လားရှိုးထောင်ပွင့်စဥ် လွတ်မြောက်တဲ့ နိုင်ငံရေးအကျဥ်းသားအချို့ စစ်တပ်ထိန်းချုပ်နယ်မြေ ပြန်ခိုလှုံရ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၄ မြင်ကွင်း
(မိုးမခ) ၊ ဩဂုတ် ၂၅ ၊ ၂၀၂၆
လားရှိုးထောင်ပွင့်စဥ် လွတ်မြောက်တဲ့ နိုင်ငံရေးအကျဥ်းသားအချို့ စစ်တပ်ထိန်းချုပ်နယ်မြေ ပြန်ခိုလှုံရ
၂၀၂၄ ခုနှစ် ဇူလိုင်လ နောက်ဆုံးရက်တွေမှာ လားရှိုးအကျဥ်းထောင် ပွင့်သွားခဲ့ချိန် လွတ်မြောက်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀ ဝန်းကျင်ဟာ လွတ်မြောက်နယ်မြေလို့ ဆိုရမဲ့ ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ခိုလှုံနေထိုင်နေခဲ့ကြရာက အလုပ်အကိုင်၊ ရှင်သန်နေထိုင်ဖို့ ခက်ခဲကျပ်တည်းလာတာကြောင့် ၄င်းတို့အထဲက ၂၀ ဝန်းကျင်ဟာ အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေတွေဆီ ပြန်ပြီးဝင်ရောက်လာကြရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက် JNPP အဖွဲ့က ခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ ပြန်လည်ဖြစ်ပွားပြီး ၂ လခန့်အကြာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့သိမ်း တိုက်ပွဲ ပြင်းထန်ချိန်မှာ လားရှိုးအကျဥ်းထောင်က အကျဥ်းထောင်ဝန်ထမ်းနဲ့ အာဏာသိမ်းစစ်တပ်ဖွဲ့ဝင်တွေ ထွက်ပြေး ဆုတ်ခွာသွားချိန် အကျဥ်းသားတွေက လားရှိုးထောင်ကို ဖွင့်ပြီး တိုက်ပွဲတွေကနေ လွတ်တဲ့နေရာတွေကို တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီကာလက လွတ်မြောက်လာသူတွေအနက် NLD ပါတီခေါင်းဆောင်နဲ့ လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဦးထွန်းထွန်းဟိန်လည်း ပါဝင်ပြီး ဦးထွန်းထွန်းဟိန်ကတော့ လွတ်မြောက်နယ်မြေမှာ ဆက်လက်နေထိုင်ပြီး ပါတီတာဝန်ဆက်လက် ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
အကျဥ်းသား စုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတဲ့ လားရှိုးထောင်က လွတ်မြောက်လာကြရာမှာ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်က လွတ်မြောက်ပြီးနောက် စစ်တပ်ထိန်းချုပ်နယ်မြေတွေကို မပြန်ကြဘဲ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေထဲမှာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ပြီး ဆက်လက်နေထိုင်နေကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ မှတ်ပုံတင်လို အထောက်အထားမရှိတာ၊ ကိုးကန့်ဒေသမှာ ကျန်းမာရေးမကောင်းလို့ ဆေးကုသဖို့ ကုန်ကျစရိတ် အခက်အခဲ၊ တရုတ်ဘာသာစကား မတတ်တာ၊ နေစရာ အိမ်ငှားခတွေ မတတ်နိုင်တာတွေနဲ့ မိသားစုဝင်တွေကတဆင့် ပြန်လာဖို့ ဖိအားပေးမှု စတဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတဲ့နောက် နှစ်နှစ်ဝန်းကျင် အကြာမှာ လားရှိုးထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀ လောက်ဟာ စစ်တပ်ထိန်းချုပ်နယ်မြေ ဘက်ဆီပြန်လာဖို့ အခြေအနေ ရောက်ခဲ့ကြတာလို့ ဆိုပါတယ်။
အရှေ့မြောက်ဒေသမှာ နေထိုင်စဥ် မှတ်ပုံတင်လို အထောက်အထား တခုခု ရရှိဖို့ NUG အစိုးရဆီ အကူအညီတောင်းခံပေမဲ့ မရရှိခဲ့ဘူးလို့လည်း သတင်းဖော်ပြချက် တခုမှာ ပါရှိပါတယ်။ NUG ဘက်ကတော့ အကူအညီတောင်းခံတဲ့ ဆက်သွယ်မှုတွေ မရရှိခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေဘက် ပြန်ဝင်ရောက်ကြရာမှာ ဝန်ခံချက် လက်မှတ်ရေးထိုးကြရတာမျိုး ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပြီး လက်ရှိအချိန်ထိ ပြန်လည်ဖမ်းဆီးခံရတာ မရှိသေးပေမဲ့ ပြန်အဖမ်းမခံရဘူးလို့တော့ အာမမခံနိုင်တဲ့ အနေအထားလို့ ဆိုပါတယ်။
အခုလို နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး ထောင်ကျခံရပြီး လွတ်မြောက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ် လွတ်မြောက်နယ်မြေမှာ နေထိုင်ရှင်သန်ဖို့ မလွယ်ကူတာကြောင့် အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေကို ပြန်လည်ဝင်ရောက်ရတဲ့ သတင်းမျိုး ပေါ်ထွက်လာတာ အံ့အားသင့်စရာအဖြစ်လို့ ဆိုရမှာပါ။
နိုင်ငံရေးအကျဥ်းသားကနေ ကံကောင်းလို့ လွတ်မြောက်ခဲ့ပေမဲ့ အဆိုပါ လွတ်မြောက်နယ်မြေမှာ ရှင်သန်နေထိုင်ဖို့ ဖမ်းဆီးစစ်ဆေးခံရချိန်နဲ့ အကျဥ်းထောင်ထဲ နေရချိန်မှာ ရရှိခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ ရောဂါတွေကို ကုသဖို့ ငွေကြေး မတတ်နိုင်တာတွေကြောင့် ပြန်လည်ဝင်ရောက်သွားကြရတဲ့ အဖြစ်အပျက်ဟာ တော်လှန်ရေးထဲမှာ ပါဝင်သူတွေကို တော်လှန်ရေး အင်အားစုတွေက ကြည့်ရှုစောင့်ရှောက်ခြင်း မပြုနိုင်ဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ တော်လှန်ရေးထဲ ပါဝင်လာကြတာဟာ စောင့်ရှောက်မှု ရယူလိုတာကြောင့် ဝင်ပါလာတာ မဟုတ်ပေမဲ့ တော်လှန်ရေးထဲပါဝင်ရင်း ကြုံတွေ့ရတဲ့ ကျန်းမာရေး အခက်အခဲ၊ အသက်ရှင်သန်နေထိုင်နိုင်ဖို့ အခက်အခဲ၊ အထောက်အထား တခုခု ရရှိဖို့ အခက်အခဲတွေကို တော်လှန်ရေး အင်အားစုတွေအနေနဲ့ ကူညီဖြေရှင်းပေးနိုင်ခြင်း မရှိတာကတော့ စည်းရုံးရေးအရရော တော်လှန်ရေးအပေါ် ယုံကြည်မှုကိုပါ ထိခိုက်ယုတ်လျော့စေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ နွေဦးတော်လှန်ရေးအတွင်း မဟာမိတ်အဖွဲ့ ဆက်ဆံရေး ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေတွေမှာ အခက်အခဲကြုံနေကြရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခက်အခဲတွေကို မဟာမိတ်အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်ပြီး ကူညီဆောင်ရွက်ပေးတာမျိုး ရှိသင့်တယ်လို့ ၄င်းတို့အနေနဲ့ ယူဆမျှော်လင့်ထားကြမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ လက်တွေ့ အခြေအနေမှာတော့ အဲဒီလို ဆက်သွယ်ကူညီဆောင်ရွက်ပေးတာမျိုး မရှိခဲ့တာလား သို့မဟုတ် မဟာမိတ် MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့ အနေနဲ့ အကူအညီမပေးခဲ့တာလား ဆိုတဲ့ အခြေအနေမျိုးလို့ နားလည်ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့မှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်တာဟာ စစ်ဆင်ရေးရဲ့ အောင်ပွဲတွေအနက် ကြီးမားတဲ့ ထင်ရှားတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ လားရှိုးမြို့သိမ်းစစ်ဆင်ရေးမှာ MNDAA သာမကပဲ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီ(ကယား) ပြည်၊ စစ်ကိုင်းတိုင်း ဒေသတွေဆီက တော်လှန်ရေးလက်နက်ကိုင် အင်အားတွေ စုပေါင်းပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ တနည်းပြောရရင် လားရှိုးမြို့ နဲ့အခြားသော ရှမ်းမြောက်က ဒေသတွေကို စစ်ရေးအရ သိမ်းယူနိုင်ခဲ့တဲ့ အောင်မြင်မှုမှာ တော်လှန်ရေးလက်နက်ကိုင် အင်အားစုအများအပြားရဲ့ ပူးပေါင်းပါဝင်မှုတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
ဒီလို အကြောင်းအချက်တွေနဲ့ အစဥ်အလာတွေကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသူတွေတိုင်း အောင်မြင်မှုနဲ့အတူ စောင့်ရှောက်ကာကွယ်ပေးမှုတွေလည်း ရရှိသင့်ကြတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar