မောင်တူး - သွေးဆုံး သားမမွေး ငြိမ်းချမ်းရေး
မောင်တူး - သွေးဆုံး သားမမွေး ငြိမ်းချမ်းရေး
မိုးမခ ၊ ဇွန် ၂ ၊ ၂၀၂၅
၆၀ ကျော်မှ၊ ကလေး ရချင်
ဆင်အောက်ဝင်၍၊ ညောင်ပင်နတ်ကိုး
ဆုတောင်းမျိုးလည်း၊ ရရိုးမရှိ
သွေးဆုံးဘိစွာ၊ ကြိုးစားရာလည်း
မစွဲသန္ဓေ မအောင်မြင်ပေတကား။ ။
သွေးဆုံး
သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတစ်ယောက် ၁၂ လ ဆက်တိုက် ဓမ္မတာ မလာတော့ဘဲ သဘာဝတရားအရ ပဋိသန္ဓေ မရနိုင်တဲ့ သဘာဝ ဖြစ်စဉ်ကို ခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သွေးဆုံးချိန်ဟာ အမျိုးသမီးတယောက် အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း ဖြစ်ပွားလေ့ရှိပြီး တစ်ယောက်ချင်းစီအလိုက် ဒီ အသက်အရွယ် မတိုင်ခင်ဖြစ်နိုင်သလို ဒီ အသက်အရွယ်ကို ကျော်လွန်သွားမှလည်း ဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန်ရောက်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပူလောင်ခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီး အများစု အနေနဲ့ သွေးဆုံးချိန်ရောက်ရင် ဘာဆေးဝါး ကုသမှုမှ ခံယူစရာမလိုအပ်ပါဘူး။ အနားယူပြီး သင့်တင့်မျှတ စား သောက် နေထိုင် အေးဆေးဖို့သာ လိုပါတယ်။ ဒါဆိုရင် သွေးဆုံးနာ မဖြစ်တော့ပါ။ နိုင်ငံရေး သွေးဆုံးရင်လည်း မိန်းမ သွေးဆုံးတာထက် ပိုဆိုးပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ သွေးဆုံးနေပါပြီ။ အမိစစ်တပ်က ငြိမ်းချမ်းရေး သန္ဓေကို လွယ်ချင်နေပါတယ်။ ငြိမ်းချမ်းရေး သားကလေး မွေးချင်နေပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ သွေးဆုံးနေပြီမို့ ငြိမ်းချမ်းရေးသား မွေးဖွားဖို့ ဝေးစွ။ သန္ဓေခလို့ ရဖို့ ရာနှုန်းပြည့် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေး သွေးဆုံး စစ်တပ်ကြီးဟာ သွေးဆုံး မိန်းမတွေလို ခံစားနေရ ပူလောင်စွာပေါ့။ ငြိမ်းချမ်းရေး ရဖို့အရေး ဘိုးတော်ဆီ သွားလိုက်ကြ၊ မန္တလေး ပုဏ္ဏားတွေဆီ ဗေဒင်မေးကြရ။ ရွှေဘိုအောင်မြေမှာ မိန်းမလို ဝတ်ပြီး နင်းကြရနဲ့ပေါ့။ သို့သော် သွေးဆုံး သားမမွေး ငြိမ်းချမ်းရေးကတော့ ရဖို့မရှိပါ။
ငြိမ်းချမ်းရေး (မောင်မြသစ်)
ငြိမ်းချမ်းရေး တဲ့
မပျောက်နိုင်မှန်းသိတဲ့ အနာကြီးကို
ဆေးမြီးတိုတွေ
ဝိုင်းလိမ်းနေကြ ။
ငြိမ်းချမ်းရေး တဲ့
အစကတည်းက လွဲနေတဲ့လမ်းကို
ရေပေါ်မှာ အရုပ်ရေးနေကြ ။
ပိုင်ရှင်မဟုတ်တဲ့သူတွေရဲ့ ကျော့ကွင်းထဲမှာ
မိနေရှာတဲ့ သားကောင်တွေကို
ရွံရှာ သနားနေမိတော့တယ် ။
မောင်မြသစ်
#တယ်လီကျန်းမာကဗျာ
ကဗျာတွေဟာ ခေတ်ကို ပြောပြနေကြသတဲ့။ ငြိမ်းချမ်းရေးအကြောင်း ကဗျာတွေ တွေ့နေရတယ်။ စစ်အာဏာရှင်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်၊ ငြိမ်းချမ်းရေး ရအောင် လုပ်မယ်လို့ အာဏာသိမ်းစ ကတည်းက လတိုင်း နှစ်တိုင်း ပြောလာနေတာ ငါးနှစ်ရှိပြီ။ ငြိမ်းချမ်းရေးဝေးစွ တိုက်ပွဲတွေက တနိုင်ငံလုံးမှာ ဖြစ်နေပြီ။ ငြိမ်းချမ်းရေး ရဖို့ရာ ယုံကြည်မှု ရဖို့လိုပါတယ်။ ယုံကြည်မှု မရှိရင်တော့ ဘာကိုယုံရမလဲ ဘယ်လိုပုံရမလဲ ဆိုတာလို့ သံသယတွေ တပုံတပင်နဲ့ မအေး ဆေးပဲ ဖြစ်နေကြရဦးမှာပါ။ စစ်တပ်ဟာ လူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းတယ်။ သမတကိုဖမ်းတယ်။ သူတို့ချစ်တဲ့ ဒေါ်စုကိုတောင် ထောင်ချတယ်။ ဘယ်လိုမှ မယုံရဘူးဆိုတာ ပြည်သူတရပ်လုံးက သိနေပြီ။ ရင်ထဲမှာ စစ်တပ် ဆိုရင် လမ်းပေါ် ဆန္ဒပြတဲ့ ကျောင်းသားတွေကို သတ်တဲ့သူတွေလို့ အားလုံးက သိပြီးသားပေါ့။ စစ်တပ်ဟာ ရွာမီးရှို့သမားတွေနဲ့ ဖွဲ့စည်းထားတာလို့ ပြည်သူက စွဲထင်နေကြပြီ။ စစ်တပ်ဟာ မုဒိမ်းသမားတွေ၊ စစ်တပ်ဟာ လုယက်သူတွေ၊ အဓမ္မငွေတောင်းသူတွေ၊ ခိုးသူတွေ၊ လိမ်သူတွေ၊ နှိပ်စက်သူတွေ၊ သတ်ဖြတ်သူတွေ၊ ဖမ်းဆီး ချုပ်နှောင်သူတွေလိုပဲ တပြည်လုံးက သိကြတော့တာပါ။ ဒါကြောင့် ဒီလို စစ်တပ်မျိုးက လုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတာတွေဟာ ဗလာသက်သက် စောက်မနက်တဲ့ လက်ယက်သည့်တွင်း တိမ်တိမ်ကလေးလို့ နားလည်နေကြပြီပေါ့။
ရန်သူနဲ့ တွေ့ဆုံညှိနှိုင်းရေး
လုပ်တဲ့သူတွေ အဖွဲ့အစည်းတွေဟာ
ဝှေးသင်းခံရတဲ့ နွားများလိုပဲ
ဝှေ့လည်းမဝှေ့ရဲတော့ဘူး
မျိုးဆက်လည်း မပွားနိုင်တော့ဘူး
ဒါပေမဲ့ ဝတော့ ဝလာတယ်ဗျ။ ။
(ဗိုလ်ချုပ်ကြီးစောဘိုမြ) KNU
တကယ်တမ်းက ဗိုလ်ချုပ်ကြီးမြရဲ့ ပြောစကားထက် ပိုပြီး ရန်သူနဲ့ စကားပြောဆို တွေ့ဆုံနေကြတဲ့ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်သူတွေရဲ့ အခြေအနေက ပိုဆိုးပါတယ်။ သူတို့ဟာ အချင်းချင်းကို ဆိုးဆိုးဝါးဝါဝေဖန်ပြောဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်ကိုဆိုရင် ဘာမှမပြောဘဲ အာစေးငုံနေတတ်ကြပါတယ်။ ဇွန်လ ၂၅ ရက်ကနေ ၂၇ ရက်အထိလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာဆို စစ်ကောင်စီအာဏာသိမ်းထားလို့ ငြိမ်းချမ်းရေး ဆုံးရှုံးနေရတာကို ဘယ်သူမှ မပြောရဲခဲ့ကြဘူးလေ။ အာစေးငုံ ရေငုံ နှုတ်ပိတ်နေခဲ့ ကြတယ်။
ဗိုလ်ချုပ်ကြီးမြ ပြောတဲ့ "ဝှေ့လည်း မဝှေ့ရဲတော့ဘူး မျိုးဆက်လည်း မပွားနိုင်တော့ဘူး။ ဒါပေမဲ့ ဝတော့ ဝလာတယ်" ဆိုတဲ့အတိုင်းပါပဲ။ ဇိမ်ခေါင်းက ပြည့်တန်ဆာ ပပျောက်ရေးလုပ်နေလို့ ပြည့်တန်ဆာပပျောက်ရေး မအောင်မြင်နိုင်ဘူးဆိုတာကို မပြောရဲသလို ဖြစ်နေပါ့လား။ ကျားဘုရင်က လုပ်တဲ့ အသက်သတ်လွတ်စားရေး စီမံချက်လို ဖြစ်နေပါ့လား။ သူခိုးကို ဘဏ္ဍာစိုး ခန့်မိသလို ရှိသမျှ ပြောင်သွားမှာပေါ့။ အာဏာသိမ်းပြီးသတ်ဖြတ်နေတဲ့စစ်တပ်က ဦးဆောင်လုပ်မည့် ငြိမ်းချမ်းရေးဟာလည်း "ရွှေငုံးမင်း အမြီးမျှော်သလို ခရီးတော် နည်းလျက်နှင့်ဝေး " ဖြစ်နေဦးမှာပါ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စစ်ဆင်ရေးတခုသာဖြစ်
စစ်ဆင်ရေး လုပ်တာပဲ ဖြစ်ဖြစ်၊ အာဏာသိမ်းတာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲလုပ်တာပဲ ဖြစ်ဖြစ် စစ်တပ်က လုပ်သမျှ လုပ်ရပ်တိုင်း လုပ်ရပ်တိုင်းဟာ စစ်အာဏာ ကမ္ဘာတည်သ၍ တည်တံ့ရေးပါပဲ။ ၂၅ - ၂၇ ဇွန်လ မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း မင်းအောင်လှိုင်က ရွေးကောက်ပွဲ လုပ်ပေးပြီး နိုင်သူကို အာဏာလွှဲပေးမယ်လို့ ပြောနေပြန်ပါပြီ။ စစ်ခေါင်းဆောင်တွေဟာ ဒီလို အလားတူ ကတိပေးပြီး ကတိပျက်ခဲ့ပေါင်းများပြီ။ ဒီလို စစ်တပ်က ကတိမတည်တာကြောင့်ပဲ ပြည်သူက လက်နက်ကိုင်ကြရတဲ့ အဆင့်ရောက်နေပြီလေ။ ဂိတ်ဆုံးနေပြီ။ သွေးဆုံးနေပြီ။ မရတော့ပါ။
၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲတုန်းကလည်း စစ်တပ်က စောမောင်က ဒီလိုပဲ အလားတူ ကတိပေးတယ်။ ပြီးတော့ NLD လည်း အပြတ်အသတ်နိုင်ရေ ကတိပျက်တော့တာပါပဲ။ ဒေါ်စုကို ဖမ်း၊ NLD အမတ်တွေကို ဖမ်း သတ် ထောင်ချ ရက်စက်ခဲ့ကြတာ စစ်တပ်ပါ။
၂၀၂၀ ရွေးကောက်ပွဲမှာလည်း နိုင်တဲ့ပါတီကို ပေးမယ်ပြောခဲ့တာပါပဲ။ နိုင်တော့ လွှတ်တော်ခေါ်ခွင့် မပေးပဲ ဖမ်းပွဲကြီး သတ်ပွဲကြီးလုပ်တော့တာပါ။ ဘာကိုယုံရမလဲ။ အမြဲလိမ်နေတဲ့ စစ်တပ်ပဲ။ အခုလည်း ၂၅ - ၂၇ ဇွန်လမှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း မင်းအောင်လှိုင်က ရွေး ကောက်ပွဲလုပ်ပေးပြီး နိုင်သူကို အာဏာလွှဲပေးမယ်လို့ပြောနေပြန်ပါပြီ။ ဒါလည်း အမှန် မဟုတ်ပါ။ စစ်အာဏာသိမ်းပြီး နာမည်ဆိုးနေတာကို ရွေးကောက်ပွဲအရ မဲနိုင်ပါတယ် ဆိုပြီး ဟန်ပြ အတုအယောင် ဟန်ဆောင်အပြောင်းအလဲလုပ်ချင်တဲ့ ရွေးကောက်ပွဲပါ။ ကြံ့ဖွံ့ပါတီ မဲနိုင်ပြီး အစိုးရဖြစ်မယ်။ ကြံ့ဖွတ်လည်း စစ်တပ်၊ စစ်တပ်လည်း ကြံ့ဖွတ်သာပါ။ ကုလားကြီးနဲ့ အရာကြီး၊ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီး။ အတူတူပါပဲ။ အဓိကကတော့ စစ်တပ် အာဏာတည်မြဲရေးပါပဲ။
ရွေးကောက်ပွဲဟာ စစ်အာဏာမြဲရေး မဟာဗျူဟာကို အကောင်အထည်ဖော်မယ့် စစ်ဆင်ရေးတခုပါပဲ။ ဆွေးနွေးချင်ကြရင် UN ဦးဆောင်မှုနဲ့ အမေရိကန် အီးယူတို့မှာ သွားဆွေးနွေးကြပါ။ မြန်မာပြည်မှာ ဆွေးနွေးရင်တော့ တော်လှန်ရေးခေါင်းဆောင်တွေဟာ စစ်တပ် ပြုသမျှနုကြရပါလိမ့်မယ်။ သူတို့လက်ထဲမှာ မဟုတ်လား။ သို့သော် လက်ရှိ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ တကယ်တိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့တလေမှမပါရှိတာကြောင့်ပါပဲ။ သေနတ်မပေါက်တာကြာပြီဖြစ်တဲ့ လက်နက် ကိုင်အဖွဲ့တွေသာ သွားဆွေးနွေးနေကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဖော်ရမ်လုပ်နေချိန်တောင် တိုက်ပွဲတွေဖြစ်နေကြတာပေါ့။
ဆွေးနွေးပွဲပြီး၊ ဖမ်းပွဲကြီးနှင့်
ဝိုင်းပြီးထောက်ခံ၊ ငြိမ်းချမ်းရန်တွက်
ကြိုးစားချက်ထား၊ ပြည်သူများကို
မှတ်ထားဖမ်းဆီး၊ ဒုက္ခကြီးစွ
ဘဝပျက်သေး ငြိမ်းချမ်းရေးပါတကား။
၁၉၆၃ ခုနှစ်မှာ ဦးနေဝင်း လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ ဆွေးနွေးနေစဉ်တော့ ကောင်းကောင်းပါပဲ။ ဆွေးနွေးပွဲလည်းပြီးရော တောတွင်းက လာသူတွေကို ကူညီခဲ့သူ ထောက်ခံခဲ့သူတွေကို အကုန်ဖမ်းတော့တာပါ။ ၁၉၉၅ ခုနှစ်ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ နအဖ စစ်အစိုးရတို့ ဆွေးနွေးပြီး အပစ်ရပ် သဘောတူခဲ့ပေမယ့် စစ်တပ်က ထိုင်းနယ်စပ်အရောက် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက သဘောတူ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး ၃ ရက်တောင် မကြာဘဲ ပြန်ပျက်တာပါ။ စစ်တပ်ဟာ ဘယ်တော့မှ ကတိမတည်ပါ။ အဲဒီ ငြိမ်းချမ်းရေး ပျက်သွားတုန်းကလည်း ဆွေးနွေးပွဲကာလ စေတနာနဲ့ KNPP ဘက်က ကူညီခဲ့ကြတဲ့ ကရင်နီပြည်သူတွေကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တာ မနည်းပါဘူး။ မဆလခေတ် ပြည်၊ အောင်လံ နယ်တွေက ချင်းသူပုန်တွေဆိုရင်လည်း စစ်ဆင်ရေး ဖြတ်လေးဖြတ်နဲ့ တိုက်လို့ မနိုင်ခဲ့ပါဘူး။ အရှိုချင်း ဗိုလ်မှူးတဦးကို မဆလက တပ်ရင်းမှူးခန့်ပြီး လူမျိုးတူခြင်း စည်းရုံးရေးနည်းနဲ့ လက်နက်ချစေခဲ့တယ်။ အရှိုချင်းသူပုန်တွေကယုံကြည်ပြီး လက် နက်ချဖြုတ်သိမ်းလိုက်ပြီးမှာ အားလုံးကိုသတ်ဖြတ်လိုက်လို့ စည်းရုံးခဲ့သူ မဆလ တပ်ရင်းမှူးဟာ တပ်ကထွက်သွားတဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်။
စစ်အာဏာသိမ်း၊ ငြိမ်းချမ်းလိုစိတ်
တဆိတ်မရှိ၊ စစ်ပမ်းသည့်ခါ
နားချိန်ရှာပေး၊ ဆွေးနွေးရေးလုပ်
ပွဲပျက် ဆုတ်ချိန်၊ အပြုတ်တိုက်ရေး
ပြင်ဆင်ပေးသလို၊ စစ်တပ်ကို အားမွေး
အချိန်ပေးလိုက်ကြသေးတကား။ ။
စစ်ကိုင်းငလျင်ကြီး လှုပ်အပြီး ငလျင်ကယ်ဆယ်ရေး လုပ်ရမယ့်အချိန်မှာတောင် ထိုးစစ်မနားသော စစ်တပ်။
လေယာဉ်ဗုံးကြဲ မပျက်သော စစ်တပ်။
စစ်သားစုဆောင်းဖို့ လူငယ်တွေကို ဖမ်းဆီး ခေါ်ဆောင်မပျက်တဲ့ စစ်တပ်။
ပြည်သူ့အိုးအိမ် ကျေးရွာတွေကို မီးရှို့ မပျက်သော စစ်တပ်။
ပြည်သူလူထုတွေကို သတ်နေတာ မရပ်သော စစ်တပ်။
ဒီ စစ်အာဏာသိမ်း စစ်ကောင်စီတပ်က ငြိမ်းချမ်းရေးကို ဘယ်တော့မှ မလိုလားပါ။
ဇွန်လ ၂၅ - ၂၇ ငြိမ်းချမ်းရေးဖိုရမ်မှာတောင် မအလက တိုင်းရင်းသားတပ်တွေကို လာဆွေးနွေးကဖို့ ပြောနေပါသေးတယ်။ အဲ့သည်လို ငြိမ်းချမ်းရေးလုပ်ကြဖို့ ဖိတ်ခေါ်နေတယ်ဆိုရင်လည်း ဟန်ပြ အတုအယောင်သာပါပဲဆိုတာ ၁၉၆၃ ဆွေးနွေးပွဲကစ နှစ် ၆၀ သက်တမ်းအတွင်း ဆွေးနွေးပွဲသမိုင်းတွေအရ သိနိုင်ပါတယ်။ တခါလိမ်တာ ခံရရင် လိမ်သူ အပြစ်သာပါ။ အကြိမ်ပေါင်းများစွာ လိမ်နေတာကိုခံနေရင်တော့ အလိမ်ခံသူတွေရဲ့ အပြစ်ပါ။ စစ်အာဏာရှင်ဟာ အကြိမ်ကြိမ်လိမ်နေတယ်။ အခုလည်း လိမ်နေတယ်။
သွေးဆုံးသူ သားမမွေးနိုင်တော့သလို နိုင်ငံရေး သွေးဆုံး စစ်ကောင်စီကလည်း ငြိမ်းချမ်းရေး ပေးနိုင်မှာ မဟုတ်ပါ။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar