနေရပါတယ်။
ရှမ်းပြည်လို လူမျိုးစုတွေ အများအပြား နေထိုင်ခဲ့ကြတဲ့ သမိုင်းကြောင်းရှိတဲ့ နယ်မြေမှာ စစ်အင်အားနဲ့ သိမ်းယူထားတာထက် နိုင်ငံရေးအရ၊ သမိုင်းကြောင်းအရ နေထိုင်မှု၊ လွတ်လပ်တဲ့ အခြေအနေမျိုးမှာ လူထုရဲ့ ဆန္ဒသဘောထား ခံယူမှု စတဲ့နည်းလမ်းတွေနဲ့ သတ်မှတ်အုပ်ချုပ်ကြဖို့က ဖြစ်သင့်တဲ့ အခြေအနေ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်မယ့်အဖြေ ဖြစ်ပါတယ်။
အခုလက်ရှိအချိန်မှာ လက်ဦးမှုဖြစ်စေ၊ ပြည်မလို့ ခေါ်တဲ့ လူများစု ဗမာလူမျိုး အများစုဖြစ်တဲ့ စစ်တပ်ကဖြစ်စေ စစ်အင်အားကို အားကိုးပြီး အုပ်ချုပ်ကြ၊ တရားဝင်တယ်လို့ သတ်မှတ်ပြောဆိုကြတာတွေဟာ အနာဂတ်ကို မရေမရာ ဖြစ်စေ၊ ပဋိပက္ခဟောင်းထဲက ထွက်ပြီး ပဋိပက္ခအသစ်ထဲနောက်ထပ် ဝင်ရောက်မယ့် အခြေအနေမျိုးသာ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar