မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေးနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေအပေါ် သက်ရောက်နိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၅
မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေးနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေအပေါ် သက်ရောက်နိုင်ခြေ
မြန်မာနိုင်ငံသား အနည်းဆုံး ၃ သန်းလောက်ကနေ အများဆုံး ၆ သန်းလောက်ထိ နေထိုင်နေကြတယ်ဆိုတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ခုလပိုင်းတွေမှာ ဖြစ်ပွားနေပြီး အဲဒီလို ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်တာရဲ့ အကျိုးသက်ရောက်မှုတွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အကြပ်အတည်းကြောင့် နှစ်နဲ့ချီနေထိုင်နေကြရတဲ့ CDMတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမား၊ တော်လှန်ရေး အင်အားစုတွေထဲမှာ ပါဝင်နေသူတွေကို အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိနေတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ နဲ့ မြန်မာနယ်စပ်မြို့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ ခုသီတင်းပတ်တွေမှာ မကြုံဖူးတဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ကို လမ်းမှာတင်မက လူနေအိမ်တန်းလျားတွေ အထိ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မဲဆောက်မြို့မှာနေထိုင်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းကို ရောင်းချ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဖြစ်တဲ့ မြန်မာအစားအသောက်၊ မြန်မာအသုံးအဆောင် နဲ့ ဆံသဆိုင် အလှပြင်ဆိုင်လိုမျိုး ဝန်ဆောင်မှုတွေကိုလည်း အလုပ်လုပ်ခွင့် ဥပဒေနဲ့ မညီလို့ဆိုကာ ရှာဖွေစစ်ဆေး ဖမ်းဆီးနေတာ ကြားသိနေရပါတယ်။ အခုလို ဝင်ရောက်စစ်ဆေးတာမျိုးကို ဆယ်စုနှစ် ၂ ခုကျော်အတွင်း အဆိုးဆုံးကြုံတွေ့ကြရတာလို့လည်း ဆိုပါတယ်။
အခုလို စီးပွားရေးနဲ့ နိုင်ငံရေးအကြောင်းကြောင့် ထိုင်းနိုင်ငံမှာ မှီခိုနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့ အဆုံးစွန်စစ်ဆေးဖမ်းဆီးနေစဥ်မှာ ထိုင်းနိုင်ငံရဲ့ ဝန် ကြီးချုပ်ဖြစ်တဲ့ ပေထုံတန်ရှီနာဝဒ်ကို ထိုင်းအခြေခံဥပဒေခုံရုံးက ယာယီတာဝန်ရပ်ဆိုင်းမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ထိုင်းအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်ထွက်လာရတဲ့ အကြောင်းခံက ပေထုံတန် ရှီနာဝဒ်နဲ့ လတ်တလော နယ်စပ် မှာ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကာလရှည်ကြာစွာဝန်ကြီးချုပ်အာဏာကိုရယူခဲ့ပြီးသားဖြစ်သူကို ဝန်ကြီး ချုပ်ရာထူးမှာထားခဲ့တဲ့ ဟွန်ဆန်နဲ့ နှစ်ဦးချင်းဖုန်းပြောဆိုတဲ့အသံဖိုင်ကို ဟွန်ဆန်ဘက်က တမင်ရည်ရွယ်ဖြန့်ချိပြီးနောက် ထိုင်းနိုင်ငံ လက်ရှိအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရပြီး ဝန်ကြီးချုပ်ပေထုံတန် တာဝန်ကဆိုင်းငံ့ခံရတဲ့ အထိ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ တဖက်မှာ ကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်မှာ နှစ်ဖက်တပ်တွေ အဆင်သင့်ပြင်နေကြတဲ့အထိ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်မှာ စစ်ပွဲဖြစ်ပွားလာမလားဆိုတဲ့စိုးရိမ်မှုတွေအထိ ရောက်နေချိန် မှာ ညွန့်ပေါင်းအစိုးရအဖွဲ့မှာပါဝင်နေတဲ့ ပါတီတပါတီက နှုတ်ထွက်သွားရာက အစိုးရအဖွဲ့ အသစ်ပြန်ဖွဲ့ရတဲ့အနေအထားတွေ ရောက်ရှိနေတာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့လူစည်ကားရာ အောင်ပွဲခံကျောက်တိုင်တဝိုက် ဝန်ကြီးချုပ် ပေထုံတန် နှုတ်ထွက်ဖို့ လူထောင်ချီဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။
ထိုင်းနိုင်ငံအနေနဲ့ စီးပွားရေးနှေးကွေးမှုကတဆင့် အမျိုးသားရေးဝါဒပြင်းထန်တဲ့ အချို့သော ထိုင်းနိုင်ငံသားတွေက အိမ်နီးချင်းမြန်မာနိုင်ငံက သန်းနဲ့ချီလာရောက်နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာ နိုင်ငံသားတွေအပေါ် ကြပ်မတ်ဖို့ လှုံ့ဆော်ကြတာတွေရှိလာနေပြီး တဖက်မှာ ထိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်နေစဥ်မှာပဲ မဲဆောက်မြို့ မှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေကို စစ်ဆေးဖမ်းဆီး ဒဏ်ရိုက်တာနဲ့ အချို့ကို ပြန်ပို့တာတွေအထိ ဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေးဟာလည်း ပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့သူတွေ အပြည့်အဝအာဏာရ ပြီး စီမံခန့်ခွဲခွင့်ရှိတဲ့တည်ငြိမ်ပြီး ပြည့်ဝတဲ့ဒီမိုကရေစီစနစ်မျိုးတော့ မဟုတ်ပါဘူး။ ကမ္ဘာမှာ စစ် တပ်အာဏာသိမ်းမှု အကြိမ်ရေအများဆုံး နိုင်ငံတနိုင်ငံအဖြစ် ထင်ရှားတဲ့ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်များစွာ နိုင်ငံရေးနယ်ပယ်မှာ အင်အားချိန်ခွင်လျှာ ထိန်းသိမ်းနိုင်ခွင့်ကို ထိုင်းစစ်တပ်က ရထားပြီး စစ်တပ်ရဲ့ အကျိုးစီးပွား၊ လုပ်ပိုင်ခွင့်ကို ခြိမ်းခြောက်လာမယ်လို့ ယူဆတဲ့ နိုင်ငံရေးသမား နိုင်ငံရေးပါတီတွေကို နည်းအမျိုးမျိုးနဲ့အာဏာမရအောင်လုပ်ဆောင်တာ၊ အာဏာရခဲ့ရင်တောင် သက်တမ်းကြာမြင့်စွာတာဝန်မထမ်းဆောင်နိုင်အောင် အမှားစောင့်ပြီး စစ်အာဏာသိမ်းခြင်း သို့မဟုတ် ဝန် ကြီးချုပ်ကို တာဝန်မှရပ်ဆိုင်းအောင် လုပ်ခြင်းအားဖြင့် လိုသလိုပုံသွင်း နေကြတာ ဖြစ်ပါတယ်။
အခုလတ်တလော အခြေအနေမှာ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တယ်ဆိုရင်တောင် ထိုင်းနိုင်ငံက လူထုနဲ့ ကမ္ဘာက မအံ့သြကြတော့မယ် အခြေအနေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ထိုင်းစစ်တပ်က ၂ ကြိမ်တိုင်တိုင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ စစ်အာဏာ ၂ ကြိမ်သိမ်းပြီး အခြေခံဥပဒေပြင်ဆင်ရေးဆွဲ အတည်ပြုပြီးနောက် နှစ်ကာလတခုရောက်မှ စစ်တပ်က နိုင်ငံရေး အာဏာကို ရွေးကောက်ပွဲ ကျင်းပပြီး ပြန်လည်လွှဲအပ်လေ့ ရှိတာတွေ့ရပါတယ်။
ထိုင်းမှာစစ်အာဏာသိမ်းတာနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာချင်းက သဘောသဘာဝ အခြေ အနေတွေတော့ အများကြီးကွာခြားကြပါတယ်။ စစ်အာဏာသိမ်းတယ်ဆိုတဲ့အရာက နိုင်ငံရေးမှာ မလိုလားအပ်တဲ့အရာ၊ နောက်ပြန်ဆုတ်မှုအဖြစ် အားလုံးလက်ခံထားကြပြီး ဖြစ်ပါတယ်။ စစ်အာ ဏာသိမ်းတာချင်းတူသည့်တိုင် ထိုင်းနိုင်ငံက ဘာကြောင့် မြန်မာထက် တည်ငြိမ်ပြီး ပြည်တွင်းစစ် မီးတောက်ထဲမကျရောက်တာလဲဆိုတဲ့ မေးခွန်းလည်း မေးကောင်းမေးပါလိမ့်မယ်။ ဒီမေးခွန်းရဲ့ အဖြေကတော့ ထိုင်းစစ်အာဏာသိမ်းမှုက ထိုင်းစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်၊ လူမှုရေး၊ ပညာ ရေးနဲ့ အခြားပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေကို အောက်ခြေသိမ်း ပြောင်းလဲပြစ်တာမျိုး မဟုတ်ဘဲ နိုင်ငံရေးပါတီ၊ စစ်တပ်ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်ဟောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတချို့တွေရဲ့ အကြားအပြောင်းအလဲလို့ ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သာမန် လက်လုပ်လက်စား၊ ကျယ်ပြန့်တဲ့ လူလတ်တန်းစားအလွှာတို့လိုမျိုးမှာ ကြီးမားတဲ့အပြောင်းအလဲ၊ တနည်းဆိုရရင် အပေါ်အောက် ပြောင်းပြန်လှန်တဲ့ အပြောင်းအလဲမျိုးတွေ ဖြစ်ပွားလေ့မရှိတာ ထိုင်းနိုင်ငံရဲ့ ထူးခြားချက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအပေါ် စစ်ဆေးတာ ဖမ်းဆီးတာတွေက ထိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်မှု ဂယက်တွေနဲ့ အတိုင်းအတာတခုထိသက်ဆိုင်နိုင်ပေမယ့် အဓိကအချက်က ထိုင်းစီးပွားရေးကျဆင်းနေခြင်း ဖြစ်ပါတယ်။ လူထုက နိုင်ငံရေးသမားတွေကို ဖိအားပေးမှုတွေ သို့မဟုတ် နိုင်ငံရေးသမားတွေက တခြားနိုင်ငံက လာရောက် အလုပ်လုပ်ကိုင်သူတွေကို စစ်ဆေးကြပ်မတ်ပြီး လူထုကို နှစ်သိမ့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
လတ်တလောအခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထိုင်းနိုင်ငံတွင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို အသိပေးချက်ဆိုတဲ့ထုတ်ပြန်ချက်တစောင်ကို ဇူလိုင် ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ လတ် တလော ထိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်မှု၊ ထိုင်းနိုင်ငံက ဆန္ဒပြမှုတွေနဲ့ လွတ်လွတ်ကင်းကင်း နေ ထိုင်ကြဖို့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ ယဥ်ကျေးမှု၊ ထုံးထမ်းအစဥ်အလာတွေကိုလည်း လေးစားကာ လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်အောင်နေထိုင်ဖို့တိုက်တွန်းထား,ပြီး မြန်မာနိုင်ငံသားအရေးတွက် စာနာကူညီကြတဲ့ ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ စစ်တပ်တို့ကို ကျေးဇူးတင်ရှိကြောင်းနဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ပွဲတွေ စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုတွေမရှိတဲ့တနေ့ မိမိတို့နိုင်ငံကိုပြန်ကြမယ့်သူတွေဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ တဖက်မှာ အသက်ရှင်သန်နေထိုင်ရေးအတွက် ဝင်ငွေရရှိဖို့လည်း အရေးကြီးသလို အခြားတဖက်မှာ တင်းကျပ်လာတဲ့ထိုင်းနိုင်ငံရဲ့ ဥပဒေစည်းမျဥ်းနဲ့ စစ်ဆေးမှုတွေကိုလည်း သတိပြုပြီးနေထိုင်ကြရမယ့်အခြေအနေ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar