မောင်လူမွှေး - ဘဝအမောတွေ
မောင်လူမွှေး - ဘဝအမောတွေ
မိုးမခ ၊ စက်တင်ဘာ ၁၆ ၊ ၂၀၂၆
ပြီးခဲ့တဲ့အပတ် ရွာရဲ့ နောက်ကျောဘက် တောလမ်းကလေးအတိုင်း လမ်းလျှောက်တော့ မူလတန်းတုန်းက ကျောင်းနေဖက် သူငယ်ချင်း နွယ်ဦးနဲ့ တွေ့တယ်။ သူ တောထဲကနေ ပြန်အလာမှာ တွေ့တာပါ။
"ငါ့မှာလည်း အိမ်ကလူ သေသွားတော့ အတော် ဒုက္ခရောက်တာ။ အိမ်လည်း ခွဲပြီးသွားပြီ။ အခုတော့ အဖေ အမေ အိမ်ကို ပြန်ရောက်သွားပြီ။ သမီးလည်း အထက်တန်း ပြီးသွားပြီ။ နောက်ကျ အလုပ်လေးဘာလေး ရမလားလို့ပါ" လို့ သူ့ မိသားစုအကြောင်း ပြောပြတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တဲ့ မောင်လူမွှေး၏ သူငယ်ချင်းဟာ ကလေးသုံးယောက်နဲ့ မုဆိုးမ ဖြစ်နေပြီ။ သမီးအကြီးက NUG ကဖွင့်တဲ့ အထက်တန်း အောင်တော့ နောက်ကျ အလုပ်အကိုင်လေးများ ရမလားလို့ မျှော်လင့်ရှာတယ်။
ဒီတစ်ပတ် ရွာကိုပြန်တော့ မလေးတို့အိမ်မှာ အလည်ရောက်နေတဲ့ နောက်ငယ်သူငယ်ချင်း တစ်ယောက်ကို တွေ့ရပြန်တယ်။ သူလည်း မုဆိုးမ ဖြစ်တာ မကြာသေးဘူး။ အိမ်ထောင်ကျ စောကြတော့ သူဆို မြေးတောင် ရနေပါပြီ။ မောင်လူမွှေးကို ခပ်ယဲ့ယဲ့ ပြုံးပြရုံကလွဲလို့ စကားကောင်းကောင်းတောင် မဆိုရှာ။ ဘဝရဲ့ လောကဓံ ထုထောင်းမှုတွေက သူ့ကို နှုတ်ဆိတ်စေခဲ့တာ ဖြစ်မှာပါ။
မောင်လူမွှေးတို့တွေဟာ အသက် လေးဆယ်တန်း အရွယ်ကောင်းတွေ။ "ငါတို့တွေ ငယ်သေးတယ်ကွ။ ငါတော့ ဆက်ထွက်ဦးမှာ။ အခု အဖမ်းအဆီးတွေ များနေလို့သာ" တဲ့။ အိမ်နီးချင်းနိုင်ငံ တစ်ခုက ပြန်ရောက်ခါစ ကျောင်းနေဖက် သူငယ်ချင်းက ပြောတယ်။ သူဟာ အိမ်နီးချင်းနိုင်ငံကနေ စိတ်ပျက်ပြီး ပြန်လာတာတောင် နောက်ထပ် တစ်နိုင်ငံကို သွားဖို့ ဇောသန်နေတယ်။ "ဒီမှာ ဘာမှ အလုပ်မဖြစ်ဘူး" တဲ့။ တက္ကသိုလ်ပညာရေး တစ်ပိုင်းတစ်စနဲ့ ရပ်နားခဲ့တဲ့ သူ့မျက်နှာမှာ ခံပြင်းမှုတွေကို မြင်ရတယ်။ "ကလေးတွေကိုတော့ အင်္ဂလိပ်စာ တတ်အောင် သင်ပေးပါကွာ။ အင်္ဂလိပ်စာ မတတ်ရင် အောက်ကျတယ်" လို့ သူက မောင်လူမွှေးကို ပြောတယ်။
နောက် သူငယ်ချင်းတစ်ယောက်ကတော့ ကားပိုင်မို့ အခြေအနေ မဆိုးဘူးပေါ့။ သူ့အိမ်မှာ ရပ်ထားတဲ့ ကားဘေး ရေနွေးထိုင်သောက်ကြရင်း ကားရှေ့ဘီး တာယာတွေ ပါးနေတာကို ကြည့်မိတယ်။ "လဲရတော့မှာကွ။ နောက်ဆုံးတော့ ငါလည်း ကားပစ္စည်းပဲ အဖတ်တင်တာ။ ဂိတ်ကြေးတွေနဲ့ဆိုတော့ ငါလည်း ငါးနှစ်အတွင်း လက်ထဲမှာ သိန်းငါးဆယ် ပြည့်အောင် မစုနိုင်ဘူး။ ပြောရင် မသိတဲ့သူက ယုံမှာမဟုတ်ဘူး။ တစ်ခါတစ်ခါလည်း မိသားစုကို ခေါ်ပြီး အဝေးတစ်နေရာကို ထွက်သွားချင်တယ်ကွာ" လို့ ငယ်သူငယ်ချင်းက ရင်ဖွင့်တယ်။ စိတ်ထားပြည့်ဝပြီး သူတစ်ပါးကို ငဲ့ညှာတတ်တဲ့သူဟာလည်း လောကဓံရဲ့ အထုအထောင်းကြောင့် စိတ်ပျက်နေပုံပါပဲ။
မောင်လူမွှေးလည်း ဒီနှစ်ပိုင်း စိတ်ညစ်ရတာတွေ ပိုများတယ်။ အခုတလော စစ်ရှောင်တွေအတွက် လုပ်ပေးရတဲ့ အလုပ်တွေက များတဲ့ထဲ လက်ထဲရှိနေတဲ့ ကွန်ပျူတာက ပြင်မရလောက်အောင် ပျက်သွားတော့ စိတ်ညစ်တယ်။ အပြင်မှာရော၊ ဖုန်းထဲကနေရော လာတိုင်ပင်ကြတဲ့၊ ရင်ဖွင့်ကြတဲ့ ပြဿနာတွေက စိတ်ကို ညစ်ညူးစေတယ်။ ဘယ်သူကမှ တာဝန်ပေးထားတာ မဟုတ်ပေမဲ့ နားမထောင်လို့လည်း မရ။ တတ်နိုင်သလောက် ပြန်ပြောပြီး အကြံဉာဏ် ပေးရတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာ မောင်လူမွှေးရဲ့ ဦးအုန်းကြီးတို့ လင်မယားနှစ်ယောက် တောကအပြန် အိမ်ကိုဝင်ပြီး နှမ်းမရကြောင်း၊ အိမ်က သက်ကြီးရွယ်အို အဖေဖြစ်သူအကြောင်း၊ သားနဲ့ ချွေးမ အသုံးမကျကြောင်း ပြောပြတာကို နှစ်နာရီကြာလောက် နားထောင်လိုက်ရတာ မောင်လူမွှေး ခေါင်းတွေတောင် နောက်ကျိကျိ ဖြစ်သွားတယ်။
စိတ်ညစ်စရာတွေ များလို့ စိတ်ပြေလက်ပျောက် သူငယ်ချင်းတွေဆီ ထွက်လာတော့ နိုင်ငံခြားပြန် သူငယ်ချင်းနှင့် ကားပိုင်ရှင် သူငယ်ချင်းနှစ်ယောက်ရဲ့ ညည်းတွားသံတွေကို နားထောင်ခဲ့ရတယ်။ အိမ်ပြန် နည်းနည်း မိုးချုပ်သွားတယ်။ အိမ်ကို ပြန်ရောက်တော့ "အိမ်အလုပ်လေး ခိုင်းရင်တော့ စာရေးရဦးမှာ..။ ဘာလုပ်ရဦးမှာနဲ့။ စကားပြောဖို့တောင် အချိန်မရှိဘူး။ သူငယ်ချင်းတွေဆီ သွားရမယ်ဆိုရင်တော့ အားတယ်။ အချိန်တွေရတယ်" ဆိုတဲ့ စကားတွေနဲ့ မစ်(စ်)မွှေးက ဆီးကြိုတော်မူပါတယ်ခင်ဗျာ....။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar