Breaking News

ဆက်ကြေး၊ အခွန်အကောက်နဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် ရန်ပုံငွေ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၈ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၅


ဆက်ကြေး၊ အခွန်အကောက်နဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် ရန်ပုံငွေ 

ဘီဘီစီမြန်မာပိုင်းမှာ ဖော်ပြတဲ့ သတင်းတပုဒ်က ကန့်ဒေါင့်ဝန်းကျင်ကျေးရွာတွေကို PLA ဆက်ကြေးကောက်နေ ဆိုတဲ့ ခေါင်းစဥ်နဲ့ မကြာသေးခင်က တိုက်ပွဲဖြစ်ပွားပြီး ကန်ဒေါင့်ကျေးရွာက ရဲစခန်းကို သိမ်းယူခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က အနီးအနားက ကျေးရွာတွေကို ဆက်ကြေးကောက်ခံနေတဲ့ အကြောင်း သတင်းရင်းမြစ် အချို့ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ 

ဒီသတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ TNLA ရဲ့ စစ်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က သတင်းပို့စ်ကို ပြန်လည်ဝေမျှထားပြီး “တော်လှန်ရေးကို ဘယ်သူက ဘတ်ဂျက်ချပေးမှာတုန်း” ဆိုတဲ့ မှတ်ချက်စာသားလည်း ရေးသားထားတာ တွေ့ရပါတယ်။ 

ဘီဘီစီရဲ့ သတင်းထဲမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ပုလဲ-ဂန့်ဂေါ ကားလမ်းပေါ်က ကန်ဒေါင့်စခန်းကို PLA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီလက်က တိုက်ခိုက်သိမ်းယူပြီးနောက်မှာ ကန်ဒေါင့်ရွာတဝိုက်က ကျေးရွာတွေကို ငွေကြေးကောက်ခံနေတယ်လို့ သတင်းရင်းမြစ်တချို့ကို ကိုးကားဖော်ပြထားပါတယ်။ နောက်သတင်းရင်းမြစ်တခုက ပုလဲမြို့နယ် ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) ခေါင်းဆောင် ကိုဇော်ထက် ကို ကိုးကားပြီး ကျေးရွာသားတချို့က ၄င်းတို့ကို PLA က တအိမ် ကျပ် ၂ သောင်း ၃ သောင်း ကောက်ခံဖို့ အကြောင်းကြားလာတာ ရှိကြောင်း ပအဖ အဖွဲ့ကို တိုင်ကြားတဲ့ သဘောမျိုးနဲ့ အသိပေးလာကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဆက်ကြေး ကောက်ခံတယ်ဆိုတဲ့ PLA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော် ကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားခြင်း မရှိသေးကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။ 

ဆက်ကြေး ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲတာကို နွေဦးတော်လှန်ရေး ထောက်ခံသူတွေက သတင်းဌာနကို ပြစ်တင်ဝေဖန်နေကြတာ တွေ့ရပြီး ဆက်ကြေးဆိုတဲ့ အသုံးအနှုန်းဟာ ရန်သူဘက်က သုံးတဲ့ အသုံးအနှုန်းဖြစ်ပြီး ရန်သူ့ အလိုကျ သုံးနှုန်းတဲ့ သဘောမျိုးနဲ့ ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။ 

ဆက်ကြေး ဆိုတဲ့ စကားလုံး အသုံးအနှုန်းရဲ့  သဘောသဘာဝကို ဆန်းစစ်ကြည့်ရင် လက်နက်ကိုင် ပုန်ကန်တဲ့ အဖွဲ့အစည်းတွေက ဆင့်ဆိုကောက်ခံတဲ့ ငွေကြေးကို ဆက်ကြေးလို့ သုံးနှုန်းကြတာမျိုး ဖြစ်ပြီး ဆက်ကြေး ဆိုတဲ့ အသုံးအနှုန်းက ပဒေသရာဇ်ခေတ်က မြို့စား နယ်စားတွေကို အခွန်အခ ဆက်သရတဲ့ အကြောင်းတွေကို ရေးသား သုံးနှုန်းကြရာက မြန်မာဘာသာစကားမှာ သုံးစွဲလာကြတယ်လို့ ယူဆရပါတယ်။ 

အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ရပ်တည်ရေးလို့ ယေဘုယျ သုံးနှုန်းတဲ့ ရိက္ခာ၊ ဆေးဝါး၊ ရွှေ့ပြောင်းသွားလာတဲ့ အခါ လိုအပ်တဲ့ ယာဥ်၊ လောင်စာဆီ၊ ဆေးဝါး၊ တပ်ဖွဲ့အတွက် လိုအပ်တဲ့ လက်နက် ခဲယမ်း စတာတွေအတွက် ငွေကြေးက မရှိမဖြစ်လိုအပ်ကြတာ ဖြစ်ပါတယ်။ အဲလို လိုအပ်ချက်အတွက် မိမိတို့ကို ထောက်ခံတဲ့ လူထု၊ လုပ်ငန်းရှင်၊ အဖွဲ့အစည်းတွေထံမှ လှူဒါန်းကူညီငွေတွေကို လက်ခံကြတာ မိမိတို့ ထိန်းချုပ် အကာအကွယ်ပေးထားတဲ့ ဒေသက ရပ်ရွာလူထုထံမှ အခွန်အကောက် သတ်မှတ် ကောက်ခံတာ၊ သယံဇာတ ထုတ်ယူရောင်းချတာ၊ ထုတ်ယူခွင့်တွေကို ရောင်းချရာမှာ ငွေကြေးရရှိတာ၊ ထိန်းချုပ်နယ်မြေထဲကို ဖြတ်သန်းသယ်ဆောင်တဲ့ ကုန်သွယ်မှုတွေဆီက အခွန်အကောက် ကောက်ခံတာ၊ ပြည်ပ အစိုးရလို အဖွဲ့အစည်းထံမှ အကူအညီ လက်ခံရရှိတာ နဲ့ အချို့သော လက်နက်ကိုင် အဖွဲ့တွေက မူးယစ်ဆေးဝါး စိုက်ပျိုးမှု၊ ရောင်းဝယ်မှုတွေက အခွန်အကောက် ကောက်ခံတဲ့ နည်းလမ်းတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေ ရပ်တည်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေ ရစေတဲ့ နည်းလမ်းတွေ ဖြစ်ကြပါတယ်။ 

ဒီလိုအခြေအနေမှာ နယ်မြေဒေသတခု ကို ကာလကြာရှည် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုး မရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ မိမိတို့ ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်ကြတဲ့ လူထုအနေနဲ့ အခွန်အခ ပမာဏ ကြီးကြီးမားမား ပေးဆောင်နိုင်လောက်အောင် စီးပွားရေးမကောင်းကြတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတဲ့ အခါ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လူထုထံက ကောက်ခံရမယ့် အခွန်အကောက်ထက် အခြားသော နည်းလမ်းတွေကို မရွေးချယ်ချင်ပေမယ့်လည်း ရွေးချယ်လိုက်ကြရတာလည်း ရှိကောင်း ရှိနိုင်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ သယံဇာတ၊ နိုင်ငံရဲ့ အရံငွေကြေး၊ ထိန်းချုပ်နယ်မြေ အများအပြား လက်လွတ်ဆုံးရှုံးနေသည့်တိုင် ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ အခွန်ကောက်ခံ နိုင်သေးတဲ့ အနေအထားတွေကြောင့် အာဏာသိမ်း စစ်ကောင်စီ တပ်က ငွေကြေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားလို့ မဆိုနိုင်ပါဘူး။ လွတ်မြောက်နယ်မြေ အများအပြား မှာ လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေးဖြစ်တဲ့ ကျပ် ငွေ ရိုက်ထုတ် သုံးစွဲခွင့်ကိုလည်း စစ်ကောင်စီက ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး လွတ်မြောက်နယ်မြေလို့ ဆိုတဲ့ နယ်မြေ အများအပြားမှာတောင် ငွေကြေးသုံးစွဲမှုအားဖြင့်ဆို စစ်ကောင်စီက ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးကိုသာ သုံးစွဲနေရဆဲ အနေအထားဖြစ်ပါတယ်။ 

ဥပမာအားဖြင့် ပြရရင် ပြည်နယ်ရဲ့ ဧရိယာ ၈၀ ကနေ ၉၀ ရာနှုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက် သိမ်းယူကာ အုပ်ချုပ်နေပေမယ့် အဆိုပါဒေသတွေမှာ ကျပ်ငွေကိုသာသုံးစွဲနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေးကာလ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ပြဋ္ဌာန်းကာ အခွန်အကောက် ကောက်ခံနိုင်တဲ့ အခြေအနေမျိုး မရှိတဲ့ အနေအထားမှာ လူထုထံက အခွန်အကောက်ကို ကျေးရွာ၊ မြို့ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ သူတွေကို ဆင့်ဆိုပြီး ကောက်ခံတဲ့နည်းလမ်းကိုသာ အသုံးပြုကြရတာ သဘာဝလို့လည်း ဆိုနိုင်ပါတယ်။ 

ဒီလို ဆင့်ဆို ကောက်ခံရာမှာ မိသားစုဝင်ငွေ၊ အသက်မွေးဝမ်းကျောင်း အလုပ်ရဲ့ ဝင်ငွေပမာဏ စတဲ့ အချက်အလက်တွေအပေါ် အခြေပြုပြီး ကောက်ခံတာမျိုးထက် အိမ်ထောင်စုတွေကို တအိမ်ဘယ်လောက် ထည့်ဝင်ဖို့ ယေဘုယျ သဘောအားဖြင့် ကောက်ခံတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

နွေဦးလက်နက်ကိုင် တော်လှန်ရေးက စတင်ခါစ ကာလမှာ ဆန္ဒအရ လှူဒါန်းငွေ ၊ ထည့်ဝင်ငွေတွေနဲ့ စတင်ခဲ့ကြပေမယ့် နှစ်ကာလ ကြာရှည်လာတဲ့အခါ လူထုအနေနဲ့လည်း ကူညီနိုင်စွမ်း ကျဆင်းလာနေတာ ထင်ထင်ရှားရှား တွေ့နေကြရပါတယ်။ ပြည်တွင်းစစ်ပွဲကြောင့်လည်း စီးပွားရေး လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ မလုပ်ကိုင်နိုင်တာ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ နကိုထက် ၂ ဆ ၃ ဆလောက် ရှည်လျားကွေ့ပတ်ပြီး သယ်ယူရောင်းဝယ်ကြရတာ၊ ပိတ်ဆို့မှုတွေကြောင့် အဆမတန်ကြီးမြင့်လာတဲ့ လောင်စာဆီစျေးနဲ့ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးတွေ ကျဆင်းလာတာတွေကြောင့်လည်း လူထုအနေနဲ့ တော်လှန်ရေးကို ကူညီဖို့ စိတ်အားထက်သန်မှု ရှိနေသေးမယ်ဆိုသည့်တိုင် လက်တွေ့မှာ အစောပိုင်းကာလလို မကူညီနိုင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေအနေနဲ့ ရံပုံငွေ ရရှိရေးအတွက် သယံဇာတ ထုတ်ယူမှုအပေါ် ပိုမိုမှီခိုလာရတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့သော လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မူးယစ်ဆေးဝါး သယ်ယူမှု၊ ရောင်းဝယ်မှုလိုမျိုးမှာ ပါဝင်ပတ်သက်လာတာမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာသေးခင်က ဖလမ်းမြို့နယ်ထဲက ဗားရ် တံတားအနီး ဖမ်းမိတဲ့ များပြားလှတဲ့ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုမှာ ယင်းမာပင် တပ်ရင်း ၁၅ က လက်နက်ကိုင် အဖွဲ့ဝင် အချို့ ပါဝင်ပတ်သက်နေတာ ကြားသိကြပြီး ဖြစ်ပါတယ်။ တော်လှန်ရေး ရန်ပုံငွေအတွက် အထက်ကလို နည်းလမ်းမျိုးစုံ လားရာမျိုးစုံက ရရှိမယ့် ဝင်ငွေကို စုဆောင်းရရှိဖို့ လုပ်ဆောင်နေကြရာမှာ ဆက်ကြေးလို့ ခေါ်ခေါ် အခွန်အကောက်လို့ ခေါ်ခေါ် လက်တွေ့မှာတော့ ပြည်သူလူထု အနေနဲ့ ပေးဆောင်နိုင်တဲ့ ပမာဏ ဖြစ်ဖို့ သတ်သတ်မှတ်မှတ် လုပ်ထုံးလုပ်နည်း နဲ့ အလွဲသုံးစား ပြုတာတွေ မဖြစ်ပွားဖို့က အဓိက အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar