Breaking News

ထိုင်းနယ်စပ် မြန်မာနိုင်ငံဘက်က တိုက်ပွဲက မော်တာကျည် ထိုင်းဘက်ကျ

May be an image of jeep
Photo: Suthiya Dongdee

 

ထိုင်းနယ်စပ် မြန်မာနိုင်ငံဘက်က တိုက်ပွဲက မော်တာကျည် ထိုင်းဘက်ကျ

မြန်မာနွေဦးခရိုနီကယ်၊ အောက်တိုဘာ ၂၉ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၆

 

အောက်တိုဘာ ၂၉ ရက်နေ့က KNU တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပစ်ခတ်တဲ့ ကျည်  (အချို့သတင်းဌာနများက RPG ဗုံးသီးလို့ ဖော်ပြ) ထိုင်း-မြန်မာ နယ်စပ် ဖြစ်တဲ့ မဲဆောက်မြို့နယ်ထဲက မယ့်ကိုကင်းကျေးရွာထဲကို ကျရောက်ရာမှာ ထိုင်းနိုင်ငံသား အမျိုးသမီးတဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာ မပြင်းထန်သည့်တိုင် ကိုယ်ခန္ဓာကို ကျည်စထိမှန်ပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ မယ့်ကိုကင်းကျေးရွာဟာ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီခရိုင် မင်းလက်ပံကျေးရွာနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာဖြစ်ပြီး မြဝတီခရိုင်ထဲက မင်းလက်ပံကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက တဖက်နဲ့တဖက် ပစ်ခတ်ကျတဲ့ ကျည်က ထိုင်းနိုင်ငံဘက် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ထိုင်းနိုင်ငံဘက် ကျည်ကျရောက်ပြီးနောက် ထိုင်းစစ်တပ်ဘက်က မီးခိုးကျည်တွေနဲ့ သတိပေးပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားသလို အထူးစစ်ဆင်ရေးတပ်ဖွဲ့က နယ်စပ်တလျှောက် ထိုင်းနိုင်ငံဘက်ခြမ်းမှာ အင်အားပြ စောင့်ကြည့်နေတဲ့ သတင်းဓာတ်ပုံတွေလည်း ဖော်ပြထားကြတာ တွေ့ရပါတယ်။

ဒီအဖြစ်အပျက်မတိုင်ခင် အောက်တိုဘာ ၂၃ ရက်နေ့က ထိုင်းစစ်တပ် ရာချ့်မနူးအထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးက မြန်မာဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက် ထပ်ကျခဲ့ရင် ပြန်လည်တုံ့ပြန်သွားမယ်လို့ ပြောဆိုပြီးနောက် တပတ်ခန့်အကြာမှာ အခုလို ကျည်ကျရောက်ပြီး ထိုင်းနိုင်ငံသားတဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က မယ့်ကိုကင်းရွာသား ၂၀၀ ကျော်ကလည်း နယ်စပ်ဖြတ်ကျော်ပြီး ကျည်ကျရောက်တာတွေကို ကာကွယ်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၅ ချက်နဲ့ ဆန္ဒထုတ်ဖော်ကာ ထိုင်းအာဏာပိုင်တွေဆီ စာပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် အဖြစ်သတ်မှတ်ထားတဲ့ သောင်ရင်းမြစ်ဟာ အချို့နေရာမှာ ပေ ရာဂဏန်းအနည်းငယ်သာ ကျယ်ဝန်းတာကြောင့် နယ်စပ်မျဥ်းနဲ့ ကပ်နေတဲ့ မင်းလက်ပံ၊ ဖလူးစတဲ့ ဒေသတွေမှာ KNU တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ် လက်အောက်ခံတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လက်နက်ကြီး ကျည်၊ ဗုံးသီး စတာတွေက ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော်လာနိုင်တဲ့ အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်က ဒေသခံအချို့ကတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ KNU နဲ့ ပူးပေါင်းတပ်တွေကို တိုက်ခိုက်ရာမှာ လက်နက်ကြီးကျည်တချို့ကို ရည်ရွယ်ရှိရှိနဲ့ နယ်စပ်မျဥ်းကျော်အောင် ပစ်ခတ်ပြီး ထိုင်းနိုင်ငံစစ်တပ်က KNU တပ်ဖွဲ့ကို ဖိအားပေးဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ယူဆကြတယ်လို့ သတင်းဖော်ပြချက်အချို့မှာ တွေ့ရပါတယ်။

ထိုင်းစစ်တပ် အနေနဲ့ မြန်မာအာဏာသိမ်းစစ်တပ်/အစိုးရနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာ ဖြစ်ပြီး မကြာခဏ မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်ကို ကျော်ပြီး ကျည်ကျရောက်လာတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ပြင်းထန်စွာ ပြောဆိုတာ၊ လက်တွေ့အားဖြင့် တုံ့ပြန်တာတွေ မတွေ့ရပါဘူး။

ထိုင်းစစ်တပ်ဟာ KNU တပ်ဖွဲ့နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသလို အာဏာသိမ်းစစ်တပ်နဲ့လည်း ဆက်ဆံရေး ကောင်းမွန်တဲ့ အနေအထားဖြစ်လို့ မြန်မာနိုင်ငံဘက်က ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ လုံလောက်တဲ့ သတိပေးမှု၊ တုံ့ပြန်မှုမျိုး မလုပ်ဆောင်တဲ့ သဘောလို့ ယူဆရပါတယ်။

ထိုင်းစစ်တပ်ဟာ မြန်မာနဲ့ နယ်စပ်ထိစပ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိဘူးလို့ ယူဆထားပုံရပြီး ထိုင်းနိုင်ငံနဲ့ နယ်စပ်ထိစပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်လို နေရာမှာတော့ အထိမခံတဲ့၊ နည်းနည်းလေးမှ သည်းညည်းမခံတဲ့ အနေအထားလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ ယမန်နှစ်နဲ့ ယခုနှစ်တွေထဲ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ အကြား နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေသာမက လေကြောင်းတိုက်ခိုက်မှု၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မြေမြှုပ်မိုင်းတွေ ချတာအစရှိတဲ့ အမျိုးသားရေး အသွင်ဆောင်တဲ့ နယ်စပ်အငြင်းပွားမှု တိုက်ခိုက်မှုတွေ အများအပြားဖြစ်ခဲ့တာ သတင်းတွေထဲ တွေ့ကြရပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ် အငြင်းပွားမှု ပြဿနာအပေါ် အမျိုးသားရေးသဖွယ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်ပေမဲ့ မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ထိုင်းနဲ့ ဖြစ်ပွားတာ မဟုတ်တဲ့ အနေအထားကြောင့် ခုလို မကြာခဏ လက်နက်ကြီးကျည်၊ ဗုံးသီးတွေ ကျရောက်တဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက်တာမျိုး မရှိပါဘူး။ မြန်မာ စစ်တပ်နဲ့ ထိုင်းစစ်တပ်အကြား ရင်းနှီးတဲ့ ဆက်ဆံရေး၊ ထိုင်းအစိုးရနဲ့ မြန်မာစစ်အစိုးရတို့အကြား ရင်းနှီးတဲ့ ဆက်ဆံရေးတွေက အခုလို နယ်စပ်မျဥ်းကို ကျော်ပြီး လက်နက်ကျည်တွေ ကျရောက်လာတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ထိခိုက်တာမျိုး မဖြစ်တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ထိုင်းဘက်က မြဝတီ-မဲဆောက်မြို့အကြား ချစ်ကြည်ရေး တံတားက ဖြတ်သန်းတင်ပို့တဲ့ ကုန်ပစ္စည်းတွေကလွဲပြီး အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ မြစ်ကူးဂိတ်တွေကနေ တင်ပို့တာကို သီတင်း တပတ်ကြာ ပိတ်ပင်လိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဟာ ကုန်သွယ်ရေးနဲ့ နယ်စပ်တလျောက်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ KNU နဲ့ လက်တွဲ လှုပ်ရှားတဲ့ PDF တပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း၊ ဆေးဝါးကုသမှု၊ ဆက်သွယ်ရေးတို့အတွက် အရေးပါတဲ့ နေရာဒေသ ဖြစ်ပါတယ်။

၂၀၂၁ နှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA လက်မှတ်ရေးထိုးထားတဲ့ KNU နဲ့ အာဏာသိမ်းထားတဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့သလို တလျှောက်လုံး စစ်တပ် လက်အောက်မှာ BGF အဖြစ် လှုပ်ရှားလာတဲ့ စောချစ်သူ ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ကလည်း သီးခြားရပ်တည်ဖို့ ၂၀၂၄ ခုနှစ်တွေမှာ စတင်ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာ နယ်ခြားမျဥ်းအနီးက စစ်စခန်းတွေ အများအပြား ဒီကာလတွေအတွင်း လက်လွှတ်ခဲ့ရပါတယ်။

ကော့ကရိတ်-သင်္ဃန်းညီနောင် အာရှလမ်းပိုင်းကိုပင်လျှင် နှစ်နဲ့ချီ လက်လွှတ်ခဲ့ရပြီး မကြာသေးခင်ကာလတွေကမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက လေးကေ့ကော်၊ ဖလူး၊ ဝမ်ခ စတဲ့ဒေသတွေဟာ နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာဒေသလည်း ဖြစ်ပြီး အာဏသိမ်းစစ်တပ်သာမက ဒီလုပ်ငန်းတွေက ရတဲ့ဝင်ငွေအပေါ်  မှီခိုနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အတွက်ပါ အသက်သွေးကြောနယ်မြေတွေ ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

  

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar