မောင်သော်တာ၊ တပ်ဦးလ၊ ဝဇီရာဒီဖိုး - လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်ကဗျာများ
သူမ
မောင်သော်တာ
နုပျိုခြင်း အိုမင်းခြင်းတွေဟာ ငါ့မျက်လုံးအိမ်ထဲ စီးဝင်လာတယ်
နံနက်ခင်းကျေးငှက်လေးတွေလည်း နုပျိုခြင်းထဲမှာ ချိုလွင်လို့
နဖူးဆံစလေးခွေနေပုံက အိုမင်းခြင်းအရိပ်လေးမျှသာ
နိုးထခြင်းနဲ့အိပ်စက်ခြင်းကြားက စက္ကန့်မိနစ်လေးတွေက သူမရဲ့အသက်ရှူသံနောက်ကို ကပ်လျက်လိုက်ပါနေတယ်
ဘုရားစင်ရှေ့ကလွင့်ပျံလာတဲ့အမွှေးတိုင်ရနံ့လေး ပြတင်းပေါက်ကတဆင့် သွန်ချပေးခဲ့သလား
ငြိမ်သက်အေးမြတဲ့ကိုယ်ငွေ့လေးကို ပုဝါခြုံထည်လေးထဲထည့်လို့
နှင်းဆီပွင့်က သူမရဲ့ကိုယ်ရံတော်
အပြုံးပွင့်တစ်ပွင့်က သူမရဲ့သက်တော်စောင့်
သူမဖေဖေရဲ့ စိတ်ဓာတ်တွေဟာ သူမဖတ်ဖို့ကျမ်းစာတွေပဲတဲ့
ခေတ်ကို ဆယ်ယူနေတဲ့ သူမရဲ့လက်တွေ
အမှောင်ကို ခါချပြီးစ ခန်းစီးစလေး လွင့်နေတယ်
သူမရဲ့ခရီးတွေဟာ တိုက်ခန်းတစ်ခုထဲဆွဲထည့်ခံနေရတာမဖြစ်န်ုင်ဘူး
ဘာကြောင့်လဲ ကောင်းကင်ရဲ့အာကာသဓာတ်ဟာ သူမရဲ့တိုက်ခန်းထဲမှာပျံ့နှံ့နေတဟ်လေ
ခြေချင်းဝတ်မှာ ပေကျံနေတဲ့ သံချေးတွေကို ခွါပြီး
လက်ဖျံနှစ်ဖက်ကိုရစ်ပတ်ထားတဲ့ ကြိုးလွန်းတွေကိုချွတ်လို့
သူမရဲ့စိတ်ဟာ ဝိပဿနာကျင့်စဉ်ထဲမှာ သိမ်မွေ့လိမ္မာဆဲလေ
ဘဝရဲ့အလင်းတစ်လှည့်အမှောင်တစ်လှည့် ထိုးဇာတ်တွေကို သူမဖတ်ထားပြီးခဲ့ပြီ
နှလုံးအိမ်ထဲကလိပ်ပြာလေးကို ခလုပ်မထိဆူးမငြိအောင်သူမ မွေးထားတယ်
ထမင်းဖြူဖြူလေးတွေက သူမရဲ့အသက်အိမ်ကို အားဖြည့်ခဲ့တာပါ
သူတပါးရဲ့မျက်ရည်တွေကို ဘယ်အခါမှမသောက်သုံးခဲ့သူလေ
သူမရဲ့မျက်ရည်တွေ အမှန်တရားကိုတွေ့ရှိထားတဲ့မျက်ဝန်းကိုတောက်ပစေခဲ့တယ်
သူမ တစ်ယောက်တည်းရှင်သန်စေတာမျိုးမဟုတ်ဘဲ သူမလို သူမပေါင်းများစွာဟာ
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို တွေ့မြင်စေခဲ့တာမျိုး
ကံပေးတဲ့ ခန္ဓာအိမ်က အိုမင်းလာပေမယ့် ဉာဏ်ပညာနဲ့တည်ဆောက်ထားတဲ့ခန္ဓာအိမ်က သူမရဲ့ရဲတိုက်ပေါ့
လာဟေ့ ညီအစ်ကိုတို့
တို့ကိုခင်းပေးထားတဲ့လမ်းဟာ သူမရဲ့သွေးသားစိတ်ဝိညာဉ်တွေနဲ့ ထုဆစ်ထားခဲ့တာပဲ
အချစ်အမုန်း အငြိုးအတေးမရှိတဲ့ သူမရဲ့သီချင်းသံကို နားစွင့်ကြည့်
၅ ဇွန်လ ၂၅
အနှစ် ၈၀ ပြည့် သူမသို့
....
အမေစုကို ချစ်တယ်
တပ်ဦးလ
အမေစုနဲ့တွေ့ရင်
သားသားပြောစရာရှိလို့ပါ
စာသင်နေရင်း လေယာဉ်ပျံတွေရောက်လာတဲ့အခါ
သားတို့ ဗုံးခိုကျင်းထဲဝင်ပုန်းရတယ်မေမေ
ဟိုတလောကမှ သားသူငယ်ချင်းတွေ
ဗုံးကြဲတဲ့အထဲ ပါသွားခဲ့တာမေမေ
သူတို့ လွယ်အိတ်တွေပဲကျန်ခဲ့တာမေမေ
ဆရာမက လက်ရေးလှကျင့်ခိုင်းတော့
သားတို့က
အမေစု ကျန်းမာပါစေ
အမေစု လွတ်မြောက်ပါစေ ဆိုပြီး
ဗလာစာအုပ်ထဲမှာ အစမ်းလေ့ကျင့်ခဲ့တာမေမေ
ဟိုဘက်ရွာက စာသင်ကျောင်းမှာဆို
အဲ့လို မရေးရဘူးတဲ့မေမေ
တွေ့တာနဲ့
ဆရာမက အပစ်ပေးတာတဲ့မေမေ
ပန်းချီပုံဆွဲခိုင်းရင်လည်း
သားတို့က အမေစုကြိုက်တဲ့ပန်းလေးတွေပဲရွေးပြီး
ဆွဲခဲ့တာ
သားသားဖေဖေဆိုရင်
သားကို ခဏခဏမေးတယ်မေမေ
သားကြီးလာတဲ့အခါ ဆရာဝန်ကြီးလုပ်မှာလား
စစ်ဗိုလ်ကြီးလုပ်မှာလားတဲ့
သားဘာမှမလုပ်ချင်ဘူး
အမေစုလို ခေါင်းဆောင်ကြီးလုပ်မယ်
ပြည်သူတွေကို စောင့်ရှောက်မယ်လို့ပြောလိုက်တယ် မေမေ
မင်းခုအချိန် အမေစုနဲ့ဖုန်းပြောခွင့်ရမယ်ဆို
သားအနေနဲ့ ဘာပြောချင်တာရှိလည်းတဲ့
တစ်ကယ်လား ဖေဖေ
ဟယ်လို
ဟယ်လို
အမေဒေါ်အောင်ဆန်းစုကြည်လား
သားသားဇေယျာဘုန်းထက်ပါ
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
......
ငါတို့အာလုံးရဲ့ အမေ
ဝဇီရာဒီဖိုး
ချုပ်လည်း မပြုတ်
သတ်လည်း မသေ
တို့ပြည်ထောင်စုရဲ့ အမေ။ ။
၁၁:၄၆
၈.၆.၂၀၂၅
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့သို့
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar