Breaking News

မောင်လူမွှေး - ရာသီဥတုဖောက်ပြန်မှုရဲ့ ဒဏ်

မောင်လူမွှေး - ရာသီဥတုဖောက်ပြန်မှုရဲ့ ဒဏ်

မိုးမခ ၊ ဇွန် ၈ ၊ ၂၀၂၅

မောင်လူမွှေးဟာ အခင်းတွေဘက်ကို ရံဖန်ရံခါ လမ်းလျှောက်ထွက်တတ်သူ ဖြစ်တယ်။ မနေ့က မိုးတွေလင်းတော့ ယာခင်းတွေဘက်ကို လမ်းလျှောက် ရောက်ဖြစ်ခဲ့တယ်။ အရင် ဆယ်ရက်လောက်က ယာခင်းတွေထဲမှာ တွေ့ရတဲ့ နှမ်းပင်ပေါက်လေးတွေ အားလုံးမရှိတော့တာကို တွေ့ရပါတယ်။ခပ်လှမ်းလှမ်းကို မျှော်ကြည့်တော့ ရေမြုပ်သွားတဲ့ စိုက်ခင်းနဲ့ နှမ်းခင်းအချို့ကို လှမ်းမြင်ရတယ်။ 

မောင်လူမွှေး နေတဲ့ ဒေသမှာရော၊ အခြားဒေသတွေမှာရော နှမ်းစိုက်တဲ့ တောင်သူတွေ နှမ်းခင်းတွေပျက်လို့ နစ်နာကြရတယ်။ မေလ ၂၀ ရက်နေ့လောက်နေ ဇွန်လဆန်းထဲထိ မိုးဟာ ရက်ဆက်ရွာနေဆဲ ဖြစ်တယ်။ မိုးဆက်တိုက်ရွာနေတဲ့အတွက် ဇွန်လပထမပတ်ထဲမှာ နှမ်းခင်းတွေ ပြန်စိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ တောင်သူ လုပ်ကိုင်နေတဲ့ မောင်လူမွှေး ကိုလေးတစ်ယောက်က ပြောတယ်။

နှမ်းခင်းတွေကို မေလထဲမှာ စိုက်ပျိုးကြရပြီး ဇွန်လထဲရောက်မှ စိုက်ပျိုးရင် နှမ်းပင်က အသီးတွေဟာ အဆံပါမှု သိပ်မရှိတော့ဘူးလို့ သိရတယ်။ " ဘာပဲဖြစ်ဖြစ် မျိုးပြန်ရအောင်တော့ ထပ်စိုက်ရဦးမှာပ"  လို့ အမျိုးသမီးကြီးတစ်ယောက်က ပြောတယ်။

နှမ်း၊ ပဲ၊ စပါး ၊ နေကြာ သီးနှံလေးခုကို အဓိကထားနေရတဲ့ တောင်သူတွေဟာ နှမ်းသီးနှံရဖို့ မသေချာတော့ဘူး။ ဒါ့အပြင် ကောက်ခြောက်ကြဲတဲ့ လယ်တွေလည်း ရေတွေဝပ်ပြီး အပင်မပေါက်နိုင်လို့ ပျက်စီးမှုတွေရှိနေတယ်လို့ ဆိုတယ်။ " ငတ်မကုန်ကြကောင်းတကား" လို့ အဘွားကြီးတစ်ယောက်ရဲ့ ညည်းတွားသံကိုလည်း မောင်လူမွှေး ကြားခဲ့ရတယ်။

မောင်လူမွေးတို့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဒဏ်ကိုခံရတဲ့အပြင် ရာသီဥတုဖောက်ပြန်မှုရဲ့ ဒဏ်ကိုပါ ခံကြရတာဖြစ်တယ်။ ဒီဒဏ်တွေကို ခံရင်း သမိုင်းပေးတာဝန်ဖြစ်တဲ့ တော်လှန်ရေးရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း ထမ်းပိုးထားရတယ်။ ပြည်သူတွေဟာ အင်္ဂလိပ်လို Refugge ဆိုတဲ့ ဒုက္ခသည်ရော၊ Victims ဆိုတဲ့ ဒုက္ခသည်ရော နှစ်မျိုးစလုံးပြောလို့ရတဲ့ နှစ်ထပ်ကွမ်း ဒုက္ခသည်တွေဖြစ်နေတယ်။

" ကျနော်တို့ကသာ မိုးဦးမှာ ရေလျှံမှာကိုမသိတာ။ ငှက်ကလေးတွေက သိတယ်ဗျဆရာ။ မြစ်ဘေးနားက ကိုင်းတောမှာ အရင်နှစ်တွေက လို သူတို့ အသိုက်မလုပ်ကြဘူး" လို့ ဆယ်ကျော်သက်အရွယ် မောင်လူမွှေး တပည့်တစ်ယောက်က ပြောတယ်။

ရာသီဥတုဖောက်ပြန်မှာကို တိရစ္ဆာန်တွေက ကြိုသိကြတယ်။ ကြိုမသိကြတာက လူအများစုဖြစ်တယ်။ " ဥတုရာသီ တောကိုမှီ၏" ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့်  တောကို ထိန်းသိမ်းရကောင်းမှန်း သိသူ အင်မတန်နည်းလှတယ်။

မောင်လူမွှေး ရောက်တဲ့ စစ်ရှောင်စခန်း နှစ်ခုကတော့ စစ်ရှောင်စခန်းတွင်းက ဘယ်အပင်ကိုမှ မခုတ်ရဘူး။ မျှစ်မချိုးရဘူး ဆိုတဲ့ စည်းကမ်းတွေရှိတာ သတိထားမိတယ်။ စစ်ရှောင်စခန်းတစ်ခုကို ဆရာတော်တစ်ပါးက ခုလို သတ်မှတ်ထားတာဖြစ်ပြီး နောက်စစ်ရှောင်စခန်းတစ်ခုကိုတော့ စစ်ရှောင်စခန်းမြေနေရာကို ပိုင်တဲ့ တောပိုင်ရှင်က စည်းကမ်းသတ်မှတ်ထားတာ ဖြစ်တယ်။ အဲဒီစစ်ရှောင်စခန်းတွေဟာ အရိပ်အာဝါသ ပိုကောင်းလာတာလည်း မောင်လူမွှေး သတိထားမိတယ်။

စစ်ရှောင်စခန်း မဟုတ်တဲ့ ကျန်တဲ့ရပ်ရွာက တောတောင်တွေကိုလည်း စည်းကမ်းသတ်မှတ်နိုင်ရင် ကောင်းမယ်လို့ မောင်လူမွှေးတွေးမိတယ်။ သစ်တော သစ်ပင်၊ တိရိစ္ဆာန်တွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြဖို့ကို စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ် မရှိသလောက် နည်းနေတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

မောင်လူမွေးရောက်ဖူးတဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုကတော့ သူတို့နေရာမှာ စီးပွားဖြစ် ဝါးခုတ်တာ၊ သစ်ခုတ်တာတွေကို လုံးဝခွင့်မပြုသလို သူတို့ကိုယ်တိုင်လည်း ရောင်းမစားဘူး။ တဲဆောက်ဖို့၊ အိမ်ဆောက်ဖို့ လာခုတ်ရင် ခွင့်ပြုပေးတယ်။ ချောင်းထဲမှာ ငါးရှာရှင် ရှော့တိုက်တာ၊ မိုင်းခွဲတာ၊ ငါးဆေးချတာတွေ လက်မခံဘူး။ ရိုးရိုးနည်းနဲ့ ရှာလို့ရတယ်။ ဒီလိုကန့်သတ်ထားတော့ တောတောင်တွေဟာ စိမ်းလန်းနေတယ်။ ဒီနေရာဝန်းကျင်မှာ နေလို့ထိုင်လို့လည်း အင်မတန်ကောင်းတယ်။

" သစ်လည်း လိုအပ်ရင်ခုတ်ရောင်းရမှာပဲ။ တော်လှန်ရေးပြီးမှ ပြန်စိုက်မယ်" ဆိုတဲ့ စကားကို တော်လှန်ရေးသမားတစ်ယောက်ဆီက မောင်လူမွှေးကြားဖူးတယ်။ တော်လှန်ရေးအတွက် သစ်ကိုရောင်းသင့်ရင်ရောင်းရမှာ ဖြစ်ပေမယ့် တော်လှန်ရေးပြီးမှ ပြန်စိုက်မယ်ဆိုတာ မျိုး ပစ်စလက်ခတ်လုပ်လို့မရပါဘူး။ သစ်တောဆိုတာ အိမ်ဆောက်သလို ချက်ချင်းပြန်ဆောက်လို့မရဘူး။  စနစ်တကျခုတ်ဖို့လိုအပ်သလို ပြန်လည်အစားထိုးစိုက်ပျိုးတာတွေကို လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီလိုမလုပ်ရင် တော်လှန်ရေးပြီးတာနဲ့ အိမ်ဆောက်စရာ သစ်မရှိတဲ့ အဖြစ်မျိုးကိုတောင် ကြုံရနိုင်တယ်။

မောင်လူမွှေးတို့ဟာ ကိုယ့်ဒေသက သစ်တောတွေရဲ့ တန်ဖိုးကို သိဖို့ လိုအပ်နေသေးတယ်။ ခုရာသီဥတုဖောက်ပြန်ပြီး နှမ်းခင်းတွေပျက်စီးတာဟာ မောင်လူမွှေးတို့ နိုင်ငံက သစ်တောတွေပြုန်းတီးနေတာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ဒေသမှာ သစ်တောတွေရှိနေရင် အမိုးအကာအောက်မှာနေရသလိုပဲ ရာသီဥတုရဲ့ဒဏ်ကို ခုသာခံသာရှိမှာဖြစ်တယ်။

ကိုယ့်ဒေသရဲ့ အမိုး၊ အကာ၊ ကိုယ့်ဒေသရဲ့  အဆုတ်နဲ့တူတဲ့ တောတောင်တွေ၊ ကိုယ့်ဒေသရဲ့ သွေးကြောနဲ့တူတဲ့ မြစ်ချောင်းတွေကို ထိန်းသိမ်းစောင့်ရှောင်ဖို့ ပညာပေးတာ၊ လက်တွေ့အကောင်အထည်ဖော်တာတွေကို နောက်မကျသေးခင် မဖြစ်မနေ လုပ်ဆောင်ကြဖို့ လိုနေပြီလို့ မောင်လူမွှေး မြင်မိပါတယ်ခင်ဗျာ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar