Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၆)

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၆)

မိုးမခ ၊ ဇွန် ၂၄ ၊ ၂၀၂၅


ပွဲပြီး မီးသေ၊ ဆိုကြပေလည်း

မွေးနေ့ပွဲပြီး၊ ငါးရက်နီးတိုင်

ကဗျာခိုင်များ ပွင့်နေဆဲ။ ။


၁၃၁ ပုဒ်မြောက် ကဗျာကနေ စပါတော့မယ်။ ဆရာ နိုင်မြန်မာကတော့ သူ့ချစ်သူအတွက် ကဗျာလေး တပုဒ် စပ်ပေးတယ်တဲ့။ ကဗျာဆရာ တင်မိုးကလည်း သူ့ချစ်သူအတွက် ကဗျာလေးတွေ စပ်ပေးသလို သူကြည်ညိုရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာ သုံး လေး ငါး ခြောက်ပုဒ်က စပ်မယ်ထင်တယ်။ ဆရာ ဌေးအောင်ကိုနဲ့ ဆရာထိန်လင်းတို့ကလည်း အမေစု ကဗျာများ စာအုပ်တွေ ကိုယ်စီ ထုတ်ကြတယ်။ အများကြီး အများကြီးပါ။ မောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း အမေ့အတွက် ကဗျာများ ရေးစပ်ပါတယ်။


(၁၃၁)


မဆွဲပဲမြင်ရတဲ့ပန်းချီကား (မောင်စိန်ဝင်း (ပုတီးကုန်း)


မ ဆွဲ ပဲ မြင် ရ တဲ့ ပန်း ချီ ကား တ ချပ်..

မ ဖတ် ပဲ ခံ စား ရ တဲ့ က ဗျာ...

ဘာ မှ မ ရှိ တဲ့ ပြည့် စုံ မှု......

သူ့ မျက် ၀န်း မှာ တွေ့ ပါ တယ်..။

မ ထွင်း ပဲ ပေါ် တဲ့ ပုံ ရိပ်..

မ အိပ် ပဲ ရ တဲ့ အိပ် မက် ရှည်...

မ သီ ပဲ ဖြစ် တဲ့ ပန်း တ ကုံး..

သူ့ အ ပြုံး မှာ ရှိ ပါ တယ်.....။

မ ဆို ပဲ ကြား တဲ့....တေး

မ ရေး လဲ ထင် တဲ့...စာ

မ သာ လည်း လင်း တဲ့...လ

သူ နဲ့ ကျ မှ ကြုံ ဖူး တယ်။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)


နောက်တပုဒ်ကတော့ ရေးသူအမည် မသိပါ။ ရေးသူအမည် မပါ။ ခေါင်းစဉ်မပါ စု ကဗျာတွေ လက်ခံရရှိတာတွေလည်း တချို့ ပါဝင် လက်ခံရရှိပါတယ်။ နောင် ဖော်ပြရင် (ခေါင်းစဉ်မဲ့ကဗျာ) (အမည်မသိစာဆို) လို့သာ ဖော်ပြပါမယ်။


(၁၃၂)


အိမ်ပြန်ချိန် (အမည်မသိစာဆို)


သားနဲ့သမီး

အုံ့ကြီးမြိုင်လယ်

တောတောင်စွယ်ထက်

နွယ်လက်ကိုရှင်း

ခြင်္သေ့နင်း၍

ဇွတ်တင်းတွယ်တက်

သပြေခက်တွေခူးနေတယ်...။


အမေပြန်လမ်း

သပြေပန်းနဲ့

လက်ကမ်းကြိုဆိုဖို့လေ...။


သက်ရှည်ကျန်းမာ

အေးချမ်းစွာနဲ့

ပြန်လာခဲ့ပေါ့မေမေရယ်...။ ။


(၁၃၃)


ဓမ္မကို ကြည့်ပါ ( မိတ်ဆွေရဟန်းကျော် )


ဆယ့်ကိုး ဇူလိုင်

မမေ့နိုင်ခဲ့

အာဇာနည်တွေ

ကျဆုံးလို့။

ဇွန်လ ဆယ့်ကိုး

မမေ့ရိုးပေါ့

ဇာနည့် သမီး

မိခင်ကြီးမှာ

ချုပ်တည်းခံရ

အမှောင်ကျ။

ဘုရားသားတော်

ရဟန်းကျော်နှင့်

ဘုရားဒကာ

ကျောင်းဒကာတို့

အလျှံ ပေါဝေ

မြန်မာ့ပြေ(ပြည်)တွင်

လူကောင်း လူတော်

လူမော် လူစစ်

မျိုးဆက်သစ်တို့

ဖြစ်ခွင့် မသာ

ပေါ်ခွင့် မရှိ

ရှင်ခွင့် မရ

အတိဗာလ လူ့အန္ဓတို့ မင်းမူကြ။

ပတိရူပ ရပ်ဒေသမှ ဟုတ်ပါစ။

ထေရအကျော် ဆရာတော်တို့

ကူကြ ကယ်ကြ ဆုံးမကြ။

အဓမ္မဟု

ပေါ်မှု ထင်ရှား

လုပ်ရပ်များကို

ဟန့်တား မပြု

လျစ်လျူရှုက

အရှင်တို့ မြေ

မြန်မာ့ပြေ(ပြည်)တွင်

ဟိုယခင်က

ကြည်လင် ရွှင်ပြ

ရွတ်ဆိုကြသည့်

သံဃံ သရဏံ ဂစ်ဆာမိ

ဘယ်ဆီ ရောက်ပ ပျောက်နိုင်၏။

အရှည် မျှော်ကြ တောင်းပန်၏။

ကိုယ်ကျိုး စွန့်ဘိ ဓမ္မ ကြည့်။ ။

(မိတ်ဆွေရဟန်းကျော်)


(၁၃၄)


သူ ပန်တဲ့ပန်း (ရန်လင်းအောင်)


သူပန်တဲ့ပန်း ပြည်သူပန်း

သူပန်တဲ့ပန်း နိုင်ငံပန်း

သူပန်တဲ့ပန်း မေတ္တာပန်း

သူပန်တဲ့ပန်း ဓမ္မပန်း

တော်လှန်လမ်းတလျှောက်

တော်လှန်ပန်းတွေ

ရဲရဲပန်ခဲ့ ရဲရဲပွင့်ခဲ့

ပန်းပန်လျက်ပဲ လမ်းမှန်ချီတက်ဆဲ

ပန်းပန်သူသာ ပန်းရနံ့ကိုရမယ်

သေနတ်ကိုင်သူ ယမ်းနံ့ပဲရမယ်

ပန်းပန်သူနဲ့ပန်းရနံ့တွေဟာ

ရဲရင့်မွှေးပျံ့စွာ

အတူတူပန်းဝင်ကြရမှာ

ယုံတယ် -

(ရန်လင်းအောင်)

၁၈.၆.၂၀၂၁

ပန်းချီ - နီဇူလိုင်


(၁၃၅)


သမိုင်းပေးတဲ့အမွေ (ဌေးအောင်ကို)


ဗိုလ်မင်းရောင်ဆိုတဲ့ အဘိုး

စနစ်ဆိုး ကိုလိုနီကို

ထီမထင်တဲ့ မြို့လုလင်သား

တိုင်းပြည်အတွက် အသက်ပေးသွားတာ

သမိုင်းမှာ အထင်အရှားရှိတယ်။


ဗိုလ်အောင်ဆန်း ဆိုတဲ့အဖေ

နယ်ချဲ့တွေရဲ့ ကျွန်ဘဝ

နွံနစ်နေရတဲ့ ပြည့်အရေးအတွက်

လက်မနှေးသူ အသက်ပေးလှူ

လွတ်လပ်ရေးကို အရယူခဲ့တယ်။


အောင်ဆန်းစုကြည် ဆိုတဲ့သမီး

အာဏာရှင်ကြီးငယ်အောက်မှာ

ပျောက်နေတဲ့ ဒီမိုကရေစီအရေး

အသက်ပေးရန်လည်း အသင့်ပါ

တချက်ကလေးမာန်လည်း မဝင့်ရှာ။


အာဇာနည်မျိုး သေရိုးမရှိ

အာဏာရှင်ဆိုး ရှင်ရိုးမရှိ

လူသေရင်လည်း နာမည်မသေတာ

လူမသေလည်း နာမည်သေမှာ

အဲ့ဒါ သမိုင်းပေးတဲ့ အမွေပါ။ ။

(ဌေးအောင်ကို)


(၁၃၆)


ရာကျော်သက်တမ်းရှည်စေသော် (ဇော်)


ရှစ်ဆယ်သက်ပြည့်သည်ကနေ့

အားလုံးမမေ့ဆုတောင်းပွေ့

သူမကိုဖမ်းပြည်ညှိုးနွမ်း

ပြည်သူ့စိတ်ဝမ်းလွန်ပင်ပမ်း၏

ဖမ်းသည့်အပြစ်မှန်ဆန်းစစ်

တိုင်းပြည်ကိုချစ်အဲ့ဒါပြစ်တဲ့

ပြောသည့်စကားပိုင်နိုင်များ

အမှန်အမှားလွန်ထင်ရှား၏

ကမ္ဘာတလွှားခေါင်းမော့သွား

နေရာမရှားချစ်သူများ၏

သူမအတွက်မပျက်ကွက်

အများတွဲလက်မြန်ပြည်တွက်

ကျန်းမာရွှင်လန်းပြည့်သဲပန်းရာကျော်သက်တမ်းရှည်စေသော်။ ။

( ဇော် )


( ၁၃၇ )


ချစ်မြဲ ချစ်လျက် ချစ်ဆဲ (မင်းကျော်မြင့်)


▫️လရောင်က

ညအမှောင်ကိုမကြောက်မခြင်း

ကမ္ဘာမကြေသီချင်းကိုဆို

အမေအိုရှိရာမျှော်မှန်း

မမောမပမ်းစွာနဲ့

ကဗျာတမ်းချင်းတွေရေး

လွမ်းနေရဦးမယ်အမေ..။


▫️စပယ်တွေမွှေးနေသမျှ

တကယ်မဝေးသေးဘူးအမေ

နှင်းဆီရနံ့သင်းပျံ့နေသ၍

တွေ့ခွင့်ရမှာပါအမေ။


နယူတန်နိယာမ

တန်ပြန်သက်ရောက်မှု

ထပ်တူကျနေသမျှ

ချစ်မြဲချစ်လျှက်ချစ်နေဆဲပါအမေ..။ ။


#minkyawmyint

22th,June,2025


နောက်တပုဒ်ကတော့ ဆရာဘစိုးက အမေ့ပုံခဲခြစ်လေး ဆွဲရင်က အောက်က ကဗျာကို ရေးခဲ့ပုံရပါတယ်။ အမေ့ ၈၀ ပြည့်အတွက် ရေးတဲ့ကဗျာပေါ့။


( ၁၃၈ )


တုနှိုင်းမဲ့ (ဘစိုး)


အမေ့ရဲ့ ဂုဏ်ပုဒ်

အားထုတ် ကျိုးပန်း

အံ့မခန်း အလှတွေ

ဉာဏ်မမီဘူး အမေ။


ကဗျာလည်း မမီ

စာလည်း မပီတော့

ခဲပန်းချီလေးနဲ့

ပူဇော်မလေ။


စာကြွင်း။ တော်လှန်ဆရာမ နုယဉ်ရဲ့ အမေ့ပုံလက်ရာလှလှ‌ လေးကို ဖားတုလို့ ခရုခုန်ခြင်း မဟုတ်ရပါ။ ရင်တွင်း စေတ နာအရ အနဲငယ်မျှ တူရင်ဘဲ ဆွဲရကျိုး နပ်ပါပြီလေ။

(ဘစိုး)


( ၁၃၉ )

ရှင်တို့ပြောတော့_ကျမကို_ဖမ်းထားတယ်ဆို (နေမျိုးလင်း)


ရှင်တို့ ပြောတော့ ကျမကို ဖမ်းထားတယ်ဆို

လမ်းမပေါ်မှာ ကျမတွေ အများကြီးမြင်နေရပါ့လား။


ရှင်တို့ရဲ့ အကြောက်တရားတွေကို

ကျမတွေအများကြီးရဲ့ မကြောက်တရားက

ဝိုင်းထားပြီးပါပြီ။


ကျမက ဒီအခန်းထဲမှာ လွတ်မြောက်နေပြီး

ရှင်တို့က အပြင်ဘက်မှာ အကျဥ်းကျနေကြတယ်။


ရှင်တို့ တံတားတွေပိတ်လည်း

ကျမတွေက ရေထဲကချီတက်လာနေကြပြီ။


ကျမအသံက ဂရယ်ဗယ်တီအဖြစ်

မှုတ်ဆေးဘူးထဲကထွက်လာနေပြီ။


ရှင်တို့ရဲ့ ကြောက်အားလန့်အား ပစ်ဖောက်တီးခတ်သံမှာ

ကျမတွေအများကြီးက

ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေလို့

ဆုတောင်းပေးတာ ပျော်ကြရဲ့လား။


ရှင်တို့က မြစ်ကိုဖမ်းထားဖို့ ကြိုးစားနေတဲ့

ကြောက်ခဲတွေပဲ။


ကျမက ပန်းချီ ကားထဲမှာ

ကျမက သီချင်းထဲမှာ

ကျမက ကဗျာထဲမှာ

ကျမက စာအုပ်တွေထဲမှာ

ကျမက တော်လှန်ရေးထဲမှာ

ကျမက သင်ရိုးညွှန်းတန်းထဲမှာ

ကျမက မိန့်ခွန်းတွေထဲမှာ

ကျမက တစ်ချို့နှလုံးသားထဲမှာ

ကျမက တစ်ချို့သွေးကြောထဲမှာ

ကျမက အမှန်တရားထဲမှာ

ကျမက ဓမ္မတရားထဲမှာ


ရှင်တို့ပြောတော့ ကျမကိုဖမ်းထားတယ်ဆို

စိတ်ကိုငြိမ်အောင်ထားပြီး ချွေးသီးတွေသုတ်လိုက်အုံး။


ရှင်တို့ပြောတော့ ကျမကိုဖမ်းထားတယ်ဆိုပြီး

ဖမ်းထားတဲ့ရှင်တို့ကပဲ လွတ်အောင်ပြေးနေတယ်လား။ ။

(နေမျိုးလင်း)


( ၁၄၀ )

စုရဲ့မွေးနေ့မင်္ဂလာ (တင်မိုး)


အကျဉ်းစံ အညှင်းခံ၍

နိုင်ငံအတွက် အသက်ပုံ

လူထုကိုယုံတဲ့ လူထုခေါင်းဆောင်

အသက်တထောင် ရှည်ပါစေ။


လွတ်လပ်မှုနဲ့ အမှန်တရားအတွက်

စံထားရတဲ့ 'စု'ရဲ့ဂုဏ်

မြေဝသုန် ပဲ့တင်ရိုက်အောင်

ဦးခိုက်ပြီး အလေးပြုလိုက်ပါတယ်။


'အောင်ဆန်းစုကြည်'ဆိုတဲ့ သမီးကောင်း

ရွှေခမောက် သရဖူဆောင်းပြီး

ခွပ်ဒေါင်းတွန်သံ ကျုးရင့်

မြူးဝင့်ဝင့် ထူးတင့်တင့်

အဖူးအပွင့်တွေ ရောင်စုံလျှမ်း

အောင်ဘုံအောင်နန်း စံမြန်းပါစေ..

မြန်မာပြည်သူ ဆုထူးချွေတယ်

ကျက်သရေ တက်နေထွန်းပါစေ။ ။


(တင်မိုး)

ဇွန် ၁၉၊ ၂၀၀၁

(အိမ်မက်တိုင်းပြည် ကဗျာစာအုပ်မှ)


စုမွေးနေ့ ၈၀ ကြို ကဗျာများ ၁၆ ကို ကဗျာ အပုဒ် ၁၄၀ တိတိနဲ့ အဆုံးသတ်ပါပြီ။ အပိုင်း ၁၇ ဆက်လာပါဦးမည်။ စု ၈၀ ကဗျာ ၁၄၀ ဖြစ်ပြီပေါ့။ စု မွေးနေ့ဆုတောင်း ၈၀၀,၀၀ တုန်းကလဲ ၁၀၁,၀၀၀ ဖြစ်သွားတဲ့အထိ အောင်မြင်ခဲ့တယ်လေ။ ကဗျာတွေ ဟောင်းဟောင်းသစ်သစ် ဆက်ပို့လာကြပါဦး။ အပိုင်း ၁၇ မှာ ဆက်သုံးပါမည်။

ကဗျာပေါသူ

ကဗျာပေါများ

စုတဲ့လား

သူ့သားသမီး ပေါတာကိုး။ ။









Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar