Breaking News

ကြံထူး - ကြယ်​ရောင်နဲ့လင်းတဲ့ အိပ်မက်​

Art- Aung Htet 
ကြယ်​ရောင်နဲ့လင်းတဲ့ အိပ်မက်​
ကြံထူး

(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၅


ကြယ်ကလေးရေ
တခါတရံ
မင်းအကြောင်း မပြောဖြစ်ခဲ့တဲ့ နေ့တွေလည်းရှိမယ်
ဒါဟာ မင်းကို မေ့လျော့ခဲ့ခြင်းတော့ မဟုတ်။

တခါတရံ
မေတ္တာမပို့ဖြစ်ခဲ့တဲ့နေ့တွေလည်းရှိမယ်
ဒါဟာ မင်းကို အချစ်လျော့ခဲ့ခြင်းတော့ မဟုတ်။

တခါတရံ
အမျှမ​ဝေမိတဲ့​နေ့​တွေလည်းရှိမယ်
ဒါဟာ မင်းကို တွန့်တိုသွားခြင်း​တော့ မဟုတ်။ 

မင်းအ​ကြောင်းမ​ပြောဖြစ်တဲ့​နေ့ဆို
မင်းက အိပ်မက်ထဲရောက်​ရောက်လာတယ်
တခါတရံ ငါ့အနားမှာ မင်းအမြဲရှိတဲ့အ​ကြောင်း
တခါတရံ မင်းအဆင်​ပြေတဲ့အ​ကြောင်း
တခါတရံ မင်းအကူအညီလိုနေတဲ့ အ​ကြောင်း
တခါတရံ ပန်းပွင့်​တွေကြားက​နေ မင်းထွက်​ပြောတယ်
တခါတရံ တောအုပ်​တွေကြားက​နေ မင်းထွက်​ပြောတယ်
တခါတရံ ရေအိုင်ထဲက​နေ မင်းထွက်​ပြောတယ်။ 

တခါတရံ တိမ်တိုက်​တွေကြားက​ မင်းထွက်​ပြောတယ်။

မင်း​ပြောတဲ့အသံတိတ်​စကားလည်း
ငါ့ရဲ့နားနဲ့ စက်စက်ကြားရဲ့ 
မင်းပြတဲ့ ဝိုးတဝါးပုံရိပ်လည်း
ငါ့နှလုံးသားနဲ့ စက်စက်မြင်ရဲ့။

မင်းရဲ့ မျက်ရည်
မင်းရဲ့အပြုံး
မင်းဆုံးရှုံးခဲ့သမျှ
မင်းအနိုင်ရခဲ့သမျှ
ငါတို့နှလုံးသားမှာ ကမ္ပည်းတင်ထားရဲ့။ 

မင်းအတွက် 
နှလုံးသားတံခါး အမြဲဖွင့်ထားရဲ့။

မင်းအတွက် 
နှလုံးသားနား အမြဲစွင့်ထားရဲ့။

ဝေးလွင့်သွားတဲ့ နေ့ရက်တွေက 
ငါတို့နှလုံးသားမှာ အမြဲနီးလို့
ကြွေလွင့်သွားတဲ့ နေ့ရက်​တွေက 
ငါတို့ တောအုပ်မှာ အမြဲဝေလို့
ကွဲအက်သွားတဲ့ နေ့ရက်​တွေက
ငါတို့အ​တွေးမှာ အမြဲတည်လို့
မှောင်မိုက်သွားတဲ့ နေ့ရက်​တွေက
ငါတို့ကောင်းကင်မှာ အမြဲလင်းလို့
ကြယ်ကလေးရေ
မင်းဟာ ငါတို့ရဲ့ ထာဝရ ကြယ်တစ်စင်း ..။ 
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar