Breaking News

လေခဏီ - ဒေါက်တာစိုင်းလတ်ရဲ့ neuropolitice

လေခဏီ - ဒေါက်တာစိုင်းလတ်ရဲ့ neuropolitice

မိုးမခ ၊ ဇူလိုင် ၄ ၊ ၂၀၂၅

လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့ ဆိုတဲ့ ISP က ဒေါက်တာစိုင်းလတ် ရဲ့ စာကို ဖတ်ကြည့်တယ်။ နိုင်ငံရေး စိတ်ပညာသမားရဲ့ စိတ်ကို ပြန်ဖတ်တာပေါ့။ 

သူ့ရဲ့ "ရှိရင်းစွဲ formal ယန္တရားကို အားကိုးလို့ မရလို့ လူမှုရေး ပြစ်ဒဏ်ခတ်တဲ့ social punishment လုပ်ကြတာ ဖြစ်တယ်" ဆိုတဲ့ အခြေခံကောက်ချက်က မနိပ်လှဘူး။ လူမှုရေးပြစ်ဒဏ်ဆိုတာ လူ့အသိုင်းအဝန်းအပေါ်  ထားရမယ့် စည်းဖောက်ပြီး ကျူးလွန်လာပြီဆိုရင် အလိုအလျောက် တုံ့ပြန်ဒဏ်ခတ်တဲ့ လူ့အလေ့အထ ဖြစ်ပါတယ်။ အစိုးရယန္တရားဖြစ်တဲ့ တရားစီရင်ပုံက သတ်သတ်ပါ။ အဲဒီတရားစီရင်ပုံက ဟန်မကျရင်လည်း အဲဒီတရားစီရင်သူတွေကို လူမှုရေးပြစ်ဒဏ် ထပ်စီရင်ကြပါသေးတယ်။ လူ့အဖွဲ့အစည်းအပေါ် မတရားခွင့်မပေးတဲ့ သဘောပါ။

အဲဒီ လူမှုပြစ်ဒဏ်ရဲ့ အနှစ်သာရက သူ ပြောသလို ကျူးလွန်ခံရသူဘက် သာမန်ရပ်တည်ပေးချက်သက်သက်မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းခုံရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ပါ။ formal ယန္တရားထက် ထောင်သက် ရှည်ကောင်းရှည်ပါလိမ့်မယ်။ သူ့တသက်တင်မက သူ့မျိုးဆက်အထိပါ ခံရတာမျိုးပါ။ သူနဲ့ဆက်စပ်သူ အကျိုးခံစားနေသူတွေထိပါ ကျကျနန သက်ရောက်ပါတယ်။ အရိပ်လိုပါပဲ။ အလင်းရောင်ပေါ်လာတာနဲ့ အရိပ်ဟာထွက်လာသလိုမျိုး အကြောင်းသင့်တိုင်းပေါ်ထွက်လာမှာပါ။ လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သူတွေအကြောင်းရော ကောင်းခဲ့သူတွေအကြောင်းပါ အကြောင့်သင့်တိုင်း ပြောနေ ဆိုနေ နမူနာပြနေတုန်းပါ။

သူဟာ သူ့မကောင်းမှုကို အလုံးစုံစွန့်လွှတ်နိုင်ရုံနဲ့တင် ပြေပျောက်သွားတာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းကောင်းကျိုးဆတိုး လုပ်ဆောင်နိုင်မှသာ ထိုက်လျောက်သက်သာရာရခြင်းမျိုးဖြစ်ပါတယ်။ 

ကျူးလွန်သူအတွက် တရားမျှတမှု၊ " ကိုယ်ရေးကိုယ်တာ (privacy) နဲ့ လူ့ဂုဏ်သိက္ခာ ထိန်းသိမ်းဖို့ မရှိမဖြစ် လိုအပ်ပါတယ် " ဆိုတဲ့အကောက်အယူဟာလဲ လူ့အဖွဲ့အစည်းရဲ့ အလိုအလျောက် ဆုံး ဖြတ်လုပ်ဆောင်ချက်ကို မထော်မနန်း လုပ်သလို ဖြစ်နေပါတယ်။ လူ့တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အဲဒီလူတယောက်အပေါ် တရားမျှတမှုဟာ အဲဒီလူရဲ့ လုပ်ဆောင်ချက်နဲ့အညီ လူ့အဖွဲ့အစည်းက ရောင်ပြန်ဟပ်ပေးပြီးသားပါ။ လူ့အဖွဲ့အစည်းကိုယ်နှိုက်ကတော့ သူ့အဖွဲ့အစည်းဝင်တယောက်ကို သက်သက်ချိုးနှိမ်ဒဏ်ခတ်တာမျိုး မရှိပါဘူး။ လူနှစ်ယောက် သုံးယောက် စတဲ့ လူအစုလေးက ဆုံးဖြတ်လုပ်ဆောင်တာမျိုး မဟုတ်ပါဘူး။ လူတယောက်ရဲ့ ဂုဏ်သိက္ခာဟာ သူ့သဘောထား သူ့လုပ်ရပ်နဲ့ပဲ ဆိုင်ပါတယ်။ အဲဒါရဲ့ ပဲ့တင်သံပဲ ဖြစ်ပါတယ်။

"ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေက မြန်မာပြည်ဖြစ်စဉ်တွေ ပြန်ကြည့်လိုက်ရင် ပြဿနာတခုကို ဖြေရှင်းဖို့ကြိုးစားတိုင်း လူအုပ်စုလိုက် ဝုန်းဒိုင်းကြဲကြလို့ နဂိုပြဿနာမပြေလည်ဘဲ နောက်ပြဿနာအသစ်ပဲ ထပ်တိုးလာတယ်" ဆိုတဲ့ ကောက်ချက်ကလည်း လူမှုရေးပြစ်ဒဏ်ခတ်ပုံနဲ့ မဆက်စပ်ပါဘူး။ ဒါက ပြဿနာဖြေရှင်းတာ မဟုတ်ပါဘူး။ လူရယ်လို့ ဖြစ်လာရင် သိပြီးနားလည်ပြီးဖြစ်တဲ့ အခြေခံစံချိန်စံညွှန်းတွေ မလိုက်နာလို့ ဖောက်ဖျက်လို့၊ ထိန်းသိမ်းစောင့်စည်းစရာတွေကို မလုပ်လို့ လူ့အဖွဲ့အစည်းကပေးတဲ့ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ကင်း‌အောင်နေ ပြစ်ဒဏ်ပါ။

"လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပါအဝင် အကြမ်းဖက်ကျူးလွန်တယ်လို့စွပ်စွဲခံရသူတွေအပေါ်  တုံ့ပြန်ချက်တွေဟာ Social punishment လား၊ social media punishment လား၊ ဆိုရှယ်မီဒီယာ သိက္ခာချရေးလား မသဲကွဲဘူး " တဲ့။ မီဒီယာဆိုတာ လူ့အဖွဲ့အစည်းရဲ့ နား၊ မျက်စိ ဖြစ်တဲ့အပြင် လူ့အဖွဲ့အစည်းတခုလုံးရဲ့ အချိတ်အဆက်ဆိုတာလောက်တော့ အခြေခံသိထားသင့်ပါတယ်။ လူအုပ်တအုပ်ရဲ့ လက်ကိုင်တုတ် မဟုတ်ပါဘူး။ "အမှန်တကယ် ပြစ်ဒဏ်နဲ့ အကန့်အသတ်ဘောင်က ရှင်းလင်းမှုမရှိ " တဲ့။ လူမှုရေးပြစ်ဒဏ်ကို ဘယ်လိုဟာမျိုးလဲဆိုတာနဲ့ ရက် လ နှစ်ပိုင်းလို့ မရဘူးဆိုတာလောက်တော့လည်း သိသင့်ပါတယ်။ " ပြီးတော့ လူအုပ်ကြီးရဲ့ စည်းလွတ်ဘောင်လွတ် တုံ့ပြန်မှု" တဲ့။ ဒါက ဘက်တူ ဂိုဏ်းတူ လူစုလူအုပ်မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းပါ။ ဂြိုဟ်အားလုံးက ကြားကြားသမျှ မြင်မြင်သမျှ လူ့အဖွဲ့အစည်းဝင်တွေပါ။

"ဒါတွေဟာ အဖြေမဟုတ်တဲ့အပြင် လူမှုပြစ်ဒဏ်ပေးရေးရဲ့ အနှစ်သာရကို ဖျက်လိုဖျက်ဆီးလုပ်ရာကျတယ်"တဲ့။ ဒီကောက်ချက်ကတော့ လူ့အဖွဲ့အစည်းတခုလုံးက မှားပါတယ်လို့ ပြောတာပါပဲ။

လူမှုပြစ်ဒဏ်ဆိုတာက ပုဂ္ဂိုလ်ရေးသဘော မရှိပါဘူး။ ကျူးလွန်ခံရသူကိုတောင် ကျူးလွန်ခံရသူတဦးမျှဆိုတာမျိုး ကြည့်တာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းလို့ပဲ ကြည့်တာပါ။ လူ့အဖွဲ့အစည်းဟာ အကျူးလွန်ခံရတယ်လို့ ကြည့်တာပါ။ အဲဒီလိုပါပဲ၊ ကျူးလွန်သူကိုလည်း ပုဂ္ဂိုလ်ရေးမကြည့်ပါဘူး။ လူ့အဖွဲ့အစည်းက လိုအပ်သလောက်ပြစ်ဒဏ်ခတ်မှာမို့ ကျူးလွန်သူအတွက် တရားမျှတရေးကို စိတ်ပူစရာ မရှိပါဘူး။ လူမှုရေးပြစ်ဒဏ်ဟာ စိတ်အာသာဖြေတဲ့ကိစ္စလဲ မဟုတ်ပါဘူး။ လူတယောက်ချင်းက လူ့အဖွဲ့အစည်းအပေါ်ထားတဲ့ စံနှုန်းတွေရဲ့ ရောင်ပြန်ပါပဲ။ ဒါကတော့ အောက်က ကောက်ချက်အပေါ်  ရှုမြင်ကြည့်တာပါ။

"ဒီကြားထဲ ပုဂ္ဂိုလ်ရေးအရ မကြည်လို့ ဆွမ်းကြီး ဝင်လောင်းကြတယ်။ ကျူးလွန်ခံရသူဘက်က ရပ်တည်တာအစား၊ နှစ်ဖက် တရားမျှတရေးအစား ဆွမ်းကြီးလောင်းခွင့် အချိန်အခါကောင်းလို အသုံးချပြီး ပုဂ္ဂိုလ်ရေး အမြတ်ထုတ်တာဟာ social punishment ကို သေးသိမ်စေတယ် (သက် ဆိုင်သူတွေရဲ့ အကျိုးကျေးဇူးအစား ကိုယ့်အာသာဖြေရေးလောက်သာ စိတ်ဝင်စားလို့)။ ဒါတင်မက အားလုံး အလေးအမြတ်ထားရမယ့် တရားမျှတရေးကို လှောင်ပြောင် တန်ဖိုးမဲ့စေတယ်။ အပေါစားဆန်စေတယ်။"

လူမှုရေးပုစ်ဒဏ်ခပ်ကြတာကို လူအုပ်ဖွဲ့ စုန်းဖမ်းဓလေ့ (Mob Culture) လို့မြင်တာကတော့ လူစုလူဝေးနဲ့ လူ့ဘောင် လူ့အဖွဲ့အစည်းကို ရောနေတာမျိုးပါ။ အုပ်စုစီရင်ရေး (Mob Trial)ဆိုတာလဲ အဲလိုပါဘဲ။ စံနှုန်းနဲ့သဘောထားတန်ဖိုးတွေကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဘယ်နှစ်နှစ်ဆိုတာတွေနဲ့ ထွေးနေတာမျိုးပါဘဲ။ လူမှုရေးပြစ်ဒဏ်မှာ အမှားပြင်ဆင်တာကို အခွင့်မရေးတရပ်သီးသန့်ပေးစရာလိုတယ်ထင်နေတာလဲမျိုးကြီးတော့ မျိုးကြီး၊ တမျိုးကြီးဆိုတာလိုပါပဲ။ သူ့ဘာသာနေ့စဉ်ပြင်ဆင်လုပ် ကိုင်နေထိုင်သွားရမယ့်ကိစ္စပါပဲ။ သူ့ဘာသာကျူးလွန်ခဲ့သလို သူ့ဘာသာဆက်လက်ရှောင်ကြဉ်သွားရမယ့်ဟာတွေပါဘဲ။ ဆက်ကျူးလွန်ချင်လဲ ကျူးလွန်နေပါလိမ့်မယ်။ သူ့ value ကိစ္စတွေပါပဲ။ ဘာ်သူ့ဆီကမှ အခွင့်အရေးတောင်းနေရတဲ့ဟာမဟုတ်သလို အခွင့်ရမှ လုပ်ရတဲ့ဟာတွေလဲ မဟုတ်ပါဘူး။ တနေ့ကပဲ သတင်းတခုဆိုရှယ်မီဒီယာကနေ ဖတ်လိုက်ရတယ်။ ထောင်ကျတယောက်က ထောင်ထဲကရတဲ့လုပ်အားခကို တနေရာကို ပေးလှူလိုက်တာသိရတော့ သူ့ကို ဝိုင်းလှူလိုက်တာ ဒေါ်လာသိန်းချီတောင်ရှိဆိုဘဲ။လူ့အဖွဲ့အစည်းကို လက်ပတ်နီပတ်ထားတဲ့စစ်အုပ်စုအသုံးတော်ခံအုပ်စုနဲ့မှားပြီး " စိတ်ဆိုးနေတဲ့ လူအုပ်ဟာ နေ့ချင်းညချင်း စုန်းဖမ်းသူတွေဖြစ်လာ" ဆိုတာမျိုးတွေ။ "တရားမျှတရေးကို ပြန်ပြီး ရန်မူလာ" မယ်ဆိုတာမျိုးတွေပြောနေတာကတော့ သူ့ရဲ့  neuropolitice ပါပဲ။

မီဒီယာဆိုတာ လူ့အဖွဲ့အစည်းတခုလုံးကိုချိတ်ဆက်ပေးထားတဲ့အရာဖြစ်လို့ "လူအုပ်ကြီးစီရင်ရေး" လို့ တွက်ရမယ့်ဟာ မဟုတ်ပါဘူး။

လူမှုရေးပြစ်ဒဏ်ကို ခိုးမှု၊ သတ်မှုတွေနဲ့ ရောထွေးနေပါတယ်။ လူမှုရေးပြစ်ဒဏ်ဟာ လူ့စံနှုန်းတွေ တန်ဖိုးတွေကို အကြမ်းဖက်တဲ့အခါ၊ မုဒိမ်းကျင့်တဲ့အခါမျိုးတွေမှ လူ့အဖွဲ့အစည်းက အလိုအလျောက် ပြန်တုံ့ပြန်တဲ့စနစ် ဖြစ်ပါတယ်။ အဲဒီလိုမျိုး မရှင်းတော့ "ကျူးလွန်တဲ့ ပြစ်မှုနဲ့သင့်တင့်လျော်ကန်တဲ့ ပြစ်ဒဏ်ပဲ ပေးရမှာ ဖြစ်တယ်။ ပထမဆုံးအကြိမ် ကျူးလွန်တာလား၊ ထပ်တလဲလဲ ကျူးလွန်တာလား ဆိုတဲ့အပေါ်လည်း မူတည်သေးတယ်"တို့တွေ ပြောလာတာပါ။

"တရားမျှတရေးကို နိုင်ငံရေးလက်နက်လိုသုံး၊ မီးများမီးနိုင်၊ ရေးများ ရေနိုင်ပဲ ဖြစ်ပါလိမ့်မယ်" ဆိုတာကတော့ ဘာပြောချင်မှန်း မသိပါဘူး။ တရားမျှတရေးဟာ နိုင်ငံရေးလက်နက်လား၊ မီးများမီးနိုင် ရေများရေနိုင်ကိစ္စရော ဟုတ်ရဲ့လား။

တကယ်တော့ IT ဟာ လောကပါလနတ်မင်းကြီးပါပဲ။ လူ့အဖွဲ့အစည်းတရပ်လုံးကို ချိတ်ဆက်ပေးထားနိုင်တဲ့အတွက် ဆိုရှယ်မီဒီယာကနေ လူမှုရေးပြစ်ဒဏ်ခတ်တာဟာ လောကကို အထိရောက် ဆုံးစောင့်ရှောက်မှု ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ပေါ်လာတော့ လူ့စံနှုန်း ပျက်ယွင်းမှုတွေကို ရှေးကာလတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အပြစ်ပေးအရေးယူလာနိုင်ပါတယ်။ အဲဒါကို "ပြစ်ဒဏ်ပေးတဲ့ ပလက်ဖောင်းအနေနဲ့ ဆိုရှယ်မီဒီယာကို သုံးတာဟာ ပွဲဆာနေတဲ့ လူအုပ်ကြီးကို စုန်းဖမ်းခိုင်းသလိုသာ ဖြစ်စေတယ်" ဆိုတဲ့ အကောက်အယူကလဲ တော်တော်အကျည်းတန်ပါတယ်။ ဆိုရှယ်မီဒီယာရှိလာတော့ ဖြစ်ရပ်တခုကိုဝိုင်းဝန်းအဖြေရှာနိုင် စောင့်ကြည့် အကဲ ဖြတ်နိုင်တဲ့အတွက် formal ယန္တရားနဲ့တရားစီရင်ရေးကိစ္စတွေတောင် ပြစ်ဒဏ်အပိုအလိုမရှိ မလုပ်ရဲကြတော့ပါဘူး။

"ခု ဖြစ်နေတာက ဝုန်းခနဲဆို ဆိုရှယ်မီဒီယာမှာ ပွလာပေမဲ့ တကယ်တော့ ထိခိုက်နစ်နာသူအတွက်ရော စွပ်စွဲခံ/ကျူးလွန်သူအတွက်ပါ လက်တွေ့ကျတဲ့ တရားမျှတမှု၊ ပြန်လည်ကုစားမှု၊ ထိရောက်တဲ့ အမှန်တကယ် ကာကွယ်မှု alternative နည်းလမ်းကို လူ့အဖွဲ့အစည်းက မပေးနိုင်ပါဘူး။ သွေးပူချိန် ဆိုရှယ်မီဒီယာပေါ် ရောက်လာတဲ့ privacy ကိုယ်ရေးအချက်အလက်တွေကြောင့် ရေရှည်မှာ ပိုလို့တောင် ခက်သွားပါအုံးမယ်"တဲ့။ တကယ်တော့ ဆိုရှယ်မီဒီယာကြောင့် alternative နည်းလမ်းတွေ ထွက်ပေါ်လာတာပါ။ တရားစီရင်ရေးတွေကို မောင်ပိုင်စီးလို့မရတော့သလို ကျူးလွန်မှုတွေကိုလဲ ဖော်ထုတ်နိုင်လာ၊ လျှော့ချလာနိုင်တာပါ။ provacy ဆိုပြီး မှောင်ရိပ်ခိုတာ၊ လက်သိပ်ထိုးတာတွေကိုပါ ကောင်းကောင်းလျှော့ချပေးနိုင်လာပါတယ်။ ဘယ်သူမှ ထုတ်ဖော်လို့မရဘူးဆိုတဲ့ အသိ အခံနဲ့ ကျူးလွန်ကြတာ များပါတယ်။ အဲဒီလူတွေဟာ လူသိနိုင်တဲ့ အခြေအနေတခု ရှိလာလို့သာ ထိန်းနေကြတာပါ။ မဟုတ်ရင် ဒီထက် ပိုကျူးလွန်ကြမှာပါပဲ။ ဆိုရှယ်မီဒီယာက အမှောင်ထဲ နေခွင့် မပေးတော့ပါဘူး။

"လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမှာ ထပ်တလဲလဲကျူးလွန်တဲ့ sex offender ဖြစ်ရင်တောင် အချက် အလက်တွေအကုန် တလောကလုံးသိအောင် ထုတ်ပြန်တာအစား လူတွေသတိထားရှောင်ကြဉ်နိုင်အောင် အမှုအခြေအနေအရ နည်းလမ်းတကျထိန်းသိမ်းလုပ်ကြရမှာ ဖြစ်တယ်" ဆိုတာကလဲ ဒေါက်တာစိုင်းလတ်ရဲ့ Neuropolitic ဖြစ်မယ် ထင်ပါတယ်။

"Neuroscience ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ လူတွေရဲ့ ဦးနှောက်ဟာ ကျိုးကြောင်းဆင်ခြင်စဉ်းစားမှုကို ၅ ရာခိုင်နှုန်းလောက်သာ လုပ်ပြီး ကျန်တဲ့ ၉၅ ရာခိုင်နှုန်းဟာ မစဉ်းစားမတွေးခေါ်ဘဲ စိတ်ခံစားချက်နဲ့  စိတ်မြန်ထကြွစွာလုပ်ကြတာ ဖြစ်တယ်။ နည်းပညာခေတ်မှာ ဆိုရှယ်မီဒီယာဟာ ဆင်ခြင်သုံးသပ် စဉ်းစားမှုအစား စိတ်ခံစားချက်နဲ့ မှားယွင်းစွာ တုံ့ပြန်တာကို ပိုအားပေးတယ်" ဆိုတာ အမြင်ကလဲ တဖက်သတ်ဆန်လွန်းပါတယ်။ လူတွေဟာ အချက်အလက်တွေကို မြန်မြန်နဲ့ များများသိရလေ၊ ရှုထောင့်စုံအမြင်တွေကို များများမြန်မြန်ရလေ ဆုံးဖြတ်လုပ်ကိုင်တာတွေ ပို အားကောင်းမှန်ကန်လေ မဟုတ်ပါလား။ AI ကိုပဲ ကြည့်ပေါ့။

"ဒါတင်မက Facebook လို ဆိုရှယ်မီဒီယာဟာ ကိုကိန်းလို မူးယစ်ဆေး သုံးတဲ့ခါ၊ လောင်းကစားလုပ်တဲ့အခါ အသက်ဝင် တက်ကြွလာသလိုမျိုး ဦးနှောက်ဆဲလ်ကွန်ရက်ကို တက်ကြွလာစေတယ်။ စိတ်ထက်သန်ပြီး ထပ်တလဲလဲလုပ်ဖို့ ဆေးစွဲ၊ လောင်းကစား စွဲသလို စွဲစေတယ်။ လုပ်ပြီးရင်း လုပ်ချင်အောင် အဆုံးမဲ့ လှုံ့ဆော်ထောက်ပံ့မှု ဖြစ်စေတယ် (တနည်း မူးယစ်ဆေး သုံးရင် တက်ကြွတဲ့ ဦးနောက်ကွန်ရက်နဲ့ ဆိုရှယ်မီဒီယာစွဲလမ်းမှု ဦးနှောက်ကွန်ရက် အတူတူ။)" ဆိုတာကလည်း ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေပါပဲ။ မအိပ်မချင်း အာရုံငါးပါးကနေ ဝင်လာသမျှ အချက်အလက်တွေကို အငမ်းမရဖြစ်နေတာဟာ ဦးနှောက်ရဲ့ ပုံမှန်ကိစ္စပဲ မဟုတ်ပါလား။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar