ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မတော်တာတွေ အကုန်လှန်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မတော်တာတွေ အကုန်လှန်
မိုးမခ ၊ ဇွန် ၂၄ ၊ ၂၀၂၅
BPLA သင်တန်းဆင်းပွဲပုံတက်လာတော့ တော်တော်လူးခါသွားကြတဲ့ထဲမှာ နှစ်ဖက်စလုံး ပါနေကြတာကတော့ မထူးဆန်းဘူးလို့ ဆိုရမယ်။ မနာလိုစိတ် ဝန်တိုစိတ်ကတော့ မဖောက်မပြန် အမှန်ပရမတ်တရား ဆိုတော့ကား ဘယ်ဘက်ကလူ နေနေ ဖြစ်တာကိုး။ ရေခံ မြေခံတော့ မတူဘူးပေါ့။ ဗျောက်ချိတ်တာချင်း တူပေမယ့် ဟိုဘက်က ကြောက်စိတ်၊ ဒီဘက်က ဂေါက်စိတ်။
တော်လှန်ရေးအုပ်စုခေါင်းကြီးပိုင်းရဲ့ ညီညွတ်မှုကို မြင်ရသလို BPLA ရဲ့ အကောင်ထွားလာမှု အတန်းဝင်လာမှုကိုလဲ သိသိသာသာ မြင်ရပါတယ်။ အဲဒီတော့ အကောင်ထွားမလာသူတွေ ကျန်ရစ်သူတွေက ဂျေဝင်တာကလဲ သဘာဝပဲ ဆိုပါစို့။ အဲဒါက ဘုံရန်သူတူတော့ ပြဿနာမဟုတ်ပါဘူး။ ခြေထိုးခံတဲ့အဆင့်ထိ မရောက်ဖို့ပါဘဲ။ လောလောဆယ် PLA ရဲ့ အောင်မြင်မှုကိုတောင် စိတ်ပါလက်ပါ မဖြစ်ကြတာကြည့်ပေါ့။ သူ သိမ်းတော့ ဘာရတုန်းဆိုပြီး မဆိုင်တာနဲ့ တိုင်းတာနှိုင်းစာကြတာလည်း ရှိရဲ့။ သူ့ကြောင့် ဘတ်ဘတ်ကြီးတို့အုပ်စု ဆုံးကြရတဲ့လူတွေ သုံးကြရတဲ့ခဲယမ်းတွေ ရှုံးကြရတဲ့စိတ်ဓာတ်တွေ မကြည့်ဘူး။ ဂျက်ဖိုက်တာတစီး ပြုတ်ကျတာကိုတောင် မှေးမှိန်ပစ်ချင်တာမျိုးတွေ တွေ့ရတယ်။ တချို့ကျ မလိုတမာသာ ကွယ်ရာပြောတာ၊ ရလဒ်ကျ ဖြတ်ခုတ်ချင်သေး။ ရောရောင်ပါးပြောင်လိုက်သေး။ အင်းလေ ဒီခရီးက ဒီလို ထေ့ရင်းငေါ့ရင်း ပါးပါးလှီးရင်း ချနင်းရင်း တက်နင်းရင်း ဖျံကျရင်း လှန်ချရင်း ဟန်လုပ်ရင်း မန်ထုတ်ရင်း စားမန်ခုတ်ရင်းလျှောက်လာကြတာ၊ နည်းတဲ့ခရီးမှတ်လို့။ ခရီးတသောင်းကို ခြေတလှမ်းက စခဲ့ကြတာ ခရီးပန်းတိုင်နားတောင် ရောက်လာပါပကော။
ပန်းတိုင်နီးလာရင် ဒီလိုမဖွယ်မရာမှုမျိုးတွေတော့ ဝိုင်းဝန်းဖော်ထုတ်ရှုတ်ချ အရေးယူကြမှဖြစ်မယ်နော်။ ဘယ်လိုဟာလဲဆို ရေးပြောက်ကျားတပ်က သင်တန်းပေးရင်း သင်တန်းဆရာက ရိုက်သတ်လို့ သင်တန်းသားနှစ်ယောက် သေတဲ့ဟာမျိုးတွေပေါ့။ ဒီသတင်းဖတ်ရတာ အတော်ဆိုးရွားပါတယ်။ အဲဒီတပ်က ဒေါနစစ်ကြောင်း (၂) ရဲ့ လက်အောက်ခံတပ်တဲ့။ ကိုယ့်သင်တန်းသားကို သေအောင် ရိုက်သတ် အပြစ်ပေးရတယ်လို့ဗျာ၊ ဖက်ဆစ်စိတ်ဓာတ် မွေးပေးနေသလိုပါဘဲ။ အဲဒီလိုသူများကို သေအောင် ရိုက်သတ်တဲ့ ရဲဘော်ဂျော့ကို ထောင်ထဲထည့်တော့ ထောင်စည်းကမ်းအရ အဝင်မှာ ကြိမ်ဒဏ်ငါးချက်ပေးတာကိုကျ လက်မခံနိုင်ဘူးဆိုဘဲ။ အဲဒါကြောင့် တပ်ရင်းထဲ ပြန်ခေါ်သွားသတဲ့။ ကြားရတာတွေက ဘာမှအဆင်ပြေမနေဘူး။
အဲဒီထက်ဆိုးတာကတော့ ယောကာကွယ်ရေးတပ်ရဲ့ လုပ်ပုံ။ ကိုယ့်လူအချင်းချင်း ထောင်သွင်းအကျဉ်းထည့်။ စစ်ကြောရေးလုပ်။ ရဲဘက်ထုတ်သလို အလုပ်ကြမ်းနဲ့နှိပ်စက် အသက်မသေရုံလေးကျွေးထား စစ်ကြောရေးများဆို ဗိုက်ကို မီးရှို့စစ်တာတောင် ပါသေးဆိုဘဲ။ အဲလောက်ရက်စက်တဲ့ခေါင်းဆောင်ဟာ ဘယ်သူလဲဆိုတာတော့ ဖော်ထုတ်ဖို့ လိုပါတယ်။ ချင်းညီနောင်တို့ AAတို့လဲမဟာမိတ်လုပ်ထားတာဆိုတော့ ကူညီဖြေရှင်း တော်လှန်ရေးဂုဏ် မသိမ်ဖျင်းအောင်တော့ ဝိုင်းလုပ်ကြဖို့ လိုပါတယ်။
ကရင်နီဘက်က မောက်ခန်းဝါရဲ့ မိန်းခလေးတွေပေါ် လိင်ပိုင်းစော်ကားမှု လုပ်ရုံတင်မကဘဲ တော်လှန်ရေးကိုပါ မုဒိမ်းကျင့်တဲ့ လုပ်ရပ်တွေကိုလဲ သက်ဆိုင်ရာတွေက အမြန်ဖော်ထုတ်အရေးယူဖို့လိုပါတယ်။ လိုင်းပေါ် ရောက်လာလို့သာ၊ မရောက်ရင် ဘယ်လောက်လှိုက်စား ဒုက္ခများကြမယ်မှန်း တွက်မရ။ အညာဘက်တွေမှာလဲ သတင်းမတက်လာအောင် ထိန်းချုပ်တာ၊ အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ မလွန်ဆန်နိုင်တာတွေ များလွန်းလို့ သတင်းတက်မလာတဲ့မတရားမှုပေါင်း သောင်းခြောက်ထောင်ရှိတယ်လို့ ပြောကြပါတယ်။ တပ်မဟာ ၉နယ်မြေ မဲစောက်မှာလည်း အများကြီးပါ။
လောလောဆယ် ရဲဟိန်းအောင် ခေါ် ဖိုးသင်္ကြန်အမှုဟာ နမူနာပေါ့။ သူ့ရဲ့ ဘာဥပဒေမှကို မလိုချင်ဘူးဆိုတဲ့အချက်ဟာ ဒီအကွက်တွေခင်းဖို့ လိုဖြစ်နေတာပေါ့။ ထိုင်းဘက်မှာ ဂရန့်တွေ မိုနိုပိုလီလုပ်ပြီး လိင်အကြမ်းဖက်ဂိုဏ်း ထောင်ထားသူတွေ မနည်းပါဘူး။ လူ့အခွင့်အရေးတွေ၊ တိရစ္ဆာန်အခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေ၊ ကလေးအခွင့်အရေးတွေ၊ ကျင့်ဝတ်တွေ၊ စံနှုန်းတွေ အမြဲပြောပြီး ဂရန့်တင် ပရောဂျက်တင် လုပ်စားနေသူတွေ ကြောင်သူတော်တွေ တော်လှန်ရေးကုပ်စီးတွေက သီးသန့်ကျူးလွန်တဲ့ မဟာယုတ်ကန်းမှုကြီးတွေ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြီးတွေ၊ အရွယ်မရောက်သေးသူတွေအပေါ် လိင်ဖြားယောင်းမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေ၊ သက်ရွယ်မုဒိမ်းမှုတွေ ငွေကြေးအလွဲသုံးစားမှုတွေ အက်တစ်စီတီဇင်ရှစ်စိတ်ပျောက် စားခွက်ပျောက်မှာကြောက် ဖုံးဖိပေးမှုတွေလဲ အများကြီးပါ။ လူ့အဖွဲ့အစည်းကို အပြောင်းအလဲ လုပ်မယ်ဆိုတဲ့သူတွေကပဲ ငွေအလွဲသုံးစားရော လိင်အသုံးစားရော ကျူးလွန်ကြ၊ ဖုံးဖိပေးကြနဲ့ တက်ကြွလှုပ်ရှားနိုင်ငံသားတွေပီပီ အတော်တက်တက်ကြွကြွဖြစ်နေကြပါတယ်။
စစ်ရေးကတော့ တရွာလုံးနဲ့ တယောက် ဆိုတော့ အေးဆေးပါ။ တရွာလုံးက ပြန်မချသေးတော့ ဓားပြဗိုလ်ဟာ သူ့သေနတ် ကြောက်ပြီး အကုန်ဒူးထောက် လက်မြှောက်ကြတယ်ချည်း ထင်နေတာကိုး။ ဟောက်လိုက် ခြောက်လိုက် သောက်လိုက် စားလိုက် တွေ့တဲ့အိမ်က လိုချင်တာယူလိုက်ကနေ သူများသားမယား မဟားဒယားပြုတဲ့အဆင့်ထိ ရောက်လာတော့ ဟာ ဒီကောင် များပြီ၊ ထားလို့မရတော့ဘူးဆိုပြီး ဝိုင်းတီးတော့မှ အမြီးမြှောက်ဖို့ အီးပေါက်ဖို့ကို မလွယ်တော့မှန်း သိတော့တာကိုး။ ခုတော့ ကျောင်းမှန်းကန်မှန်းတင်မက ဇရပ်မှန်းအကြော်တဲမှန်းပါ သိပြီပေါ့လေ။ ဗိုလ်ကျပြီးဆက်စားစရာလည်း မရှိတော့၊ ထွက်သွားစရာလည်း မရှိတော့။ အသက်နားစရာပဲ ရှိတော့တာကိုး။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar