Breaking News

တရုတ်ဖိအားနဲ့ သိမ်းထားတဲ့ နယ်မြေ တစတစ ဆုတ်ပေးလာရတဲ့ TNLA

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၈ မြင်ကွင်း

(မိုးမခ) ဇွန် ၉၊ ၂၀၂၅


တရုတ်ဖိအားနဲ့ သိမ်းထားတဲ့ နယ်မြေ တစတစ ဆုတ်ပေးလာရတဲ့ TNLA

တရုတ်နိုင်ငံနဲ့ အာဏာသိမ်းစစ်ကောင်စီ အစိုးရတို့ ဆက်ဆံရေး ကောင်းမွန်လာတာနဲ့ အမျှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာနိုင်ငံအရှေ့မြောက်ဒေသ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေ မှာ အခြေစိုက်ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအဖို့ ၄င်းတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို ပြန်လည်ချိန်ညှိ လာနေကြရတာ ဖြစ်ပါတယ်။ အမည်နာမနဲ့တကွ တိတိပပ ရည်ညွှန်းပြောဆိုရရင် MNDAA ကိုးကန့် လက်နက်ကိုင် အဖွဲ့၊ TNLA တအာန်းလက်နက်ကိုင်အဖွဲ့ နဲ့ KIA တို့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အဓိကအခြေစိုက်ပြီး မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့ ၃ ဖွဲ့ထည်း တဖွဲ့ပါဝင်နေတဲ့ AA လက်နက်ကိုင် အဖွဲ့ကတော့ အခြားသော လက်နက်ကိုင် အဖွဲ့တွေလို နယ်စပ်ကို အသုံးပြုပြီး ဝင်ပေါက်ထွက်ပေါက် အနေနဲ့ အသုံးပြုရတဲ့အချက်နဲ့ မဟာဗျူဟာ ကျတဲ့ ကုန်စည်ကူးသန်းဝယ်ယူမှုတွေအတွက် ငဲ့ကွက်စရာ မလိုတဲ့အနေအထား ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မသိနိုင်တဲ့ အခြေအနေတွေအရ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ လုံးဝကင်းရှင်းတယ်လို့တော့ ဆိုနိုင်ချင်မှ ဆိုနိုင်မှာ ဖြစ်ပါတယ်။

ယမန်နှစ် ၂၀၂၄ ခုနှစ်နှစ်လယ်ကျော်ကာလတွေအထိ မြောက်ပိုင်း ညီနောင်မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့ ရဲ့ နယ်မြေသိမ်းယူနိုင်တဲ့ အောင်မြင်မှုတွေက လျင်လျင်မြန်မြန် တိုးတက်လာခဲ့ရာက သြဂုတ်လ နောက်ပိုင်း တရုတ်နိုင်ငံရဲ့ မူဝါဒ အကွေ့အပြောင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ နယ်မြေသိမ်းယူမှုနဲ့ ထိန်းချုပ်မှုတွေကို ပြန်လည်သုံးသပ်လာရတဲ့ အနေအထား၊ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းလာရပြီး MNDAA ဆိုရင် စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲကြောင်း တရားဝင်အသိပေးလိုက်ရတဲ့ အနေအထားရောက်ရှိလာခဲ့တာပါ။

KIA နဲ့ TNLA အဖွဲ့တွေအပေါ်မှာလည်း တရုတ်နိုင်ငံအနေနဲ့ ဖိအားပေးမှုနဲ့ ညှိနှိုင်းမှုရှိနေမှာ အသေအချာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ထုတ်ဖေါ်ပြောဆိုတာ မရှိလို့ မသိရှိရပါဘူး။

အခုလတ်တလော TNLA က နောင်ချိုမြို့ကို တနှစ်ဝန်းကျင် သိမ်းယူထားပြီး မြို့နဲ့ မိုင်အတော်ဝေးဝေးမှာ ထိုးစစ်ဆင်နေခဲ့တဲ့ တောင်ခမ်းတိုက်ပွဲတွေမှာ TNLA က ဆုတ်ခွာပေးလာနေရာက နောင်ချိုမြို့ အနီးထိ တိုက်ပွဲရောက်ရှိလာပြီ ဖြစ်ပါတယ်။ နောင်ချိုမြို့မှာနေထိုင်နေကြတဲ့သူတွေ အဖို့ ဒုတိယအကြိမ် မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီ ဖြစ်ပါတယ်။ ၂၀၂၃ အကုန်နဲ့ ၂၀၂၄ မှာ TNLA က သိမ်းယူခဲ့တဲ့ မြို့ ၁၂ မြို့အထိရှိပြီး အဆိုပါမြို့တွေမှာ အုပ်ချုပ်ရေးဖေါ်ဆောင်နေခဲ့ရာမှာ အချို့သော မြို့တွေမှာ ရှိရင်းစွဲ တိုင်းရင်းသား လက္ခဏာ အမှတ်အသားတွေကို ဖယ်ရှားတာ၊ အချို့မြို့နယ်တွေမှာ စစ်ကောင်စီမဟုတ်တဲ့ တခြားသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာ၊ တပ်သားတွေ၊ ဆက်ဆံရေးရုံးခန်းတွေ အင်အားသုံး ရွှေ့ပြောင်းစေတာတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအချက်တွေက TNLA နဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေအကြား စည်းလုံးမှုကို အတိုင်းအတာတခုထိ သက်ရောက်မှုတွေ ရှိစေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးအပေါ် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတဲ့ ရှမ်းမြောက်ဒေသက မဟုတ်တဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း နဲ့ ဒုတိယပိုင်းတုန်းကလို နွေဦးတော်လှန်ရေး အောင်ပွဲခံဖို့ ရည်ရွယ်ချက်နဲ့ ပါဝင်ခဲ့တာမျိုးက ပြီးဆုံးသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီကာလတွေက ဘယ်လို သဘောတူညီမှုနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသလဲ ဆိုတာ ကာယကံရှင် အဖွဲ့အစည်းတွေက တိတိပပ ထုတ်ပြောဆိုတာမရှိတာကြောင့် အသေးစိတ် မသိနိုင်ပေမယ့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အများပြည်သူကို ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေအရတော့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် အဆုံးတိုင် တိုက်ခိုက်သွားမယ်သဘောမျိုး ပြောဆိုခဲ့ကြတာ ဖြစ်ပြီး လူအများကလည်း ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်မှာတင် ပြီးဆုံးမှာမဟုတ်ဘဲ နေပြည်တော်ထိ သိမ်းယူနိုင်ဖို့ ရည်မှန်းချက်ထားတယ်လို့ ယူဆမျှော်လင့်ခဲ့ကြတာပါ။

သို့ပေမယ့် အဲဒီမျှော်လင့်ချက်တွေက ယမန်နှစ် နှောင်းပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်းမှာ MNDAA ရဲ့ အပစ်ရပ် သဘောတူညီမှုနဲ့ သိမ်းယူထားတဲ့ လားရှိုးမြို့က ပြန်လည်ဆုတ်ခွာပေးရေး သဘောတူညီမှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေကြောင့် ပျယ်လွင့်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ နယ်မြေတွေ သိမ်းယူပြီးနောက် အုပ်ချုပ်ရေးတည်ဆောက်ဖို့ အခွန်အကောက်၊ သယံဇာတထုတ်ယူမှုတွေကို အာရုံစိုက်လာကြတာတွေက နိုင်ငံရေးဘုံရည်မှန်းချက်ထက် တဖွဲ့ချင်းရဲ့ အကျိုးစီးပွားကို အဓိကထားလာကြတယ်လို့ ကောက်ချက်ချရမယ့် သဘောသက်ရောက်လာခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ ဖိအားတွေအပြင် အခုဖေါ်ပြတဲ့ အကြောင်းအချက်တွေကလည်း ရှမ်းမြောက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတို့မှာ နယ်မြေသိမ်းယူနိုင်မှု တန့်သွားရတဲ့အကြောင်း အချက်ဖြစ်ပါလိမ့်မယ်။

လတ်တလော အခြေအနေကို ပြန်ကြည့်ရင် TNLA အနေနဲ့ နောင်ချိုမြို့ကို ကာကွယ်ဖို့ အနေအထားမှာ မဟာမိတ် ပူးပေါင်းတပ်တွေရဲ့ အကူအညီရယူနိုင်မလား၊ ဒါ့အပြင် လက်ရှိထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့တွေကိုပါ ဆက်လက်ထိန်းချုပ်ထားဖို့ စိမ်ခေါ်မှုတွေ ရှိလာမလား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာမယ့် အနေအထားဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် အပစ်ရပ်သဘောတူလိုက်ရတဲ့ MNDAA လို ဂုဏ်သိက္ခာ ထိခိုက်မှု မရှိစေဖို့ TNLA အနေနဲ့ အခုလို ခံစစ်ကို ခုခံတိုက်ခိုက်ရင်း တဖြည်းဖြည်း ဆုတ်ခွာပေးတာမျိုး ဖြစ်မလားဆိုတဲ့ ပူးပေါင်းကြံစည်မှု conspiracy theory ရှုထောင့်ကနေ တွေးဆမှုတချို့လည်း ရှိလာနေတာ မြင်တွေ့နေကြရပါတယ်။

ရှမ်းမြောက်ရဲ့ ၁၀၂၇ အရှိန်အဟုန် ရပ်တန့်သွားပြီး လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လက်ဝယ် ဆက်ထိန်းထားနိုင်ရေးက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ မဟာဗျူဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ မဟာဗျူဟာတွေ အပေါ်လည်း အဓိက မှီတည်နေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar