Breaking News

နေသွင်ညိဏ်း - မြန်မာလူငယ်တွေကိုချစ်တဲ့ ဟစ်ပီတယောက်ကို ဆုံးရှုံးခြင်း

မြန်မာလူငယ်တွေကိုချစ်တဲ့ ဟစ်ပီတယောက်ကို 

ဆုံးရှုံးခြင်း

နေသွင်ညိဏ်း
(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၅

ဂျွန်ကို ကျနော် စတွေ့ဖူးတာ ၁၉၉၈ လောက်က။ ဘောင်းဘီတိုတို၊ စက်ဘီးအဟောင်းတစီးနဲ့ မဲဆောက်ဈေးထဲမှာ တခါတလေတွေ့ရတတ်တယ်။ အဲအချိန်က မိုးကြိုးသတင်းစာထုတ်ဖို့ ပြင်ဆင်နေချိန်ဖြစ်မယ်။ ဂျွန်ဟာ မိုးကြိုးသတင်းစာရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ BINA ရဲ့ ပထမဆုံး Chairman လည်းဖြစ်တယ်။ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဖြစ်တယ်။ Burma’s Window ဆိုတဲ့ ကဏ္ဍကို သူတာဝန်ယူခဲ့တဲ့အကြောင်း ကျနော့်ကို ပြောဖူးတယ်။ သတင်းစာဆိုတာ ပြတင်း​ပေါက်တခုပဲဆိုတဲ့ နာမည်​ကျော်အဆို Gaye Tuchman ရဲ့ အယူအဆနဲ့ ဘယ်လို ပတ်သတ်​နေလဲ ကျ​နော် မ​မေးခဲ့မိဘူး။ မိုးကြိုးသတင်းစာဟာ ကျနော့်အတွက် လေ့ကျင့်ကွင်းဖြစ်ခဲ့တယ်။ စာကြည့်တိုက်တာဝန်၊ သုတေသနတာဝန်၊ ဘာသာပြန်တာဝန်၊ နောက်ဆုံး အယ်ဒီတာ တာဝန် စသဖြင့် ....။
၂၀၀၇ လောက်မှာ ဂျွန်နဲ့တွဲပြီး အင်္ဂလိပ်ဘာသာအချပ်ပိုထုတ်ခဲ့တယ်။  ကျနော်ရေးတဲ့ ကလေးစစ်သားစတိုရီကို ဂျွန်က အမေရီကားပြန်ခါနီး အက်ဒစ်လုပ်ပေးသွားတာ မှတ်မိနေတယ်။ နောက်တော့ ဂျွန်လည်း ပြန်မလာ၊ ကျနော်လည်း အချပ်ပိုဆက်မထုတ်ဖြစ်တော့။ 
၂၀၀၈/၉ လောက်ကျတော့ ဂျွန်နဲ့ ချင်းမိုင်မှာပြန်တွေ့တယ်။ ချင်းမိုင် တက္ကသိုလ် ရေကန်ဘေးမှာ စကားပြောကြတယ်။ မြန်မာ့အရေး၊ ကမ္ဘာအရေး။  ကျနော်ပြောတာကိုနားထောင်ပြီး ဂျွန်က တချို့ mainstream ထဲမှာမပါတဲ့ မီဒီယာတချို့ကို ပြတယ်။ mainstream တွေဖတ်လို့ အမှန်တရားကိုမသိနိုင်ဘူးလို့ ပြောတယ်။ 
ဂျွန်နဲ့တွေ့ရင် ဒီလိုထူးဆန်းတဲ့ အိုက်ဒီယာတွေ ကြားရတတ်တယ်။ 'အိုဘာမား ဆိုတာ အသား ရောင်က မည်းတာပါ။ သူ့နှလုံးသားက လူဖြူနှလုံးသား၊ လူဖြူတွေရဲ့ရုပ်သေးပါ' ဆိုတာမျိုး။ တခြား unconventional wisdom တွေလည်း ရှိပါသေးတယ်။ သူနဲ့ဆိုင်ကယ်စီးရင် ' ကိုယ့်လူရေ၊ ကိုယ်က လမ်းမှန်တိုင်းလည်း မရဘူး။ ဘေးဘီကိုကြည့်။ လမ်းမမှန်တဲ့လူက ကိုယ့်ဝင်တိုက်ရင်လည်း အက်စီဒင့် ဖြစ်တာပါပဲ။ ဘဝမှာလည်း ဒီအတိုင်းပဲ' လို့ တခါက ပြောဖူးတာ ကျနော် ခဏခဏသတိရတယ်။ 
သူရဲ့ ဘဝဒဿနဘယ်လိုလဲဆိုတာတော့ ကျနော်မသိပါဘူး။ သို့ပေမယ့် သူ အသားရှောင်တာကတော့ ကျနော်သိတဲ့အချိန်ကနေ နောက်ဆုံးထိပါပဲ။ ရက်ရှည်တရားစခန်းဝင်လေ့ရှိတယ်။ ဘုန်းကြီးဝတ်သေးလား မသိ။ ဗုဒ္ဓဘာသာတယောက်လို နေထိုင်ကျင့်ကြံသွားတာတော့ သေ ချာတယ်။ ကျနော်တို့ မိရိုးဖလာဗုဒ္ဓဘာသာထက် အများကြီး ပိုသာပါတယ်။ 
၂၀၁၀-၁၁ လောက်မှာ မင်းမဟော်ဖောင်ဒေးရှင်းကိစ္စဘုတ်အဖွဲ့ဝင်လျာထားတဲ့ ဘန်ကောက်က နာမည်ကြီးသတင်းစာဆရာဆီ သူနဲ့သွားကြတယ်။ ဂျွန်နဲ့ အမေရိကန်စတန်းဖို့သ်တက္ကသိုလ်ဆင်း သတင်းစာဆရာတို့ခဏနဲ့ရင်းနှီးသွားပြီး အောင်မြင်သွားတယ်။ နောက်ထပ် ထိုင်းသံအရာရှိဟောင်းဆီသွားကြပြန်လည်း အဆင်ပြေတယ်။ ဒီလိုနဲ့ မင်းမဟော်ဖောင်ဒေးရှင်း ထိုင်းမှာ တရားဝင်ပေါ်ပေါက်လာတယ်။ သူ့ဘဝရဲ့နောက်ဆုံးအချိန်အထိ ဂျွန်က မင်းမဟော် အလုပ်တွေပဲ လုပ်သွားတယ်။ သူ့အိပ်စိုက်လုပ်သွားတယ်ပြောရမယ်။ 
ဘန်ကောက်ကအပြန်မှာကျနော်က အမြင်ဆောင်းပါးတပုဒ်ရေးပြီး သနေးရှင်းဆီပို့လိုက်တယ်။ အာရတ်နွေဦးမှာ ကဒါဖီကိုဖြုတ်ချသလို မြန်မာပြည်က အာဏာရှင်ကိုဖြုတ်ချဖို့ နိုင်ငံတကာက ကူဖို့ပဲလိုတယ်။ မြန်မာတွေလည်း အာရတ်တွေလိုပဲသတ္တိကောင်း၊ စိတ်ဓာတ်ခိုင်မာတယ်လို့ ရေးလိုက်တယ်။ တပတ်လောက်နေတော့ သနေရှင်းမှာ ပါလာတော့ ကျနော်က ဂျွန်ကို ပို့လိုက်တယ်။ ဂျွန်က အားရဝမ်းသာနဲ့ စာပြန်လာတယ်။ 'ဆက်လုပ်ဆက်လုပ်' တဲ့။ 
တကယ်တော့ ဂျွန်ကသူ့အိတ်စိုက်ပြီး မြန်မာကလေးတွေရဲ့ ပညာရေးကို ပရဟိတစိတ် သက် သက်နဲ့လုပ်သွားတာ။ သူကို ဟစ်ပီယဉ်ကျေးမှုမျိုးဆက်လို့ ကျနော်က ထင်တယ်။ ကျနော် သိတဲ့ ဂျွန်က လွတ်လပ်တယ်။ ထည်ထည်ဝါဝါမနေဘူး။ ရိုးရှင်းတယ်။ အစဉ်အလာတွေကို သိပ်လက်မခံဘူး။ ဖောက်ထွက်တွေးတယ်။ ကွန်မြူနတီထဲမှာ တသားတည်းနေထိုင်တယ်။ ဒါဟာ ၁၉၆၀ တဝိုက်က ပေါ်ပေါက်ခဲ့တဲ့ ဟစ်ပီယဉ်ကျေးမှုလို့ ကျနော်ထင်တယ်။ 
တကယ်က ဂျွန့်ကို ဟစ်ပီတယောက်လို့ ကျနော်စထင်တာ ဘန်ကောက်ခရီးစဉ်မှာပါပဲ။ မနက်အစောကြီး ဘန်ကောက်ရောက်ကြတော့ ဂျွန်က သူတည်းခိုနေတဲ့နေရာခေါ်သွားတယ်။ နာမည်ကျော် ကောက်စံလမ်းမှာရှိတဲ့ တည်းခိုခန်း။ ဘုံရေချိုးခန်း၊ ဘုံအိမ်သာနဲ့။ ခုတင်တလုံးတည်းမှာ ၂ ယောက် အိပ်ရတယ်။ ဂျွန်က သူအိပ်နေကျနေရာ၊ လူကြီးလည်း ဖြစ်တော့ ပင်ပန်းပြီး ခဏနဲ့ အိပ်သွားရော။ ကျနော့်မှာ လမ်းပေါ်က  ဆူညံသံ၊ အော်သံ၊ ညုသံ၊ ရန်ဖြစ်သံတွေနဲ့ အိပ်မရဘဲ မနက်စောစော ပုလင်းတွေသိမ်းတဲ့အချိန်ကျမှ  မှေးခနဲ့အိပ်သွားတယ်ထင်ပါတယ်။ ဒီအတွေ့အကြုံပေါ် မူတည်ပြီး ကျနော့်က ဂျွန်ကို ဟစ်ပီလို့ထင်နေတယ်။ တကယ်ကျ သိပ်တော့မဆိုင်ပါဘူး။ အထက်က ဟစ်ပီယဉ်ကျေးမှုကသာ ဂျွန်နဲ့ နီးစပ်နေတာပါ။ ပြန်စဉ်းစားကြည့်တော့ ပင်စင်စားဂျွန်က သူ့အိတ်စိုက်ပြီး မြန်မာကလေးတွေအရေး လာလုပ်နေတော့၊ မလိုတဲ့နေရာမကုန်အောင် ပိုက်ဆံချွေတာတာ ဖြစ်ပါတယ်။
နောက်ဆုံးတခေါက် ဂျွန်နဲ့တွေ့တော့ ကျနော်က နိုင်ငံတကာရေးရာတွေ စိတ်ဝင်စားနေချိန်၊ သူ့ကိုငြင်းတော့ ဂျွန်က ပြုံးတယ်။ တခါမှာ ဂျွန်က 'မင်းက မဟာဗျူဟာသမား' ပဲလို့ မှတ်ချက်ပေးတယ်။ ကျနော်က သိပ်ကျေနပ်နေတယ်။ သူဘာဆိုလိုလဲကျနော် သေချာ မသိပါ။ 
ဒီစကားနဲ့ဆက်စပ်လို့ ကျနော်တခုတွေးမိသွားတယ်။ ဆရာဦးဝင်းတင်ရေးတဲ့လူထုဦးလှအကြောင်း ထဲမှာ လူတချို့ဟာ အရေးကိစ္စကြီးတွေကိုဆောင်ရွက်ရင်းနဲ့ အသေးစိတ်တွေမှာ လစ်ဟာတတ်ကြတယ်။ တချို့ကျတော့ အသေးစိတ်တွေမှာ အာရုံကျက်စားနေတော့ တစုံလုံးကိစ္စတွေကိုမေ့နေတတ်ကြတယ်။ ဦးလှကတော့ ဒီလိုမဟုတ်ပါဘဲ တိုင်းရေးပြည်ရေးလို အရေးတွေလုပ်ရင်း ရပ်ရေးရွာရေး လုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုအရေးတွေကိုပါ စေ့စေ့စပ်စပ်ဆောင်ရွက်ခဲ့တယ်လို့ ရေးထားတယ်။ ကျနော်မှတ်မိသလို ပြန်ရေးတာပါ။ ဂျွန်ဟာလည်း ဦးလှလိုလူမျိုးပဲလို့ ကျနော်ထင်ပါတယ်။ 
မနက်ဖြန် ဂျွန်ရဲ့ရုပ်ကလာပ် မြေကျမယ့်နေ့။ ညက ကျနော် ဂျွန့်ကို အိပ်မက်တယ်။ ဘောင်းဘီတိုနဲ့ စက်ဘီးအဟောင်းတစီးနဲ့။ ကျနော်ကို ခပ်လှမ်းလှမ်းက ပြုံးပြနေတယ်။ ဂျွန် ကျနော့်ကို လာနုတ်ဆက်တာဖြစ်နိုင်သလို၊ ကျနော်က ဂျွန့်ဆီ သွားနုတ်ဆက်တာလည်း ဖြစ်နိုင်ပါတယ်။ လေးစားနှစ်လိုဖွယ်ဂျွန်ကြီး ကောင်းရာသုဂတိလားပါစေ။


နေသွင်ညိဏ်း 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar