လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ တာဝန်ခံမှု
မြန်မာနွေဦးခရိုနီကယ် - ဇွန်လ ၁၂ မြင်ကွင်း
မိုးမခ၊ ဇွန်လ ၁၃၊ ၂၀၂၅
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ တာဝန်ခံမှု
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အတွင်း ကာယိန္ဒြေပျက်ပြားစေမှု၊ ငွေကြေးအလွဲသုံးစားမှု၊ တော်လှန်ရေးအတွက် လှူဒါန်းတဲ့ ကူညီငွေတွေကို အလွဲသုံးလုပ်တာ၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနဲ့ တော်လှန်ရေးအကျိုးစီးပွား ယှက်နွယ်နေတဲ့ အဖြစ်အပျက်တွေ မကြာခဏလို့ မဆိုနိုင်သည့်တိုင် အခါအားလျော်စွာ ဖြစ်ပွားလေ့ရှိပါတယ်။
နောက်တမျိုး ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာတွေက တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေက သာမန် အရပ်သားတွေ၊ စစ်သုံ့ပန်း၊ ရန်သူကို ထောက်ခံသူ၊ အားပေးကူညီသူလို့ သံသယရှိသူတွေကို သံသယနဲ့ ဖြစ်စေ၊ အင်အားအာဏာ အလွန်အကျွံသုံးပြီး နှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ရုပ်အလောင်းတွေကိုပါ ဖျောက်ဖျက်ပြစ်တဲ့ ကျူးလွန်မှုတွေ ဖြစ်ပါတယ်။
လူတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ အခုလို လောဘ၊ ဒေါသ နဲ့ အတ္တအကျိုးကြည့်ပြီး ကျူးလွန်တာ လုပ်ဆောင်တာတွေရှိမှာပဲလို့ ဆင်ခြေပေးကောင်းလည်း ပေးနိုင်ပါတယ်။ မတထောင်သားကို အုပ်ချုပ်ရတဲ့အခါ ကောင်းတဲ့သူရော ဆိုးတဲ့သူပါ ပါလာမှာပဲ၊ တော်လှန်ရေး အောင်ဖို့၊ စစ်ရေးအောင်မြင်ဖို့က ပထမ ဦးစားပေးရမယ်၊ ကျန်တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကိုယ်ကျိုးရှာမှုမရှိစေဖို့ ရိုးသားပြီး ကိုယ်ကျင့်တရားကောင်းမွန်ဖို့တွေက ဒုတိယလို့ ဆင်ခြေပေးကောင်းလည်း ပေးကြပါလိမ့်မယ်။
လက်နက်ကိုင် တော်လှန်ရေးဟာ ကဗျာတပုဒ်ရေးနေတာ မဟုတ်ဘူး၊ သီချင်းတပုဒ် ရေးဖွဲ့နေတာ မဟုတ်လို့ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ စိတ်ကူးယဥ်လို့ မရဘူးဆိုတဲ့ ဆင်ခြေလည်း ရှိကောင်းရှိပါလိမ့်မယ်။
အဲဒီလို ဆင်ခြေတွေကို လက်ခံမယ်ဆိုရင် တော်လှန်ရေးလို့ ဆိုဖို့ မဖြစ်နိုင်တော့တဲ့ အချက်ကိုလည်း သတိကြီးကြီးထားဖို့ အရေးကြီးလှပါတယ်။ တော်လှန်ရေးက စိတ်ကူးယဥ် အိပ်မက်ထဲက ခြောက်ပြစ်ကင်း သဲလဲစင် အဖြူဆွတ်ဆွတ်လို သန့်စင်နေမှာ မဟုတ်သော်လည်း စနစ်ဟောင်း၊ အာဏာရှင်၊ အယူဝါဒဟောင်း နဲ့ အာဏာသုံးပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်သူ၊ လက်နက်ကိုင်တပ် အဖွဲ့အစည်းတွေကို ပြောင်းလဲဖို့ ရည်ရွယ် လုပ်ဆောင်တာဖြစ်လို့ အထက်က ဆင်ခြေပေးသလို အောင်ပွဲရဖို့ အရင်လုပ်ပါ၊ ရိုးသား သန့်ရှင်းဖို့က အာဏာရပြီး နောက်မှာ လုပ်လို့ရပါတယ်လို့ ပြောလို့ မဖြစ်တာ အမှန်ပဲ ဖြစ်ပါတယ်။
တော်လှန်ရေး ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်လေးနက်မှု နဲ့ တာဝန်ခံမှုက အထက်က ကိစ္စရပ်တွေအားလုံးနဲ့ ပတ်သက်ဆက်နွှယ်လို့ လေးနက်တဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ မတရားမှု၊ အနိုင်ကျင့်မှု၊ အာဏာ အလွဲသုံးမှု၊ ငွေကြေးအလွဲသုံးမှု နဲ့ ကျားမ၊ လိင်ခွဲခြား နှိမ်ချဆက်ဆံမှု၊ အနိုင်ကျင့်မှုတွေအားလုံးကို ဆန့်ကျင်တဲ့ အဓိပ္ပာယ်၊ လက်မခံတဲ့ အဓိပ္ပာယ်၊ တရားမျှတမှုကို ရှာဖွေတဲ့ အဓိပ္ပာယ်၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း အသစ် တည်ဆောက်ဖို့ ရည်ရွယ်လုပ်ဆောင်တယ် ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
လူဟောင်းကို မကြိုက်လို့၊ ပါတီဟောင်းကို မကြိုက်လို့ စစ်တပ်ဟောင်းကို မကြိုက်လို့ အသစ်ကို တည်ဆောက်ကြမယ့် သဘောမဟုတ်ဘဲ စနစ်ဟောင်း၊ မတရားမှု၊ တာဝန်ခံမှုမရှိခြင်း ပြစ်မှုကျူးလွန်ပြီး တာဝန်ခံခြင်း မရှိတဲ့ အခြေအနေမျိုးတွေကို လက်သင့်မခံဘဲ တရားမျှတမှုရှာဖွေကာ နောက်နောင် ကျူးလွန်ခြင်း မရှိဖို့ ကာကွယ်မှုတွေ ပညာပေးမှု၊ အရေးယူမှုတွေ လုပ်ဆောင်ကြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီအကြောင်းတွေ ဘာကြောင့် ပြန်လည် ဖော်ထုတ်ပြောဆိုနေရသလဲလို့ မေးရင် လတ်တလော ကရင်နီပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းတခုမှာ တာဝန်တချို့ယူထားသူ လူငယ်တဦးက မိန်းကလေးတဦးကို ကာယိန္ဒြေပျက်ပြားအောင် လုပ်ဆောင်မှု၊ ကျူးလွန်ခဲ့တဲ့ အကြောင်း ဇွန်လ ၁၂ ရက်နေ့မှာ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သတင်းဌာနတွေက သတင်းအဖြစ် ရေးသားကြတာမျိုး မဟုတ်သည့်တိုင် တော်လှန်ရေးနဲ့ ဆက်စပ်တဲ့ အသိုင်းအဝိုင်းထဲမှာ အားလုံးသိရှိကြပြီး ကမ္ဘာမှာ ထင်ရှားတဲ့ World Press Photo သတင်းဓာတ်ပုံဆုကို ရရှိထားသူ ဖြစ်လို့ သူ့ရဲ့ ကျူးလွန်မှုနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မီဒီယာတွေမှာ လူအများက ရေးသားဖြန့်ဝေနေခဲ့ကြပြီး ဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းကို မြစ်ဖျားခံပြီး အခု နွေဦးတော်လှန်ရေးမှာ ပါဝင်လာသူ၊ သူ့ရဲ့ ဓာတ်ပုံနဲ့ မှတ်တမ်းရုပ်ရှင် အတတ်ပညာကျွမ်းကျင်မှု နဲ့ လူသိများထင်ရှားလာခဲ့သူက ကိုယ်ကျင့်သိက္ခာဆိုင်ရာ အမည်းစက်၊ တရားဥပဒေအရ အရေးယူသင့်တဲ့ ကာယိန္ဒြေပျက်ပြားစေတဲ့ ပြစ်မှုကျူးလွန်ခဲ့ခြင်းဟာ တဦးချင်း ကိုယ်ကျင့်သိက္ခာဆိုင်ရာကိစ္စတင်မက၊ နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့ အဖြစ်အပျက်တရပ် ဖြစ်လာစေပါတယ်။
အသက်အားဖြင့် ငယ်ရွယ်တဲ့ လူငယ်တဦး လူအများက သူ့ရဲ့ ကျွမ်းကျင်မှု အတတ်ပညာနဲ့ တော်လှန်ရေးပေါ် အထောက်အကူပြုမှုတွေနဲ့ ပတ်သက်လို့ လေးစားအားကျမှု ခံရသူတဦးက အခုလို ကျင့်ဝတ်သာမက ပြစ်မှုဆိုင်ရာစည်းအထိ ချိုးဖောက်တဲ့ အဖြစ်အပျက် ဖြစ်ပွားတဲ့ အခြေအနေရောက်တဲ့ အခါမှာ အခြားသော ငွေကြေးရေး ဆိုင်ရာ မရိုးမသားလုပ်ဆောင်တာတွေ ရှိခဲ့သလားဆိုတဲ့ သံသယတွေ ထွက်ပေါ်လာခဲ့တာပါ။
လူသိများနေချိန် နာမည်ကြီးနေချိန်မှာ ငွေရေးကြေးရေးဆိုင်ရာ မရိုးသားမှုလိုမျိုးက ပေါ်ထွက်ဖို့ ခက်ခဲပေမယ့် အကြောင်းတခုခုကြောင့် ပြဿနာဖြစ်လာချိန်မှ ထုတ်ဖော်ပြောဆိုလာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို ကာယိန္ဒြေပျက်ပြားအောင် လုပ်တဲ့ ပြစ်မှုတွေကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေက ဘယ်လို ကိုင်တွယ်ဖြေရှင်းကြသလဲ၊ တော်လှန်ရေး ရန်ပုံငွေ ကောက်ခံမှုနဲ့ ဆက်နွှယ်ပြီး ငွေကြေး အလွဲသုံးတယ်လို့ အများက သံသယရှိတဲ့ ကိစ္စရပ်တွေ၊ သံသယရှိတယ်ဆိုတာထက်ပိုပြီး ထင်ထင်ရှားရှား အထောက်အထားရှိတဲ့ အလွဲသုံးစားမှုတွေ၊ အရပ်သားတွေ၊ မိန်းကလေးငယ်၊ ကလေးငယ်တွေကို နှိပ်စက် သတ်ဖြတ်မှုတွေကို တော်လှန်ရေး အင်အားစုတွေက ဘယ်လို တာဝန်ခံမှု ရှိစွာနဲ့ ဖြေရှင်းကြသလဲဆိုတာ အဓိက မေးရမယ့် မေးခွန်းတရပ် ဖြစ်လာခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်ကို ကိုင်တွယ်ဖြေရှင်းရာမှာ ထင်ရှားကျော်ကြားသည် ဖြစ်စေ မကျော်ကြားသည် ဖြစ်စေ တူညီတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေစည်းမျဥ်း (အခုလို ကာလမှာ ဥပဒေမရှိဘူးလို့ ဆင်ခြေပေးကောင်းပေးနိုင်) တွေနဲ့ လွတ်လပ်တဲ့ အဖွဲ့၊ ကော်မတီလိုဖွဲ့စည်းပြီး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ရံပုံငွေ သိန်းနဲ့ သန်းနဲ့ ချီတဲ့ ပမာဏတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှုရှိစွာနဲ့ စာရင်းအင်း နဲ့ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အနေအထားမျိုး ရှိဖို့လိုအပ်သလို၊ ကိုယ်ကျင့်သိက္ခာနဲ့ ပတ်သက်လို့လည်း ကလေးသူငယ်တွေ အပေါ် လိင်မှုဆိုင်ရာ မလျော်မကန်ပြုမှုလိုမျိုးတွေ ဖြစ်ပွားခဲ့ရင်လည်း ပွင့်လင်းမြင်သာစွာ ဖြစ်ပွားရာ နယ်မြေမှာ ပြဋ္ဌာန်းအသက်ဝင်တဲ့ တရားဥပဒေ အရ အရေးယူ အပြစ်ပေးဖို့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် တချို့ သို့မဟုတ် တပ်ဖွဲ့ကို ဦးဆောင်သူတွေကိုယ်တိုင် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပစ္စည်းလုယူတာ၊ ပစ္စည်းလု သတ်ဖြတ်မှု၊ တရားလက်လွတ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့လည်း သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ လိုပါတယ်။
ဒီလို အဖြစ်အပျက်တွေကို တော်လှန်ရေး ပြီးမှ တာဝန်ခံမယ်ဆိုတဲ့ စကားတချို့ လည်း ယခင်နှစ်တွေက ပေါ်ထွက်လာခဲ့ဖူးပါတယ်။ တရားမျှတမှုနဲ့ တော်လှန်ရေးအောင်မြင်မှုကို ချိတ်ဆက်ထားခြင်းဟာ လုံးဝမှားယွင်းတယ်လို့ ဆိုရပါမယ် မတရားမှုတွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တော်လှန်ရေး အောင်ပွဲကို ထိခိုက်စေမှာ ဖြစ်လို့ ဒီလို ပြစ်မှုတွေ ရာဇဝတ်မှုတွေကျူးလွန်နေခဲ့ရင် တော်လှန်ရေး လို့ဆိုဖို့တောင် ခက်ခဲလာမှာ အသေအချာပင် ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar