Breaking News

မောင်ဘဦး - ဆော့ပါဝါ နှင့် ဟာ့ပါဝါ

မောင်ဘဦး - ဆော့ပါဝါ နှင့် ဟာ့ပါဝါ

မိုးမခ ၊ ဇွန် ၄ ၊ ၂၀၂၅


"ဟိုတုန်းက နောက်ချေးနဲ့ အိုင်ဗွက်၊ စတိုင်ပျက်လှသည့် ကျေးလက်-ရာရယ်။ အမေစုလက်ထက် ကွန်ကရစ်လမ်းများနှင့် တင့်တင့်တယ်။"

"ဟိုတုန်းက စပါးခွံဖွဲ မီးစက်၊ မီးခွက်နဲ့ မှန်အိမ်။ အမေစုလက်ထက် လျှပ်စစ်မီး ထိန်ထိန်ညီးသည့် ကျေးလက်-ရာရယ်က ငါတို့အိမ်။"

"အမေစုလက်ထက်မှာ ကွာခြားမှု တဖြည်းဖြည်းချင်း နည်းပါးလာသည့် တောနေလူတန်းစားနှင့်၊ မြို့နေလူတန်းစား။ မိ မစစ်- ဖ မစစ်ကောင်တွေကြောင့် ပို၍ ကွဲပြားသွားရလေခြင်း။"

စစ်အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း၊ ကျေးလက်-ရာရယ်မှာ နေလိုက်၊ မြို့ပြ-အာဘန်ကို ပြေးလိုက်ဖြင့် မောင်ဘဦးတစ်ယောက် ရပ်ကြီးသူ-မြို့ပြသို့ ရောက်ရပြန်သည်မှာ ၃ကြိမ်၃ခါ မြောက်လေပြီ။

အညာတခွင် ရမ်းသမ်းပစ်ခတ်‌နေသည့် လက်နက်ကြီးရှောင် ခေတ္တ'အာဘန်'ရောက်၊ မောင်ဘဦးတစ်ယောက်၊ ဒီကနေ့မနက်တော့ လမ်းလျှောက်ထွက်ရသည်မှာ မကောင်း။ ကလေးကျောင်းပို့တွေနှင့် တလမ်းလုံး ရှုပ်နေလို့ဖြစ်သည်။

လမ်းလျှောက်ရာ လမ်းကြောင်းကလည်း၊ မြို့၏ အရှေ့မြောက်ဘက် တီတီစီ ခေါ် ဆရာအတတ်သင်ကျောင်း၊ ၎င်း‌ဘေး ကွမ်းယာဆိုင်မှ တောင်သို့တက်၊ ပရိုက်ဘိတ်-ကိုယ်ပိုင်အထက်တန်းကျောင်း၊ ၎င်းမှ ဆက်၍သွား၊ အစိုးရအထက်တန်းကျောင်းအပြင်၊ ၎င်းမြောက်ဖက်တွင် မူလတန်းကျောင်းလေးပါ ရှိနေ၍၊ ကလေးလက်ကိုဆွဲကာ ခြေလျင်ဖြင့် တမျိုး၊ ဆိုင်ကယ်,ကားများဖြင့်တဖုံ၊ ကျောင်းလိုက်ပို့သည့်မိဘမျိုးစုံ အသကုန် ရှူပ်ရှက်ခပ်နေသည့်အပြင်၊ ကလေးတစ်ယောက်စာ ဝင်နှိုင်ရုံသာ ဖွင့်ဟ,ထားသော သံတံခါးပေါက်လေးဆီသို့ အပြေးအလွှား ခုန်ပေါက်ပြေးသွားကြသည့် ကလေးများကိုပါ ရှောင်ရှားရသည်။

သည်ကြားထဲ၊ တပတ်ကျော်၂ပတ်နီးပါး နေ့ရောညပါ သွန်ချလိုက်သည့်မိုးကြောင့် အိုင်ထွန်းနေသည့် ရွှံ့ဗွက်တွေကိုလည်း ကွင်းရှောင်ရပြန်သေးသည်။

တီတီစီကျောင်း၏ အလယ်တန်းကျောင်းဝင်ပေါက် ရှေ့တွင်၊ ရှေးယခင် အောင်ချမ်းသာ မြို့သစ်ထဲက အန်အယ်ဒီခရိုင်ရုံး၊ ၎င်းရုံးတွင် နေ့စဉ်လိုလို တွေ့မြင်နေကျ ပုဂ္ဂိုလ်တစ်ဦးကို၊ ကျောင်းရှေ့ အစီအရီ ရပ်ထားသော ကားတန်းပေါ်တွင် လှမ်းမြင်လိုက်ရသည်။ ၎င်း၏ မြေးဖြစ်ဟန်တူသည့် ကလေးကား ကျောပိုးအိတ်ကို ရင်ပတ်ရှေ့မှာ လွယ်ပိုးထားကာ ပါးစပ်ကမုန့်စားရင်း ကားပေါ်မှ ပျာရိပျာယာဆင်းလျှက် ကျောင်းဂိတ်‌ပေါက်ဖက်ဆီသို့ ပြေးဝင်သွားသည်ကို တွေ့မြင်လိုက်ရသည်။

နံနက်ခင်း အစားအစာ၊ အရုဏ်-ဘရိတ် မဖတ်ရသေးငြား၊ ရင်ထဲမှာကား အစာမကြေချင် သလိုလို။

ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တွင်မူ၊ ကျေးရွာ ပကဖ၏ အစ်မ၊ ကျေးရွာရှိ အရောင်းရဆုံးသော ကုန်စုံဆိုင်ကြီးမှ ဟွန်ဒါဖစ်ကားလေးကို တွေ့ရသည်။ ကားပေါ်မှ ကလေး၂ယောက်သည်လည်း ကျောပိုးအိတ် ကိုယ်စီ၊ သောက်ရေနှင့် ထ္မင်းဗူးပါ ပလပ်စတစ်ခြင်းကိုယ်စီဖြင့် ကျောင်းဂိတ်ပေါက်သို့ ပြေးဆင်းသွားကြလေသည်။ သူတို့ကိုတော့ ဂိတ်ဝမှ အသင့်စောင့်နေသော ဆရာမလေး ၂ယောက်က ခြင်းတောင်းလေးများကို လှမ်းယူ ကြိုဆို၍ ကျောင်းအတွင်းသို့ ခေါ်ဆောင်သွားသည်ကို မြင်နေရသည်။

ခွေးအချိတ်အဆက်နှင့် ရခစခန်းမှ သိမ်းထားသော ကားများကို ဝယ်ရောင်းလုပ်နေသော၊ ဒေသခံအဖွဲ့အစည်းကို ငွေကြေးပေး ကာဗာယူထားသည့်၊ 'အာစရိ' ဆိုသူကိုလည်း ကိုယ်ပိုင်ကျောင်း‌ရှေ့တွင် တိုယိုတာအင်ဆိုက် ဟိုက်ဘရစ် ကားနှင့် ကလေးကျောင်းလာပို့သည်ကို တွေ့လိုက်ရသည်။

သည်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်၊ 'ပင်စင်နီးလို့ စီဒီအမ် မဝင်တော့ပါဘူး' ဆိုသည့်၊ ယခု ပင်စင်စား မူ-အုပ်မိတ်ဆွေတစ်ယောက် လခ  ၃ သိန်းကျော် ၄ သိန်းဖြင့် ဝင်လုပ်နေသည်ဟု ကြားသည်။ သူ့ကိုများ တွေ့လိုတွေ့ငြား၊ သမင်လည်ပြန် လှည့်ကြည့်ရင်း လမ်းဆက်လျှောက်နေမိသည်။

ခု‌နေအချိန်ဆိုလျှင် အညာ‌မြေ-'ရာရယ်'တွင်ဆီမှာတော့၊ စစ်အာဏာ မသိမ်းမီလေးကမှ လယ်အုပ်ရာထူးတိုးကာစ၊ မြို့-'အာဘန်'မှ နန်းစီဒင် ကျောင်းအုပ်ကြီး။ ၎င်း၏ နန်းရော, မနန်းပါ ဆြာဆြာမလေးတွေ။ ပြီးတော့ နန်းသလား မနန်းသလား တိတိကျကျ ရေရေရာရာ အဖြေရှာမရသည့် ကျေးရွာမှ အထွေထွေလုပ်သား။ သူတို့တတွေတော့ ကျောင်းလခတွေ ဘယ်လိုထုတ်၍ ဘာတွေလုပ်နေကြလေမည် မသိ။

လမ်းလျှောက်ရင်းက မဆီမဆိုင်၊ ပေါင်းမြက် ချုံ, ဂျပ်တယ်ဘုတ်တွေ ဖားဖားဝေကာ တောထ,နေသော၊ အညာမြေ-'ရာရယ်'ဆီက 'အ.လ.က ကျောင်းလေး ကိုပင် ပြေးမြင်မိသေးတော့။

ဟိုဖက်တလမ်းကျော် အစိုးရအထက်တန်းကျောင်းဖက်ဆီကိုတော့ လမ်းဆက်လျှောက်မနေတော့။ မတွေ့လိုမမြင်လိုသည်များကို တွေ့မြင်နေရဦးမည်ကြောင့် ဖြစ်သည်။ မနှစ်က နုကြည်ကျောင်းက ကျောင်းသူတစ်ယောက် သည်ကျောင်းမှာ ဂရ်တ်တွဲ လာဖြေသည်တဲ့ လေ။ သည်နှစ် နုကြည်ဆီက တော်တော်များများ သည်ကျောင်းကို ပြောင်းထားကြတယ် ဆိုလား။

လမ်းလျှောက်ဖို့ကလည်း၊ ကျောင်းဟိုဘက်ထိပ် သည်ဘက်ထိပ်၊ စာသင်ခုံတွေ ချကာ လမ်းပိတ်ထား၍ ကွေ့ကာကွင်းကာလည်း သွားရလိမ့်မည်။ အိမ်ရောက်ဖို့က နောက်ထပ်ရပ်ကွက် ၂ ခုကို ကျော်ရဦးမည်။ သည်လိုဆို ကိုးနာရီကျော် ဆယ်နာရီမှ အိမ်ပြန်ရောက်တော့မည်။ သည်လမ်းက မသွားတော့။

ပြီးတော့၊ ကလေးတွေ ကျောင်းတက်သည်နှင့် ဦးထုပ်ဖြူ၊ ငပျူများက ဆိုင်ကယ်ကားတွေကို၊ တားကာဆီးကာ ပိတ်ဆို့ကာဖြင့် ဇွတ်အတင်း အဓမ္မ၊ ငွေညှစ်ကြတော့မည်။ ငွေညှစ်ဖို့ကိုလည်း တရားဝင်အမိန့်စာ ထွက်ရှိပြီးသွားပြီ။ ခါးပတ်မပတ်တာ၊ ဆိုင်ကယ်ဦးထုပ်မပါတာ၊ ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင် မပါတာ၊ နံပါတ်ပြား ရွှံ့တွေ ပေပွနေတာ၊ ဘာညာ ဘာညာ၊ ဒဏ်ကြေးမှာ ဘယ်၍ ဘယ်မျှ။ စာမထွက်ခင်ကတည်းကလည်း သင်းတို့လိုချင်သည်ဆိုလျှင် ကား၊ စကူဘီဆိုင်ကယ်၊ စမတ်ဖုန်း၊ စမုန်တုံး လက်စတုံးပြီးသား။

သည်တော့ လမ်းတွေ ပိုရှုပ်တော့မည်။ သည့်ထက်၊ ကွေ့ကာဝိုက်ကာ ရှောင်ကာပတ်ကွင်း၊ တဗျင်းဗျင်း ဟဲကာ လှည့်ပတ်မောင်းကြရရှာလေသော ဆိုင်ကယ်ကားတို့၏ တိုက်မိခိုက်မိမည့်ရန်က ပိုများလှသည်။ မူလတန်း ကျောင်းလေးဘေး ရဲစခန်းဟောင်း ဘောလုံးကွင်းကနေ ဖြတ်သွားတော့မည်။

"ဆရာကြီး၊ ဒီနေတာလား"

"ဟုတ်တယ်၊ ရွာမှာ စကစ ရမ်းပစ်တဲ့ လက်နက်ကြီးကျလို့ ရွာသူရွာသားတွေ သေကြရ ကတည်းက ဒီရွှေ့လာတာ...။"

"ကလေးကျောင်းပို့လား။ ကျောင်းက နေ့တဝက်လား၊ တနေကုန်လား။"

"ကလေး ကျောင်းလိုက်ပို့တာ။ တနေကုန်တဲ့။ မနက် ၉ နာရီကနေ ညနေ ၃ နာရီထိ။ နေ့လယ် ၁၂ ကျတော့ ထမင်းစားကျောင်း ဆင်းတယ်။" "ကိုယ်ပိုင်ကျောင်းက တလ ၃ သိန်းဆိုတော့ မအပ်နိုင်ဘူးလေ ဆရာ။ တီတီစီ ဆိုတာကတော့ တတ်နိုင်ရုံတင် မကဘူး၊ အဆက်က ရှိဦးမှလေ။"

ဝယ်နေကျ ဖောက်သည် ဆိုင်ကယ်မိုဘိုင်း ဈေးသည်မလေး၊ ကလေးကျောင်းလာပို့သည်နှင့် တွေ့ကြုံနှုတ်ဆက် စကားပြောဖြစ်ခဲ့၏။

ယခုနှစ် ဇွန်လ ၂ ရက် တနင်္လာနေ့က စ၍၊ စကစ ထိန်းချုပ်ထားသည့် မြို့ပေါ် တချို့စာသင်ကျောင်းတွေ ကျောင်းဖွင့်ကြပြီ။ သည်နှစ် လွတ်မြောက်နယ်မြေက ကျောင်းသူကျောင်းသားတချို့လည်း စကစလက်အောက်ခံ ကျောင်းတွေကို အရင်နှစ်တွေကထက် ပိုတက်ကြသည်။ တော်လှန်ရေးနယ်မြေထဲက နုကြည်ပညာရေးကျောင်းတွေက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေး။

ကျောင်းဖွင့်ကာလ မတိုင်မီလေးအတွင်းမှာပင် စစ်ကောင်စီက စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည်။ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမနှင့် ကျောင်းသူကျောင်းသား ၂၄ ဦး သေဆုံးခဲ့ရအပြီး၊ ကျောင်းသူကျောင်းသားတွေနှင့် ဆရာ၊ ဆရာမတွေ၏ အသက်အန္တရာယ် လုံခြုံရေးကြောင့် နုကြည်က ကျောင်းတွေကို ယာယီပိတ်ခဲ့သည်။ စကစနှင့် တော်လှန်ရေးအင်အားစုတွေ၏ ဆော့ပါဝါ-ပညာရေးအားပြိုင်ပွဲ၊ တိုက်ပွဲကြီး စ,ပြီထင့်။

စကစလက်အောက်ခံ ကျောင်းတွေက ကျောင်းဖွင့် ပညာသင်ကြားနေကြချိန်မှာ လွတ်မြောက်နယ်မြေ စာသင်ကျောင်းတွေက ပိတ်ထားကြရသည်။

တကယ်တော့၊ အင်ယူဂျီ ကြားကာလပညာရေးကျောင်းတွေမှာလည်း အခက်အခဲမျိုးစုံကြားက ရှင်သန်ဖူးပွင့်ခွင့်ရအောင် လူးကာလွန့်ကာ အားတင်းကာဖြင့် ခရီးနှင်နေကြရသည်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ကလေးမိဘများ အပါအဝင် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအဖို့၊ ပညာရေးနယ်ပယ်၌ စိတ်ဝင်တစား ပါဝင်မှုအား နည်းပါးလွန်းလှသည်။ ကလေးတွေ ပညာတတ်မြောက်ဖို့ နုကြည်ကိုချည်း ဆရာဆရာမတွေကိုချည်း မှီခိုမှု အားကြီးလွန်းလှသည်။

အမေစု ပြောခဲ့ဖူးသည့် 'ဟာ့ဒ် ပါဝါ နှင့် ဆော့ဖ် ပါဝါ။'

မြန်ပြည်သူသား အများစုတို့သည်ကား၊ ဟာ့ပါဝါကို ကိုးစားလွန်းလှသည်။ ဟာ့ပါဝါကို လက်ဝှေ့ပွဲ ဘောလုံးပွဲ ထိုင်ကြည့်သလို ကြည့်နေချင်တတ်ကြသည်။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲရမည့် ဆော့ပါဝါအင်အားကိုကား မေ့ကာထားသယောင်။

စစ်အာဏာရှင်အမြစ်ဖြတ်ရေးတွင် ကဏ္ဍမျိုးစုံ ပါဝင်နေပေသည်။ လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်းသာမက၊ လူမူဘဝ၊ အတွေးအခေါ်  စသည်ဖြင့် ဆော့ဖ်ပါဝါပေါင်း များလှစွာ ဤတော်လှန်ရေးကြီးမှာ ပါဝင်နေသည်။ နောက်ထပ် စစ်အာဏာရှင်မျိုး လက်မခံကြဖို့၊ လူသတ်လက်နက်ကိုင် စစ်အာဏာရှင်တွေအောက် နောက်နောင် မရောက်ဖို့က၊ တိုင်းပြည်၏ 'အဓိကသယံဇာတ'ဖြစ်သည့် အနာဂတ်ကလေးတွေ 'ပညာ'တတ်မှသာ ဖြစ်နှိုင်မည်။ လက်နက်ကိုင် တော်လှန်ရေး၌ပင်၊ တနှစ်ပြီးတနှစ် စစ်ပညာကျောင်းဆင်းအသစ်များ 'အသိပညာ'ကိုယ်စီဖြင့် သင်တန်းဆင်းနေကြသည်ပဲလေ။

မြန်ပြည်သူသားများအဖို့ အသိပညာတော်လှန်ရေး၊ လိုလေသေး က-ပြီ။

ထို အသိပညာတော်လှန်ရေးသည်ကား စစ်အာဏာရှင် အမြစ်ဖြတ်ရေးတွင်သာမက၊ ဆက်လက်ပြီး တည်ငြိမ်‌အေးချမ်းသည့် တိုးတက်သောနိုင်ငံတစ်ခု ဖြစ်သည်အထိ အခြေခံကျလှသည်။ ပြည်သူများအဖို့ ဤအချက်ကို သိမြင်သဘောပေါက် နားလည်ပြီး၊ ထဲထဲဝင်ဝင် ပါဝင်ကူညီရပေလိမ့်မည်။

ယခုအခါ အထွေထွေ ထိုးစစ်ကြီး စတင်တော့မည် ဖြစ်ကြောင်း အင်နျူဂျီက ကြေညာပြီးလေပြီ။ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ကိုလည်း နှိုးဆော်ထားလေပြီ။ မည်သို့မည်ပုံ ပူးပေါင်းပါဝင်ကြမည်နည်း။ အဓိကမှာ ပြည်သူပြည်သားများအဖို့ စစ်ဘေးဒဏ်ကို ကြိုတင် ရှောင်ကြရှားကြဖို့ထက်၊ စကစနှင့် တော်လှန်ရေးအင်အားစုတို့၏ ပညာရေးအားပြိုင်ပွဲတွင် ဆော့ပါဝါအနေနှင့် တခဲနက် ပါဝင်လာကြစေလို၍ ကြေငြာနေခြင်းလည်း ဖြစ်သည်။

ပြည်သူသာ အမိ၊ ပြည်သူသာ အဖ။ ပြည်သူသာ အဓိက။

ဤ၌ ဆိုလိုရင်းက၊ ကျေးလက်ရာရယ်ရော မြို့ပြအာဘန်ပါမကျန်၊ ဆော့ပါဝါ အသိပညာရေးကို နားလည်သဘောပေါက် လက်တွေ့လိုက်နာ ကျင့်သုံးကြခြင်းဖြင့်၊ တော်လှန်ရေးကြီးထဲသို့ ထဲထဲဝင်ဝင် ပါဝင်ကူညီကြကာ၊ အမိအဖ ပီသကြဖို့ ဖြစ်ပါ‌ပေသတည်း။

- စစ်ကောင်စီအတွက် ဒေါက်တိုင်မှန်သမျှ ဘွိုင်းကောက်ကြ။

- တော်လှန်ရေးကြီး မုချအောင်မြင်ရမည်။

သုခိတာ ဟောထ၊ အိမ်ပြန် မျက်နှာပန်းလှကြစေ။

မောင်ဘဦး (၁၃၈၇၊ ယုန်-ဆန်း၉)




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar