Breaking News

လက်နက်ကိုင် တိုက်ပွဲ သတ်ဖြတ်မှုတွေနဲ့ နိုင်ငံတခွင်က သတင်းအဖြစ်အပျက်များ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၃ မြင်ကွင်း

(မိုးမခ) ဇွန် ၄၊ ၂၀၂၅


လက်နက်ကိုင် တိုက်ပွဲ သတ်ဖြတ်မှုတွေနဲ့ နိုင်ငံတခွင်က သတင်းအဖြစ်အပျက်များ

သတင်းမီဒီယာ အသီးသီးမှာ ဖေါ်ပြနေကြတဲ့ နေ့စဥ်သတင်းတွေကို ဖတ်ရှုနားဆင်ကြည့်ရာမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ရှမ်းမြောက်ဒေသမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အနက်က တဖွဲ့ဖြစ်တဲ့ SSPP/SSA တပ်တွေကို MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့ကကြားဖြတ်တိုက်ခိုက်ရာမှာ MNDAA ဘက်က တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ SSPP/SSA က ကြေညာတဲ့ သတင်း၊ စစ်ကောင်စီတပ်တွေ လအတန်ကြာ ကင်းစင်ခဲ့တဲ့ ဖားကန့်မြို့ကို အင်အားရာဂဏန်းခပ်များများ အင်အားရှိတဲ့ စစ်ကောင်စီ စစ်ကြောင်း ဖားကန့်ကို ဦးတည်ပြီး တက်လာခဲ့ရာမှာ ယခုရက်ပိုင်းအတွင်း လုံးခင်းကနေ ဖားကန့်မြို့ဆီရောက်ရှိလာတဲ့ သတင်း၊ ကရင်ပြည်နယ်ဘက်မှာတော့ KNU/KNLA က ဒေါနတောင် အရှေ့ဘက် နယ်စပ်တလျှောက်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ စခန်းတွေ တခုပြီးတခု သိမ်းယူတဲ့ သတင်း၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တောင်ပိုင်းက ဂန့်ဂါရွာ ဓမ္မာရုံကို PDF အဖွဲ့တွေက လာရောက်ပစ်ခတ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးတဲ့ သတင်း၊ ဆီဆိုင်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ PNLA တပ်ဖွဲ့ဝင် ၄ ဦးကို ဆန့်ကျင်ဘက် ပအို့ဝ် နယ်ခြားစောင့်တပ် PNA နဲ့ စစ်ကောင်စီတပ် တို့က ပစ်သတ်ခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာတဲ့ သတင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာတော့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်က စစ်ရေးပြအခမ်းအနားတွေ လုပ်ဆောင်မှုနဲ့ ဝ တပ်ဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပို့ဆောင်ကုန်ကူးမှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတဲ့ ထိုင်းနိုင်ငံနိုင်ငံရေး သြဇာရှိသူ သက်ဆင်က စွပ်စွဲပြောဆိုချက်တွေ စတဲ့ သတင်းတွေက အခုရက်ပိုင်းအတွင်း သတင်းစာမျက်နှာတွေမှာ တွေ့နေရတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ဖြစ်ပါတယ်။

ဖားကန့်မြို့ကို ဦးတည်သွားရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းက လမ်းတလျှောက် ကြီးကြီးမားမား ခုခံတိုက်ခိုက်တာ ခံရခြင်းမရှိဘဲ တပ်အင်အား အချို့က ရောက်ရှိလုနီး အနေအထားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်တာကာလအတွင်း ကချင်ပြည်နယ်က စစ်ကောင်စီထိန်းချုပ်နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရကာ လတ်တလော ဗန်းမော်မြို့ နဲ့ စကခ ၂၁ တို့ကိုသိမ်းယူဖို့ KIA က အပြင်းအထန် တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်တွေက ကချင်ပြည်နယ် ဖားကန့်ဘက်ကို စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။ ၆ လနီးပါး ရောက်ရှိလာနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အပြီးတိုင် အနိုင်မရသေးချိန်မှာ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေနဲ့ အကျိုးခံစားခွင့် အများဆုံး သယံဇာတတူးဖေါ်ရာ ဖြစ်တဲ့ ဖားကန့်ကို ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ဖားကန့်ကို ဝင်လာနေစဥ်မှာပဲ ကျောက်လုပ်ကွက်တချို့က ယန္တရားတွေနဲ့ ဝန်ထမ်းနေထိုင်တဲ့ အဆောင်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ယမန်နေ့ကတော့ မှော်စီစာထဲက ကျောက်စိမ်း ရှာဖွေတဲ့ ကုမ္ပဏီတခုရဲ့ဝင်းထဲ ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းတွေ သေဆုံးမှုနဲ့ ဒဏ်ရာရတဲ့သူ ဆယ်ဂဏန်းအထိ ရှိခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ယမ်းတွေ သိုလှောင်ထားရာ ဂိုဒေါင်ကို လက်နက်ကြီး ကျည်ကျရောက်လို့ ပေါက်ကွဲတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိသလို ယမ်းဂိုဒေါင် မတော်တဆ ပေါက်ကွဲမှုလို့လည်း ပြောဆိုမှုတွေ ရှိနေတာပါ။

လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပြည်တွင်းစစ် နိုင်ငံအနှံ့ ဖြစ်ပွားနေပေမယ့် ဖားကန့်ဒေသမှာတော့ စစ်ပွဲတွေ ဖြစ်နေတဲ့ကြားထဲ ကျောက်စိမ်းတူးဖော်မှုကို အားစိုက် တူးဖေါ်နေခဲ့ကြတာပါ။ လက်နက်ကိုင် တိုက်ပွဲတွေ အတွက် လိုအပ်တဲ့ ငွေကြေး၊ ဘဏ္ဍာတွေအတွက် ငွေလုံးခနဲ ရနိုင်တဲ့ ကျောက်စိမ်းတူးဖေါ်မှုကို လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက မျက်စေ့ကျကြတဲ့ အနေအထားဖြစ်ပါတယ်။

အခုလို စစ်မီးတောက်နေချိန် အရပ်ဖက် အုပ်ချုပ်ရေးတွေ မရှိချိန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စည်းမျဥ်းစည်းကမ်းတွေ ဘေးချထားချိန်မှာ စစ်ပွဲကို အရှိန်နဲ့ တိုက်နိုင်ဖို့ ငွေကြေးက သယံဇာတလိုမျိုးကသာ ရရှိနိုင်တာ ဖြစ်ပါတယ်။ ကျောက်စိမ်း၊ ပတ္တမြား၊ မြေရှား၊ ရွှေ၊ သစ် စတဲ့ မဟာဗျူဟာမြောက်တဲ့ သယံဇာတတွေက လက်နက်ကိုင် အဖွဲ့အစည်းက မျက်စေ့ကျကြတဲ့ အရာတွေလို့ဆိုရင် မှားမယ် မထင်ပါဘူး။

နောက်သတင်း အကြောင်းအရာ တခုဖြစ်တဲ့ SSPP/SSA တပ်ဖွဲ့ရဲ့ စစ်ကြောင်းကို လားရှိုးမြို့နယ် ဟန်းနားကျေးရွာအနီး MNDAA တပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ MNDAA တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့တယ် ဆိုပြီး SSPP/SSA က သတင်းထုတ်ပြန်ခဲ့တာပါ။ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရတဲ့ MNDAA တပ်ဖွဲ့ဘက်က တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းခြင်းလည်း မရှိသလို တိုက်ခိုက်ခြင်းလည်း မရှိတဲ့ SSPP/SSA အနေနဲ့ ရှမ်းမြောက်ဒေသမှာ အစဥ်အလာအရ ထိန်းချုပ်ခဲ့တဲ့ ဒေသတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ နဲ့ စစ်ရေး/နိုင်ငံရေး ရပ်တည်ရေး ပျောက်မသွားအောင် ရည်မှန်းချက်ထားရှိပုံရပါတယ်။ တဖက်မှာလည်း ရှမ်းပြည်နယ် တောင်ပိုင်းမှာ အဓိက လှုပ်ရှားတဲ့ RCSS နဲ့ ရှမ်းပြည်နယ်မှာ ပြိုင်ဘက် အနေအထားရှိနေတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ခိုက်မှုတွေက စစ်အာဏာရှင် စနစ်နဲ့ ဖက်ဒရယ် ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစု တို့ရဲ့ တိုက်ပွဲ အဖြစ်နဲ့ ပုံဖေါ်လျှက်ရှိတဲ့ စစ်အာဏာရှင် စနစ်ပြိုကျရေး၊ စစ်ကောင်စီ တပ်ကို အပြီးတိုင် အနိုင်ယူရေး ရည်မှန်းချက်တွေကို အားနည်းစေပြီး နယ်မြေအသီးသီးမှာ ထိန်းချုပ်အုပ်စိုးရေးမှာ စစ်အင်အားသာ အဓိကဆိုတဲ့ ယူဆချက်တွေကို အားကောင်းလာစေမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်က သတင်းအကြောင်းအရာ အပြီးမှာ နောက်သတင်းအကြောင်းအရာ တခုက ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တောင်ပိုင်းက ဂန့်ဂါရပ်ကွက် ဓမ္မာရုံမှာ အစည်းအဝေး လုပ်နေစဥ် PDF ရဲ့ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖ စုစုပေါင်း ၆ ဦးသေဆုံးခဲ့တဲ့ သတင်းဖြစ်ပါတယ်။ အချို့သတင်းဌာနမှာတော့ အသံမစဲ ပဌါန်းပွဲ အတွက် ရပ်မိရပ်ဖတွေနဲ့ အုပ်ချုပ်ရေးမှူးတို့ အစည်းအဝေး လုပ်နေစဥ် PDF တွေက လာရောက်ပစ်ခတ်တာလို့ ဖေါ်ပြကြပြီး အချို့သော သတင်းဌာနတွေကတော့ ဓမ္မာရုံမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ရွာနေထိုင်သူတွေထံက ငွေကြေးကောက်ခံဖို့ လုပ်နေစဥ် PDF က ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဖေါ်ပြကြပါတယ်။ မူကွဲနေတဲ့ သတင်းတွေမှာ ၆ ဦးသေဆုံးသွားတဲ့ အချက်ကတော့ တူညီကြတာ တွေ့ရပါတယ်။ ညောင်ဦး၊ ပုဂံဒေသတွေမှာ ကျေးရွာအလိုက် သို့မဟုတ် နယ်မြေအလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပြီး လှုပ်ရှားလာရာမှာ နယ်မြေထိန်းချုပ်ရေးဆိုတဲ့ ရည်မှန်းချက်မျိုး ထားရှိနိုင်တဲ့ အနေအထားထက် အုပ်ချုပ်ရေးမှူးတွေ ပြည်သူ့စစ်/ပျူစောထီးလို့ ဆိုတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း လုပ်ဆောင်သူတွေကို လုပ်ကြံသတ်ဖြတ်တာ၊ အလစ်အငိုက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေကြတဲ့ အဆင့်မှာပဲ ရောက်ရှိသေးတာ တွေ့ကြရပါတယ်။

နောက်ဆုံး သတင်းအကြောင်းအရာတခုက ယခုနှစ်ဆန်းပိုင်းက ဆီဆိုင်မြို့နယ်က ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး တပ် PNLA ရဲ့ တပ်ဖွဲ့ဝင် ၅ ဦး စစ်ကောင်စီတပ်နဲ့ တွဲဖက်လှုပ်ရှားတဲ့ PNA တပ်တို့ရဲ့ ဖမ်းဆီးမှုခံခဲ့ရပြီးနောက် နောက်မကြာခင်မှာ တပ်ဖွဲ့ဝင် ၄ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ဗီဒီယိုဖိုင်ကို မကြာသေးခင် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးထံက ရရှိခဲ့ရာက PNLA ဘက်က အများသိအောင် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ရန်သူဘက်က စစ်သုံ့ပန်းတွေကို ကာလရှည်ကြာ ဖမ်းဆီးထိန်းသိမ်း ထားခြင်းမျိုး လုပ်လေ့မရှိဘဲ သတင်းအချက်အလက် စစ်ကြောမေးမြန်းပြီးနောက်မှာ စစ်မြေပြင် ရှေ့တန်းဒေသတွေမှာပဲ ရှင်းလင်း သတ်ဖြတ်လေ့ရှိတာ ဖြစ်ပါတယ်။

တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ စစ်သုံ့ပန်းတွေကို အများအားဖြင့် သတ်ဖြတ်ရှင်းလင်းလေ့ မရှိပါဘူး။ စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ စည်းရုံးသိမ်းသွင်းမှုနဲ့ လိုက်ဖက်ညီထွေဖြစ်စေဖို့ လက်နက်ချသူတွေကို ဂျီနီဗာသဘောတူညီချက်နဲ့ အညီ ကောင်းစွာ စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် အတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းအချင်းချင်း လဲလှယ်တဲ့ အခြေအနေမျိုးက AA လက်နက်ကိုင် တပ်ဖွဲ့နဲ့ စစ်ကောင်စီ အကြားမှာသာ တွေ့ရလေ့ရှိပြီး အခြားသော လက်နက်ကိုင် အဖွဲ့တွေက အလဲအလှယ်ထက် အချိန်အတိုင်းအတာတခုမှာ လွတ်ငြိမ်းခွင့်ပေးပြီး နေရပ်ပြန်စေတာမျိုးသာ တွေ့ရလေ့ရှိတာပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar