လှကျော်ဇော - ကျွန်မတို့တုန်းက
လှကျော်ဇော - ကျွန်မတို့တုန်းက
မိုးမခ ၊ ဇူလိုင် ၂၁ ၊ ၂၀၂၅
အခုတလော ပုံပြင်တပုဒ်လို ကြားလိုက်ရပါတယ်။
အရှေ့မြောက်အရပ်က နွေဦးတော်လှန်ရေးရဲ့ တိုက်ပွဲတပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေး (PLA) ဆေးတပ်ဖွဲ့မှူးလေးရဲ့ အတွေ့အကြုံတရပ်ပါ။အံ့ဩစရာတွေ ဝမ်းသာဂုဏ်ယူစရာတွေ အားတက်စရာတွေနဲ့ ပြည့်လွှမ်းနေတဲ့ အဖြစ်အပျက်တရပ်။
အဲဒီတုန်းက ပီအယ်လ်အေ မဟာမိတ်တပ်ဖွဲ့တဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်နေရတဲ့ ကာလ တဲ့။ ဂျက်ဖိုက်တာတွေ ဗုံးလာကြဲလို့ တော်လှန်ရေးတပ်ဖွဲ့၀င်တွေ ထိခိုက်ဒဏ်ရာတွေ ရကုန်ကြပါတယ်။ ဒီလိုနဲ့ ပီအယ်လ်အေ ဆေးတပ်ဖွဲ့က လက်မလည်အောင် အလုပ်ရှုပ်နေတုန်း မဟာမိတ်အဖွဲ့က ရဲဘော်တယောက် ပြင်းထန်တဲ့ ရင်ဘတ်ဒဏ်ရာနဲ့ ရောက်လာပါတယ်။ ဗုံးစက နောက်ကျော (အဆုပ်နေရာ)က ဝင်နေတာ။ ရှေ့တော့ ဖောက်ထွက်လာတာမရှိ တဲ့။ ရဲဘော်က အသက် ၂၀ ကျော် အတော်ဗလကောင်းတောင့်တင်းပြီး စိတ်ဓာတ်လည်း မာပုံရသတဲ့။ ဆေးအဖွဲ့ဆီ ရောက်တဲ့အခါ လူနာရဲ့အခြေခံ အချက်အလက်များ (ဥပမာသွေးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူနှုန်း စသဖြင့်-) ကပုံမှန်ပဲဖြစ်နေပါသတဲ့။ ဒီတော့ ဆေးဝန်ထမ်းများက ရှေးဦးလူနာပြုစုနည်းများအတိုင်း ဒဏ်ရာကို စနစ်တကျပိုးသတ်ပြီး သွေးတိတ်ပတ်တီးကို ပလာစတာအကြီးနဲ့ ပိတ်ထားပေးပြီး ဆလိုင်းချိတ် ပိုးသတ်ဆေးထည့်၊ သွေးတိတ်ဆေး၊ မေးခိုင်ကာကွယ်ဆေးများထိုး၊ လူနာ နေသာထိုင်သာရှိအောင် သက်သောင့်သက်သာအနေအထားနဲ့ ပုခက်လို ထမ်းစင်နဲ့ နောက်တန်းတနေရာကို ထမ်းလာကြသတဲ့။ တလမ်းလုံးလဲ လူနာရဲ့အခြေအနေတွေစောင့်ကြည့်ပီး လိုအပ်သလို စောင့်ကြပ်ကြည့်ရှုလာလို့ လူနာကတည်တည်ငြိမ်ငြိမ်နဲ့ သတိလည်း ကောင်းနေသတဲ့။ ဒါပေမဲ့ ရင်ခေါင်းထဲ ဝင်စိုက်နေတဲ့ ဗုံးဆံကတော့ ထုတ်ကို ထုတ်ပစ်ပေးရမှာ။ ဘယ်လိုလုပ်ရပါ့။
ဒီလိုနဲ့ တစုံတရာ တည်ငြိမ်အေးချမ်းတဲ့ နေရာကိုရောက်တော့ ခွဲစိတ်ခန်းလို နေရာလေးတနေရာရှာ ပတ်ပတ်လည် သေသေချာချာ ပိုးသတ် လူနာကိုရော၊ သူတို့ မဟာမိတ်အဖွဲ့ကိုရော မခွဲစိတ်ဘဲ နေလို့မရကြောင်း ရှင်းပြပြီး သူတို့ရဲ့ သဘောတူညီချက်ရတော့ လူနာရဲ့ ဒဏ်ရာ ပတ်လည်ကို တခါပြန် စနစ်တကျ ပိုးသတ်၊ အဲဒီတဝိုက်ကို ထုံဆေးထိုး ဇာဂနာအရှည်တချောင်းနဲ့ ဗုံးဆန်ဝင်သွားတဲ့ လမ်းကြောင်းအတိုင်း လိုက်ဝင်ပြီး အဆုတ်တနေရာမှာ စိုက်ဝင်နေတဲ့ ဗုံးဆံအစကို ဆွဲထုတ်ယူလိုက်နိုင်ပါတယ်။ အဲဒီလို ဆွဲထုတ်စဉ် အပြင်လေနဲ့ အတွေ့မှာ လူနာဟာတချက် ငိုက်ခနဲဖြစ်သွားတာကလွဲလို့ တောက်လျှောက် သတိကောင်းနေပြီ ခွဲစိတ်ပြီးတော့လဲ စနစ်တကျ ကြည့်ကြပ်စောင့်ရှောက်ပေးမှုကြောင့် ဘာရှုတ်ထွေးမှုမှမဝင်ဘဲ အခုတော့ အတော်နာလန်ထူလာပြီ--တဲ့။
မဟာမိတ်အဖွဲ့ကလည်း ဆေးတပ်ဖွဲ့ကို အလွန်ကျေးဇူးတင်ပြီး အဲဒီ ပတ်ဝန်းကျင် ပတ်လည်က လူထုကြားမှာလည်း ပီအယ်လ်အေရဲ့ ဂုဏ်သတင်းပျံ့သွားသတဲ့။
ဒီနေရာမှာ ဆေးတပ်ဖွဲ့ဝင်များရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ဒဏ်ရာလူနာကို စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင်နဲ့ တဆင့်ပြီး တဆင့်ဖြေရှင်းသွားပုံတွေကို တွေ့မြင်ရပါတယ်။ လူနာရဲ့ပင်ကိုကျန်းမာရေး အခြေအနေကလည်း ကောင်းပုံရပြီး သူ့ကိုယ်ခန္ဓာရဲ့ ပြန်လည်ရှင်သန်ရေးလှုပ်ရှားမှုက အကောင်းဆုံးကာလ ဖြစ်နေတာကလဲ အားကောင်းချက်တရပ် ဖြစ်နေဟန်ရှိပါတယ်။
ကျွန်မအဲဒီညက တော်တော်နဲ့ အိပ်မပျော်ပါဘူး။ တကယ်တော့ ကျွန်မ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အရှေ့မြောက်စစ်ဒေသ ပန်ဆန်း(အခု ဝ အထူးဒေသ-ပန်ခန်း)မှာ တာဝန်ထမ်းဆောင်နေတုန်းက ပါတီတပ်နဲ့ မဆလတပ်များ တိုက်ပွဲကြီးများဖြစ်တိုင်း ကျွန်မ ရှေ့တန်းဆေးအဖွဲ့ကို ဦးစီးပြီး ပါတီတပ်များနောက်က လိုက်ပြီး ဆေးကု ထွက်ဖူးပါတယ်၊။ ဒါကြောင့် ဒီလိုဒဏ်ရာနဲ့လူနာမျိုးတွေတွေ့ဖူးကြုံဖူးပါတယ်။
အဲဒီတုန်းက ကျွန်မတို့ ဘယ်လိုဖြေရှင်းခဲ့သလဲ။
လူနာကို ရှေးဦးသူနာပြုနည်းတွေ၊ သက်သောင့်သက်သာဖြစ်အောင် ထမ်းစင်နဲ့ နောက်တန်းပြန်ပို့ရေး အဲဒီအထိအတူတူပါပဲ။ ရှေ့တန်းဆေးရုံလေးမှာ အသေးစား ခွဲစိတ်မှုလေးတွေ (သိပ်မနက်ရှိုင်းတဲ့ ဒဏ်ရာတွေကို ချုပ်ပေးတာ၊ ဗုံးစဗုံးနလေးတွေ ခွဲထုတ်ပေးတာ စသဖြင့်) တော့ လုပ်ပါတယ်။ ဒါပေမဲ့ အထက်ကလူနာလို ကိုယ်တွင်းင်္အဂါကြီး (အဆုတ်) ထိထားသူများကိုတော့ ကိုယ်ခန္ဓာအခြေခံအချက်အလက်တွေ တည်ငြိမ်တာနဲ့ နောက်တန်း ပန်ဆန်းက အရှေ့မြောက် စစ်ဒေသဆေးရုံကြီးဆီ ပို့လိုက်တာပါပဲ။ အဲဒီဆေးရုံက ဆရာဝန်များကလည်း နည်းနည်းခက်မယ်ထင်ရင် တဖက်ကမ်းက(တဖက်နိုင်ငံက) ဆေးရုံဆီ ထပ်လွှဲပေးလိုက်တာပါပဲ။
ကဲ... ဒီတော့ ကျွန်မတို့ တော်လှန်ရေးကာလနဲ့ အခု နွေဦးတော်လှန်ရေးသမားများအကြား ဘာကွာဟမှုတွေ ရှိနေသလဲ။ ကိုယ့်ထူးကိုယ်ချွန်စိတ်ဓာတ်နဲ့ မိမိဘာသာ အားကိုးကြိုးစားတဲ့ စိတ်ဓာတ်ကို သွားတွေ့လိုက်ရပါတယ်။ တဆက်တည်း အဲဒီလိုမျိုးစိတ်ဓာတ်နဲ့ တပြည်လုံး ပြည်သူများကို ရအောင်စည်းလုံး၊ စစ်အာဏာရှင်ရဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်တိုက်ပြီး၊ တည်ဆောက်လာကြတော့မယ့် တိုင်းသစ်ပြည်သစ်ကြီးကို လှမ်းမြင်လိုက်ရပါတော့တယ်။
အဲဒီကောက်ချက်နဲ့ မျှော်လင့်ချက်ရလိုက်မှ ကျွန်မ အိပ်နိုင်ပါတော့တယ်။
လှကျော်ဇော
၂၀-၇-၂၀၂၅
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar