Breaking News

အညာဒေသရဲ့ အခွန်အကောက်တွေနဲ့ တရားဥပဒေ စိုးမိုးရေးအခြေအနေ


မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၅

အညာဒေသရဲ့ အခွန်အကောက်တွေနဲ့ တရားဥပဒေ စိုးမိုးရေးအခြေအနေ

ခုရက်ပိုင်းသတင်းတွေထဲမှာ ဖေဖော်ဝါရီလကဖြစ်ပွားခဲ့တဲ့ ရွှေဘိုမြို့နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ ကက် သလစ်ဘုန်းတော်ကြီး မာတင်ဒေါ်နယ်ကိုဓါးနဲ့ ခုတ်ပြီးသတ်ဖြတ်ရာမှာ ကျူးလွန်သူနဲ့ ပါဝင်သူ ၈ ဦးကို ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၈ နှစ် အသီးသီး ချမှတ်လိုက်တဲ့ သတင်း၊ ဝက်လက်မြို့နယ် လှတောရွာက နေအိမ်တအိမ်ကိုဓါးပြတိုက်ရာမှာ ပါဝင်တယ်လို့ သံသယရှိခြင်းခံရတဲ့ ပကဖနဲ့ PDF တပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်း၊ ဝက်လက်မြို့နယ်ထဲမှာ ဒါဇင်နဲ့ ချီရှိနေတဲ့ အခွန်အကောက် ဂိတ်တွေရဲ့ အရေအတွက်တွေကို နာမည်နဲ့တကွ အသေးစိတ်ဖော်ပြထားတဲ့ လူမှုကွန်ရက်မီဒီယာက ရေးသားချက်တခုလည်း ပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ဖလမ်းမြို့နယ်ထဲက ဗားရ်တံတားမှာ ဟားခါး CDF တွေဖမ်းဆီးလိုက်တဲ့ စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းကျော်နဲ့ ဘိန်းဖြူ ၁၁၀ ကီလိုဖမ်းမိတဲ့အဖြစ်အပျက်မှာလည်း သယ်ဆောင်လာသူတွေက ယင်းမာပင် PDF တပ်ရင်း ၁၅ က လက်နက်ကိုင်တွေဖြစ်ပြီး အဓိကတာဝန်ရှိသူ ကျော်မင်းဇော် ခေါ် ပုတီးဆိုသူက ဆားလင်းကြီး ပကဖထံမှာ လာရောက်အဖမ်းခံတဲ့ အဖြစ်အပျက်လည်း ခုရက်ပိုင်း ဖြစ်ပွားတဲ့ဖြစ်ရပ်တခုဖြစ်ပါတယ်။

ဒီအခြေအနေတွေကိုခြုံငုံသုံးသပ်ကြည့်ရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းနဲ့ မန္တလေးတိုင်းတို့ကနယ်မြေတွေပါဝင်တဲ့ အညာဒေသရဲ့ အခွန်အကောက် ကောက်ခံမှု၊ ကောက်ယူရရှိတဲ့ ဘဏ္ဍာငွေတွေ ဘယ်လိုခွဲဝေသုံးစွဲနေသလဲ၊ လက်နက်ကိုင်တပ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကိုကူ ညီစောင့်ရှောက်ရမယ့်အစား တရားဥပဒေတွေကိုချိုးဖောက်ပြီး  ဓားပြမှု၊ မူးယစ်မှုတွေလိုမျိုးမှာ အထိပါဝင်ပတ်သက်မှုတွေအနှံ့အပြားဖြစ်ပွားနေပြီလားဆိုတဲ့မေးခွန်းတွေပေါ်ထွက်လာခဲ့ပါတယ်။

ပထမဦးစွာ ဖေဖေါ်ဝါရီလဆန်းပိုင်းကဖြစ်ပွားခဲ့တဲ့ ကက်သလစ်ဘုန်းတော်ကြီး ဖာသာဒေါ်နယ် မာတင်ခေါ် ဦးဝင်းနိုင်ဦးကို ရက်စက်စွာဓါးနဲ့ခုတ်သတ်ဖြတ်ခဲ့တဲ့ တိုက်ကော (ခ) ဝင်းဇော်ဦးနဲ့ပူးပေါင်း ပါဝင်သူ ၇ ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်အောက် တရားရေးဌာနက ငါးလကြာ စစ်ဆေးကြားနာပြီး တိုက်ကော (ခ) ဝင်းဇော်ဦးကို ထောင်ဒဏ် ၂၀ နှစ် နဲ့ ကျန်တရားခံတွေကို ၈ နှစ်စီချမှတ်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ အဆိုပါ စီရင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သေဆုံးရတဲ့ ဖာသာဒေါ်နယ်မာတင် ရဲ့ မိသားစုတွေက သတင်းမီဒီယာကို ပြောဆိုရာမှာ အဖြစ်အပျက် ဖြစ်ပွားစဥ်က ပါဝင်သူ ၁၀ ဦးလို့ သိရှိထားကြပေမယ့် အခု အမိန့်ချမှတ်ရာမှာ ၈ ဦးဖြစ်သွားတဲ့အချက်၊ တရားစီရင်မှုက လူသိရှင်ကြားစီရင်တာမျိုး မဟုတ်သလို ကျူးလွန်သူတွေ အနက် တိုက်ကော (ခ) ဝင်းဇော်ဦး တဦးသာနာမည်နဲ့တကွထုတ်ဖော်ကြေညာပြီး ကျန်တဲ့ကျူးလွန်သူတွေရဲ့ အမည်တွေ ဖော်ထုတ်ခြင်းမပြုတာတွေက အမှန်တကယ်အပြစ်ပေးခြင်းဖြစ်နိုင်ပါ့မလား ဆိုတဲ့သံသယတွေ ဖြစ်ပေါ်စေတယ်လို့ ပြောဆိုကြောင်း Mandalay Free Press သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။

(မှတ်ချက် - NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့် ထုတ်ပြန်ချက်မှာတော့ အမည်တွေ အပြည့် အစုံနဲ့အတူ ပြစ်ဒဏ်တွေကိုထည့်သွင်း မှတ်တမ်းတင်ထားတာတွေ့ရှိရပါတယ်။ အားလုံးကို ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်)

နှစ်ရှည်ထောင်ဒဏ်ချမှတ်တယ်ဆိုရာမှာ NUG အစိုးရအနေနဲ့ ထိန်းချုပ်ဒေသတွေမှာ အကျဥ်း ထောင်ရယ်လို့ သတ်သတ်မှတ်မှတ် ဆောက်လုပ်ထားခြင်းရှိရဲ့လားဆိုတဲ့ မေးခွန်းကလည်း ဒီသတင်းဖေါ်ပြချက်နဲ့ပတ်သက်လို့ မှတ်ချက်ပြုသူတွေက မေးထားကြတာတွေ့ရပါတယ်။

ခုရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ နောက်အဖြစ်အပျက်တခုက ဝက်လက်မြို့နယ် လှတောရွာက ဓါးပြမှုဖြစ်ပါတယ်။ PDF တပ်ဖွဲ့ဝင် ၂ ဦး၊ ပကဖ လို့ခေါ်တဲ့ ဒေသကာကွယ်ရေးလက်နက်ကိုင် ၂ ဦးနဲ့ မိတ္ထီလာမြို့နယ်ဘက်က ဒရုန်းတပ်ဖွဲ့ဝင် ၂ ဦး တို့ပါဝင်တဲ့ စုစုပေါင်း ၁၁ ကို ဓါးပြမှုဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးရမိထားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ဓါးပြမှုအတွင်း ဓါးပြတိုက်ခံရတဲ့နေအိမ်ကအမျိုးသားဖြစ်သူ အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း သတင်းမှာ ဖေါ်ပြထားပါတယ်။

နောက်ဖြစ်ရပ်တခုက ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲကစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးရမိတဲ့ဖြစ်ရပ်မှာ သယ်ယူလာတဲ့သူတွေက ယင်းမာပင်ခရိုင်တပ်ရင်းတခုက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဒီအဖြစ်အပျက်မှာ တာဝန်ရှိတဲ့သူဖြစ်တဲ့ ကျော်မင်းဇော် ခေါ် ပုတီးက ဆား လင်းကြီးမြို့နယ် ပကဖဒုတာဝန်ခံကိုဆက်သွယ်ပြီး လာရောက်အဖမ်းခံကာ လက်နက်ကိုင်တော်လှန်ရေးလုပ်ရင်း အကြွေးတင်လာတာကြောင့် အခုလို မူးယစ်ဆေးဝါးသယ်ဆောင်ပေးတဲ့ အလုပ်ကိုလုပ်ကိုင်ရခြင်း ဖြစ်ကြောင်းထွက်ဆိုတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ အခုလို ဖမ်းဆီးရမိတဲ့အဖြစ်အပျက် မတိုင်ခင် ၂ ခေါက်သယ်ဆောင်ခဲ့ကြောင်းလည်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ချင်းပြည်နယ်ထဲမှာ ဖမ်းဆီးခံရစဥ် ကားသမားနဲ့အတူ ယင်းမာပင်ခရိုင်တပ်ရင်းက ရဲဘော်အချို့ က ထွက်ဆိုရာမှာ ၄ ခေါက်မြောက်သယ်ဆောင်တာဖြစ်ကြောင်း ထွက်ဆိုထားကြတာလည်း သတင်းတွေမှာ တွေ့ရှိပြီးဖြစ်ပါတယ်။

အထက်ကအဖြစ်အပျက်တွေလို ပြစ်မှုအကြောင်းအရာမဟုတ်ပေမယ့် ဝက်လက်မြို့နယ်ထဲက ဖြတ်သန်းတဲ့ကားတွေအပေါ် ကောက်ခံတဲ့ဂိတ်အရေအတွက်တွေနဲ့ အဖွဲ့တွေ စာရင်းလူမှုကွန်ရက်မှာဖြန့်ဝေနေကြတာ တွေ့ရပါတယ်။ ဒါဇင်နဲ့ချီတဲ့အရေအတွက်ရှိတဲ့ ဂိတ်တွေမှာ အခွန်အကောက်တွေကောက်ခံနေကြတာဟာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လို စီမံခန့်ခွဲသင့်သလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာစေပါတယ်။ အခုလို ဝက်လက်မြို့နယ်ထဲကိုဖြတ်သန်းတဲ့ လူစီးကားတွေ ကုန်တင်ယာဥ်တွေအပေါ် အခွန်ကောက်ခံခြင်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ရှိတဲ့ခရီးသွားသူတွေ၊ စားသုံးသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုစေမှာဖြစ်ပါတယ်။ အညာဒေသရဲ့ အချို့နေရာတွေမှာ ရွှေတွင်း၊ ရွှေမျောတွေ ရှိသလို ရွှေတွင်း၊ ရွှေမျောတွေမရှိတဲ့ဒေသတွေက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိန်းချုပ်ရာဒေသက ဖြတ်သန်းသယ်ဆောင်တဲ့ ကုန်စည်၊ ဖြတ်သန်းတဲ့ကားတွေထံက အခွန်ကောက်ခံပြီး ဝင်ငွေရှာဖွေနေကြတာ တွေ့ရပါတယ်။ ဒီလို အခွန်အကောက် ကောက်ခံရာမှာ သတ်မှတ်နှုန်းထား တဂိတ်နဲ့တဂိတ် အကွာအဝေး၊ တဂိတ်မှာ ပေး ဆောင်ပြီးရင် နောက်တဂိတ်မှာ ထပ်ပေးဆောင်ဖို့လိုမလို စတဲ့ အသေးစိတ်လုပ်ပုံလုပ်နည်းတွေလည်း မေးခွန်းထုတ်စရာ ရှိလာပါတယ်။ 

တော်လှန်ရေးစတင်ခါစမှာ လူထုရဲ့ =အလှူထည့်ဝင်ငွေ၊ ကူညီငွေနဲ့ ရပ်တည်ခဲ့ကြပေမယ့် နှစ်ကြာလာတာနဲ့အမျှ လက်နက်ကိုင်ပဋိပက္ခတွေအကြား လုပ်ငန်းတွေမလည်ပတ်နိုင်ကြတာ အသက်မွေးဝမ်းကြောင်းအလုပ်တွေ မလုပ်ကိုင်နိုင်ကြတော့တဲ့ လူထုအနေနဲ့ ကူညီနိုင်စွမ်းလျော့ကျလာခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရပ်တည်ရေး တိုက်ပွဲတွေ ဖေါ်ဆောင်နိုင်ဖို့ လို အပ်တဲ့လက်နက်ခဲယမ်းအတွက် လိုအပ်တဲ့ရန်ပုံငွေတွေကို လက်နက်ကိုင်အဖွဲ့တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာလာကြတဲ့အခြေအနေမျိုးရောက်ရှိလာတာ တွေ့ရပါတယ်။ ယင်းမာပင် တပ်ရင်း ၁၅ က မူးယစ်ဆေးဝါးသယ်ဆောင်ပေးရာမှာ တာဝန်ခံသူရဲ့ပြောဆိုချက်အရ တော်လှန်ရေးလုပ်ရင်း အကြွေးတင်လာတာကြောင့် အခုလိုမူးယစ်ဆေးသယ်ရတယ်ဆိုတဲ့အဖြစ်ကိုတွေက မြေပြင်ကအခြေအနေအခက်အခဲတွေကိုဖော်ပြနေသလားလို့တွေးဆစရာရှိလာပါတယ်။ တဖက်မှာလည်း တရားဥပဒေ စိုးမိုးမှုမရှိတဲ့အနေအထားကြောင့် အခုလို ဓါးပြမှု၊ သတ်ဖြတ်မှုနဲ့ မူးယစ်ဆေးဝါး သယ်ယူမှုတွေကို ကျူးလွန်ဖို့ လွယ်ကူစေသလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။

အညာဒေသမှာ အခုလိုဖြစ်ပွားမှုတွေဟာ တော်လှန်ရေးဂုဏ်သတင်းနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုဆုံးရှုံးစေမှာဖြစ်လို့အထက်မှာဖေါ်ပြခဲ့တဲ့ပြစ်မှုတွေလိုမျိုး အခွန်အကောက်မတန်တဆ ကောက်ခံမှုတွေ ကိုယ်ကျိုးရှာမှုတွေကို အမြန်ဆုံး အရေးယူလုပ်ဆောင်ဖို့ လိုအပ်နေတာ အမှန်ပဲဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar