Breaking News

မောင်လူမွှေး - အာဇာနည်နေ့တွေ အဆုံးသတ်မယ့်အချိန်

အာဇာနည်နေ့တွေ အဆုံးသတ်မယ့်အချိန်

မောင်လူမွှေး

 မိုးမခ ၊ ဇူလိုင် ၂၁ ၊ ၂၀၂၅

၂၀၂၅ ၊ ဇူလိုင် ၁၉ ရက်နေ့၊ စနေနေ့။ ဒီနှစ်  အာဇာနည်နေ့ဟာ စနေနေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရတာက ၁၉၄၇၊ ဇူလိုင် ၁၉ ၊ စနေနေ့မှာပဲ ဖြစ်တယ်။ မောင်လူမွှေးဟာ  ငယ်စဥ်က အာဇာနည်နေ့ဆို ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေကို နှမြောတာ၊ တမ်းတတာနဲ့ ဝမ်းနည်းမှုကို ခံစားခဲ့ရတာကို မှတ်မိနေပါတယ်။

အသက်နှစ်ဆယ် ကျော်လာပြီးနောက်မှာတော့ မောင်လူမွှေး ခံစားရတဲ့ ဝမ်းနည်းမှုဟာ ပိုနက်ရှိုင်းလာတာကို သတိပြုမိတယ်။ အာဇာနည်တွေကို လုပ်ကြံခံရပြီးနောက် "အမျိုးသား ပျက်စီးခြင်းတစ်ရပ်ပဲ" ဆိုတဲ့ ဆရာဇော်ဂျီရဲ့ မှတ်ချက်စကား၊ "မြန်မာလူငယ်တွေ လက်နက်ရဲ့ အရသာကိုသိသွားပြီ" ဆိုတဲ့ ဒေါက်တာဘမော်ရဲ့ မှတ်ချက်စကားတွေဟာ မောင်လူမွှေးကို ကြေကွဲစေခဲ့ပါတယ်။

မောင်လူမွှေး ဝမ်းအနည်းဆုံးကတော့ မောင်လူမွှေးတို့လူမျိုးဟာ ကိုယ့်တိုင်းပြည်ကို ကောင်းအောင်လုပ်ခဲ့တဲ့ သူတွေကို အစဥ်အဆက် အန္တရာယ်ပြုခဲ့ကြတာကိုပဲ ဖြစ်တယ်။

အနီးကပ်ဆုံး၊ အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ၉ ဦးကို လက်နက်နဲ့လုပ်ကြံခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အစ်ကိုကြီးလိုလေးစားခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုလက်ကနေ နိုင်ငံတော်အာဏာကို အတင်းအဓမ္မလုယူခဲ့တယ်။ ခုနောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပြည်သူအားလုံးက "အမေ" လို့ ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထဲကနေ လက်နက်နဲ့ပဲ နိုင်ငံတော်အာဏာကို လုယူပြီး အမေစုကို ထောင်ထဲမှာ သေစေဖို့ စီမံထားကြတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ၉ ဦးကို လုပ်ကြံခဲ့တဲ့အဓိက တရားခံဟာ ဂဠုန်ဦးစော ဖြစ်တယ်။ ဂဠုန်ဦးစောရဲ့နောက်မှာ အရင်းရှင် အင်္ဂလိပ်တချို့ရှိတယ်။ ဂဠုန်ဦးစော လက်ထဲမှာ ဘာအသိပညာမှ မရှိတဲ့ လက်နက်ကိုင်ထားသူတွေ ရှိတယ်။ ဂဠုန်ဦးစောဟာ သူ့နောက်က အရင်းရှင် အင်္ဂလိပ်လူမျိုးတချို့ကို အားကိုးယုံကြည်ပြီး၊ သူ့လက်အောက်က ဘာအသိပညာမှ မရှိတဲ့ လက်နက်ကိုင်သူတွေကို အသုံးချကာ လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

ဂဠုန်ဦးစောဟာ ကိုယ်ကျိုးကြည့်လွန်းတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး အသိပညာမဲ့တဲ့သူတွေကို သူ့လက်အောက်မှာမွေးပြီး ခိုင်းချင်တာ ခိုင်းခဲ့တယ်။ အမျိုးသားခေါင်းဆောင်ကြီးတွေကို လုပ်ကြံခဲ့တယ်။

နောက်ပိုင်း ဂဠုန်ဦးစောထက်ပိုယုတ်မာသူတွေကတော့ မြန်မာစစ်တပ်ကစစ်ဗိုလ်ချုပ်တွေဖြစ်တယ်။ နိုင်ငံကိုကောင်းစေချင်တဲ့မြန်မာ့ခေတ်ပညာတတ်လူငယ်တွေ၊ နိုင်ငံရေးသမားတွေကိုသတ်ဖြတ်တယ်။ ဖမ်းဆီးတယ်။ ထောင်ချတယ်။ နိုင်ငံပိုင်သံယံဇာတတွေကို သူတို့ကိုယ်ပိုင်ပစ္စည်းလို တိုင်းတစ်ပါးကို အောက်ဈေးနဲ့ရောင်းပြီး စည်းစိမ်ခံနေကြတယ်။ 

သူတို့တွေ ဒီလိုလုပ်နိုင်တာဟာ သူတို့လက်အောက်မှာ အသိပညာမရှိတဲ့ လက်နက်ကိုင်ထားသူတွေ ရှိနေလို့ပဲ ဖြစ်တယ်။ အာဏာရှင်ဟာ ပညာတတ်ကို မလိုလားဘူး။ သူတို့ ခိုင်းတာကို လုပ်တတ်တဲ့သူ၊ လုပ်ရဲတဲ့သူကိုသာ လိုတာဖြစ်တယ်။ ဒါကြောင့် အာဏာရှင်မှန်သမျှ သူ အုပ်စိုးတဲ့နေရာမှာ ပညာရေးကို အားမပေးဘူး။ 

ခုလက်ရှိအချိန်မှာ ပြည်သူကို ရက်စက်စက် ပေါ်တင်သတ်ဖြတ်နေတဲ့ စစ်တပ်အပြင် ပညာတတ်မြောက်မှုကို အားမပေးတဲ့၊ ကိုယ့်လက်အောက်မှာ ကိုယ်ခိုင်းတဲ့အတိုင်း လုပ်မယ့် လက်နက်ကိုင်တွေကို မွေးမြူထားချင်သူတွေ ရှိနေတာ သေချာပါတယ်။ တကယ်လည်း မြေပြင်မှာ ရှိနေတယ်။ ဒါကို ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေက သတိကြီးကြီးထားဖို့ အရေးကြီးပါတယ်။

ကိုယ့်ရဲ့ တပ်ကိုကောင်းစေချင်တယ်၊ ကိုယ့်ရဲဘော်တွေကို ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ရဲဘော်တွေ အသိပညာတိုးတက်ရေးကို မဖြစ်မနေကြိုးစား လုပ်ဆောင်ကြရမှာဖြစ်တယ်။ အသိပညာတိုးတက်အောင်လုပ်ဆောင်တယ်ဆိုတာမှာ အတန်းပညာတွေကိုသင်မှမဟုတ်ပါဘူး။ သူတို့အဆင့်အတန်းနဲ့ကိုက်ညီတဲ့ စာဖတ်ဝိုင်း၊ ဆွေးနွေးဝိုင်း တွေကို တတ်သိသူတွေက ဦးဆောင်ကျင်းပတာမျိုး က အစ လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

အသိပညာရှိတဲ့ ရဲဘော်တွေ စုစည်းထားတဲ့ လက်နက်ကိုင်တွေရှိတဲ့ တပ်မှသာ ပြည်သူ့အတွက်ဖြစ်မယ်လို့ ကျောင်းဆရာ မောင်လူမွှေး ယုံကြည်ပါတယ်။

 အသိပညာဗဟုသုတ ကင်းမဲ့လွန်းတဲ့ သူတွေဟာ ဂဠုန်ဦးစောလို လူမျိုးရဲ့ အခိုင်းခံဖြစ်နိုင်သွားနိုင်သလို အသိပညာကင်းမဲ့သူတွေ အများကြီး စုမိရင် အခု ပြည်သူကိုသတ်နေတဲ့ မြန်မာ့တပ်မတော်လိုလည်း ဖြစ်သွားနိုင်ပါတယ်။

အာဇာနည်နေ့ဟာ ပိုပိုပြီး ဝမ်းနည်းဖွယ်ဖြစ်လာပါတယ်။ ၁၉၄၇ ခုနှစ် ၊ ဇူလှိုင် ၁၉၊ စနေနေ့မှာ စခဲ့တဲ့ အာဇာနည်နေ့တွေဟာ ဒီကနေ့အထိ မောင်လူမွှေးတို့ နိုင်ငံမှာ မဆုံးတော့ပါဘူး။ ဘယ်တော့မှများ အာဇာနည်နေ့တွေ ဆုံးမှာပါလိမ့်။ ကိုယ့်နိင်ငံက မျိုးဆက်သစ်လူငယ်တွေထဲမှာ ပညာတတ်မြောက်သူဦးရေ အချိုးအစားများလာတဲ့ တစ်နေ့မှာတော့ နိုင်ငံရေးယဥ်ကျေးမှုတွေ ထွန်းကားပြီး အာဇာနည်နေ့တွေ အဆုံးသတ်လိမ့်မယ်လို့ မောင်လူမွှေး ယုံကြည်မိပါတယ်ခင်ဗျာ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar