လင်းလက်နွေဦး - နဂါးလှည့်
လင်းလက်နွေဦး - နဂါးလှည့်
မိုးမခ ၊ ဇွန် ၈ ၊ ၂၀၂၅
ရှေးလူကြီး ဆိုတော့ ရှေးရိုးစွဲပေါ့လေ၊ 'ရှေးထုံးကိုလည်း မပယ်နဲ့၊ ဈေးသုံးကိုလည်း မကြွယ်နဲ့' ဆိုတဲ့ စကားကို ဘုရားဟော ထင်နေသူပါ။
အဒေါ်ကြီး တစ်ယောက် ရှိတယ်။ ငယ်ငယ်က ပြောပြဖူးတယ်၊ နတ်နဲ့ နဂါး မလှည့်စားနဲ့ ဆိုတဲ့ သဘောပေါ့။
နတ်တို့ နဂါးတို့ ဆိုတာ သူတို့ပဲ လှည့်မယ်၊ သူများအလှည့် မပေးချင်သူတွေပေါ့။ ဆင်းရဲလေလေ သံဝေဂရလေ ဆိုသလိုပါပဲ၊ ကျနော် ဒီကာလတွေမှာ နောင်တရမိတာတွေ ရှိပါတယ်။ အများကြီးပါပဲ။ အဲဒီထဲက တစ်ခုကတော့ အနောက်နိုင်ငံတစ်ခုခုက လက်ခံနိုင်တဲ့ ပညာရေးတမျိုးမျိုး ဘာလို့ မသင်ယူခဲ့သလဲပေါ့။ ဂျက်ဖိုက်တာ အသံ၊ ဝိုင်တွဲသံ ကြားရလို့ ဗုံးခိုကျင်းထဲ ပြေးဆင်းရပြီး ပြန်ထွက်လာတဲ့ အခါမျိုး၊ 'အုံး'ဆို လက်နက်ကြီးသံ ကြားလိုက်ရပြီး အသက်ရှင်နေသေးပါလား အသိဝင်လာပြီး နောက်ပိုင်း၊ စစ်ကြောင်းထိုးလို့ ရှောင်ရမယ့် နေရာရောက်လို့ နည်းနည်း စိတ်ချရပြီ ဆိုတဲ့အခါ အဲဒီ နောင်တတွေ တသီကြီး ပြန်ပေါ်လာတယ်။ ဝဋ်ကြွေးကလည်း ကြီးတယ်၊ ရှိရင်းစွဲ ရောဂါနဲ့လည်း မသေ၊ ကိုဗစ်ကပ်လည်း ကျော်၊ အာဏာရှင် စစ်ဖိနပ်အောက်မှာလည်း အလူးအလဲ။ တကယ်သာဆို လောကဓံ အထုအထောင်းအောက်မှာ ပေါက်ပြားနဲ့ ခြစ်ယူရလောက်ပါပြီ။
အော်၊ နတ်တွေ နဂါးတွေကနေ ဘယ်ကိုများ ရောက်သွားပါလိမ့်။ အဲဒီ အဒေါ်ကြီး ပြောဖူးတယ်၊ တခါကတဲ့၊ နတ်ကတော်က ဟောတယ်၊ ကြက်ကြော်နဲ့ အရက် ဆက်ရမယ်ဆိုတော့ အိမ်ရှင်လုပ်သူက ကြက်ရှာ မရလို့ တွေ့တဲ့ ကြွက်ကြော်ပဲ ကပ်လိုက်သတဲ့။ နေ့နံလည်း တူတယ်၊ လိုက်ဖက်မှုလည်း ရှိတယ် အတွေးနဲ့ နေမှာပေါ့။ သို့ပေမဲ့ နတ်ကတော်က မကျေနပ်တာလား၊ သူ့လင် နတ်ကပဲ မကြိုက်တာလား၊ လူနာကပဲ သေနေ့စေ့သွားသလား မသိပါဘူး။ လူနာ ဆုံးသွားတယ်။ ဒီတော့ လူနာရှင်က နတ်ကတော်ကို ဆဲ၊ နတ်ကတော်က ငြိမ်မခံဘဲ စနည်းနာလိုက်တော့ ကြွက်ကြော် ဖြစ်နေတာကို သိသွားတာပေါ့။ ဒီမှာတင် နိုင်ကွက်ရတဲ့ နတ်ကတော်က အသေဖိတော့တာပဲ။ 'ဟဲ့ နင့်လူ သေမှာပေါ့၊ နည်းတောင် နည်းသေး၊ ငါက ကြက််ကြော်ကပ်ခိုင်းတာ နင်က ကြွက်ကြော် သွားကပ်တယ်၊ နတ်နဲ့နဂါး မလှည့်စားနဲ့ဟဲ့' ဘာညာပေါ့လေ။ အဲဒီဇာတ်လမ်း ကြားပြီးကတည်းက အဲအဒေါ်ကြီးခမျာ နတ်နဲ့ နဂါးကို မလှည့်စားရဲတော့ဘူး။ လူတွေကိုတော့ မသိဘူး။
အဒေါ်ကြီးက ပြက္ခဒိန်ဝယ်ရင်တောင် ဗေဒင်စာတွေ ပါတဲ့ ပြက္ခဒိန်ကို ဝယ်တာ။ မင်းသမီး မင်း သား၊ ရှုခင်း ဓာတ်ပုံ ဆယ်လီ ဆယ့်တစ်လီတွေ နိုးထား။ ကြည့်လိုက်တာနဲ့ ဇာတာခွင်တွေ၊ နက္ခတ်တွေ၊ ရက်ရာဇာ ပြဿဒါးတွေ၊ သမားညို သမားဖြူ အို... စုံနေတာပါပဲ၊ ရှုပ်ရှက်ခက်နေတဲ့ ပြက္ခဒိန်ကိုပဲ ဝယ်တာ။
အဒေါ်ကြီးက 'အော်ပီကျယ် ကာတွန်း' မဖတ်ဖူးပဲကိုး။ ဆရာက မဂ္ဂဇင်းတွေကို နှိပ်ထားတယ်။ ကာတွန်းထဲမှာ လူတယောက်က မဂ္ဂဇင်းအသစ်တွေ ယူချလာတယ်။ ပြီးတော့ ဗေဒင်ကဏ္ဍ အရင် ဖတ်တယ်။ တစ်အုပ်က 'ဤလ အရှေ့ရပ် ခရီး မသွားအပ်'တဲ့။ နောက်တစ်အုပ်မှာတော့ 'ယခုလ တောင်အရပ် မသွားသင့်'တဲ့။ နောက်တစ်အုပ်ကတော့ 'သည်လ အနောက်ရပ်သို့ ခရီးသွားခြင်း ရှောင်ပါ' တဲ့။ နောက်အုပ်မှာတော့ 'မြောက်အရပ်သို့ ခြေဦးပင် မလှည့်ကောင်း'တဲ့။ ထားပါတော့လေ၊ ဒီလတော့ အိမ်မှာပဲ နှပ်နေမယ်။ နောက်ဆုံးတစ်အုပ် ဖတ်ကြည့်လိုက်တေ့ာ 'မျက်မှောက်ကာလ ယခုလသည် ဇာတာစန်းလဂ် အလွန်တက်သဖြင့် ခရီးသွားခြင်း အလုပ်ကို လုပ်ကို လုပ်ထိုက်ပေသည်။ အကယ်၍ ခရီးမသွား အိမ်တွင် နားက နာဖျားအစ သေဆုံးခြင်းတိုင် ရောက်ရှိနိုင်၏'။ ပြီးရော...။
ကမ္မဋ္ဌာန်းဘုန်းကြီး ဟော... ဟော ဟောပဲ။ ဟိုခေတ်က နာမည်ကျော်ကထိက ဖြူးဆရာတော့် တရားခွေတွေ နာ... နာ နာပဲ။ 'ဟဲ့ ကောင်လေး နင်က ဘာသိလို့လဲ၊ နတ်နဲ့ နဂါး မလှည့်စားရဘူးဟဲ့' အစချီပြီး နတ်နဂါးယုံတမ်းတွေ ပြောတော့တာပဲ။ အေမီဈာန်တောင် သူ့လောက် မဈာန်ဘူး။
တခါက ပြောပါကော စစ်ကြောင်းထိုးခံရတာလေ။ ပထမဆုံးအကြိမ်။ ခုတော့ ဘယ်နှကြိမ်မှန်းတောင် မသိတော့ပါဘူး။ သူတို့က ထိုးလာလိုက်၊ ပီတွေက လာတိုက်လိုက်၊ ပြန်ဆုတ်လိုက်။ ပီတွေက ပလူးပလဲ လာလုပ်လိုက်၊ သူတို့က ထိုးလာလိုက်၊ ပီတွေ ပြန်ဆုတ်လိုက်။
အောင်မယ်... သူတို့ကသာ ထုပ်ဆီးထိုးနေတာ ရွာသားတွေခမျာတော့ ပြေးလိုက်ဟ၊ ပုန်းလိုက်ဟ၊ ရွေ့လိုက်ဟ... ကြာတော့ ပရုတ်လုံးလို လုံးပါးပါးလိုက်လာ တယ်။ မြို့ပေါ် ကောင်းနိုး ရွေ့သွား... ဟိုရောက် ဧည့်စာရင်းစစ်ခံရ၊ ပေါ်တာဆွဲခံရ၊ အလုခံရ၊ ရွာကျန်ခဲ့တဲ့ အိုးအိမ်တိုက်တာက အခိုးခံရ။ သွပ်တွေ ဖြုတ်ခိုး၊ သစ်သား တံခါးတွေ ပြတင်းတွေ အခိုးခံရ။ အတွင်ပစ္စည်းတွေရော ဆိုရင်၊ အဲဒါတွေက အရင်ကတည်းက ပြောင်ပြီလေ။ အတွင်းပစ္စည်း အပြင်ပစ္စည်းကတော့ ထားပါတော့ လူ့အသက်တွေလည်း ပရုတ်လုံးပါပဲ။ နို့ပေမဲ့ ပထမဆုံးအကြိမ်တုန်းက အဲဒီအဒေါ်ကြီးက သတ္တိခဲဗျ။ အိမ်ကနေ ဘယ်မထွက်ဘူး။ အဒေါ်ကြီး ထွက်ခဲ့၊ ထွက်လို့ရတုန်း ပြေးရအောင် ခေါ်တော့ 'ဟဲ့ အရှေ့ရပ်က နဂါးတွင်းကျနေတယ် မသွားကြနဲ့အုံး'တဲ့။ အဲဒီတော့ ကျနော်တို့တောင် ကြောင်သွားတယ်။ အဒေါ်ကြီး ခင်ဗျားနဂါးက နောက်မှ ဟိုးမှာ ဘီလူးတွေ လာနေပြီလို့ ပြောတာကို မရပါဘူး။ ကျနော်တို့ တရားချ မရလို့၊ ထားခဲ့ရတယ်။ အချိန်နဲ့အမျှ အရေးကြီးနေတာကိုး။ သူကတော့ ဗုံးခို ကျင်းထဲမှာ 'ဗုဒ္ဓံသရဏံ ဂစ္ဆာမိ'နေသလား၊ ကိုကြီးကျော်နဲ့ ခွက်တိုက်နေသလား မသိဘူး၊ ကျန်ခဲ့တယ်။ ဟိုဘက် ဒီဘက် အကြိတ်အနယ် ဖြစ်နေတဲ့ကြားကနေ အဒေါ်ကြီးကို 'ပီ' တွေက ကယ်ထုတ်လာရတယ်။
ဖိုက်တာ၊ ဝိုင်တွဲ၊ အမ်အိုင်သာတီဖိုက်၊ စစ်ကြောင်းသုံးလေးကြောင်း အဲလို တွဲလာတာကိုး။ သမဝါယမဆိုင် အားကျလို့ထင်ပါရဲ့။ 'ဆပ်ပြာလိုချင်ရင် အပ်ချည်လုံးနဲ့ တွဲယူရမယ်'ဆိုတာမျိုး။
ကျနော်တို့ ရွာပြန်ကပ်တော့ အဒေါ်ကြီးတို့ လိုက်မလာပါဘူး။ တောထဲမှာပဲ နေအုံးမယ်။ အေးချမ်းတယ်။ အိပ်ရေးဝဝ အိပ်ရတယ်။ ထမင်းကောင်းကောင်း စားရတယ်နဲ့ပေါ့။ ကျနော်တို့ကတော့ ရွာပြန်ကပ်လိုက် ပြန်ခွာလိုက်၊ အိမ်စောင့်နတ်နဲ့ရန်ဖြစ်ထားတဲ့အတိုင်းပါပဲ။ ကြာတော့ နားယဉ် မျက်စိအကျင့်သားရနေပါပြီ။ ဒါပေမယ့် ရွာထဲမှာ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ မီးရှို့ခံထားရတဲ့ ဝိုင်းပြာပုံတွေ၊ ဖရိုဖရဲ ပျက်စီးနေတဲ့ အိမ်တွေ၊ ခြံတံခါးပိတ် အပြီးပြောင်းသွားတဲ့ အိမ်တွေရယ်... ရွာပျက်ကြီးပါပဲ။ ဖြစ်သလို နှလုံးသွင်းနေရတာပေါ့။
ဘယ်မှာဖြစ်ဖြစ် ကိုယ့်အိမ်လောက်တေ့ာ မပြည့်စုံပါဘူး။ တချို့ ပြန်လာကြတယ်။ အဲဒီထဲ အဒေါ်ကြီးတို့လည်း ပါတယ်။ အဒေါ်ကြီးတို့ ပြန်ရောက်တယ် ကြားလို့ သွားလည်တယ်။ ခြံဝင်းထဲ မြက်တွေ ရှင်း၊ ကိုင်းတွေ ခုတ်၊ မီးရှို့တန် ရှို့၊ အိမ်ထဲလည်း ကူရှင်းပေးပေါ့။ ကျနော်တို့ လူငယ်တွေ သန့်ရှင်းရေးနဲ့ အလုပ်ရှုပ်နေသလို အဒေါ်ကြီးတစ်ယောက်လည်း မနားရပါဘူး။ ဘုရားစင် သန့်ရှင်း၊ ရေတော်ပန်းတော် ကပ်၊ ပြီးတော့ အောက်နားကပ်လျက်က နတ်စင် သန့်ရှင်း နတ်ပန်းနတ်အုန်း ဆွဲပေ့ါ။ ပြီးတော့ လက်စွဲတော်ဗေဒင်ပြက္ခဒိန်ကြီး ထုတ်ချိပ်ပါလေရော။ သားသမီးတွေက မျက်မှောင်တွေ ဝိုင်းကုတ်၊ ကျနော်ကတော့ စပ်ဖြဲဖြဲပါပဲ၊ ထားလိုက်ပါကွာ ဆိုတဲ့သဘော အရိပ်အကဲ ပြလိုက်ရတယ်။ လူတွေက ဒီလိုပဲလေ အစွဲ လွယ်လွယ် မကျွတ်ဘူး မဟုတ်လား။
ကျွတ်ချိန်တန်တော့ အကျွတ်တန်းဝင်ရတာပါပဲ။ တဖြည်းဖြည်း ညှိုးနွမ်းလာတဲ့ ပန်းကလေးကြည့်ပြီး တရားထူးရသေးတာပဲ။ တနေ့က ရွာစပ်နား 'အုံး'ခနဲ ဗုံးသီးကြီး ကျလာတယ်။ အခင်းဝင်နေတဲ့ ပေါင်းသင် သုံးယောက် သေသွားတယ်။ တစ်စစီ။ ဘယ်က ပစ်လိုက်မှန်း မသိဘူး။ တိုက်ပွဲလည်း မဖြစ်ဘူးဆိုတော့ လူတိုင်း အလုပ် လုပ်နေကြတာပေါ့။ ထန်းတက်သူ၊ ထန်းလှီးသူ၊ ထွန်ယက်သူ၊ ပေါင်းပေါက်သူ... မလုပ်ရင် ဘယ်သူက လာကျွေးမလဲ။ ဘုန်းကြီးကျောင်းတောင် ဟင်းပေါင်း မလွယ်တော့ဘူး။ ကိုယ့်အရေးနဲ့ကိုယ် ဒုက္ခများနေချိန်မှာ နူရာဝဲစွဲပေါ့လေ၊ လက်နက်ကြီး အထုခံရတယ်။ လုပ်လက်စတွေ ပစ်ချပြီး ဝေးရာ ပြေးရတာပေ့ါ။
အဒေါ်ကြီးက ရှေ့ဆုံးက။ ကျနော်က ပြေးရင်းလွှားရင်း အရွှန်းဖောက်ချင်လာတယ်။ 'အဒေါ်ကြီး န ဝါ ဝါ မြောက် မဟုတ်ဘူးလား'ဆိုတော့ 'သေနာလေး မောရတဲ့ အထဲ၊ မပြေး သေမှာပေါ့၊ အမြောက်ဆံကြီးတွေက နည်းတာမဟုတ်ဘူး အသံနဲ့တောင် အိမ်ပြိုတော့မယ်'တဲ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar