Breaking News

မောင်လူမွှေး - ရှစ်ဆယ့်ရှစ် ကျေးဇူးတရားကို အောက်မေ့ခြင်း

မောင်လူမွှေး - ရှစ်ဆယ့်ရှစ် ကျေးဇူးတရားကို အောက်မေ့ခြင်း

မိုးမခ ၊ ဩဂုတ် ၈ ၊ ၂၀၂၅


၂၀၂၅၊ သြဂုတ် ၈ ရက်နေ့။ ရှစ်လေးလုံး အမှတ်တရနေ့ဟာ သုံးဆယ့်ခုနစ်ကြိမ်မြောက်ခဲ့ပြီ။ မ.ဆ.လ တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ ပြည်သူ့အရေးတော်ပုံကြီးဖြစ်ပွားခဲ့တာ သုံးဆယ့်ခုနစ်နှစ် ကြာခဲ့ပြီပေါ့။  ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးဖြစ်ပွားချိန်မှာ မောင်လူမွှေးအပါအဝင် အသက် လေးဆယ်ဝန်းကျင်ရှိသူတွေဟာ လူမမယ်အရွယ်တွေဖြစ်တယ်။ ဒီတော့ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးကနေ မောင်လူမွှေးတို့ ဘာတွေရလိုက်သလဲလို့ စဥ်းစားမိတယ်။

မောင်လူမွှေးတို့ လူငယ်ဆယ်ကျော်သက်ဘဝမှာ လေးစားရတဲ့ စံပြပုဂ္ဂိုလ်အများစုဟာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကနေ ပေါ်ပေါက်လာသူတွေ ဖြစ်နေတာကို သတိထားမိတယ်။ ထပ်ပြီးသေသေချာချာပြောရရင် ရှစ်ဆယ့်ရှစ် စစ်အာဏာရှင် ပြုတ်ကျရေးလှုပ်ရှားမှုကြောင့် ထောင်ကျပြီး၊ ထောင်ကနေ ထွက်လာကြသူတွေ ဖြစ်နေတယ်။ အဲဒီထဲမှာ ကျောင်းသားတွေ၊ ကျောင်းဆရာတွေ၊ ရှေ့နေတွေ စသဖြင့် ပါဝင်ကြတယ်။

မောင်လူမွှေးတို့မျိုးဆက်ဟာ စစ်အာဏာရှင်သန်းရွှေ လက်အောက်မှာ လူငယ်ဘဝကို ဖြတ်သန်းခဲ့ကြရတယ်။ အဲဒီအချိန်မှာ မောင်လူမွှေးတို့ရဲ့ နိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့တဲ့၊ နိုင်ငံရေးအသိကို ပိုမိုကျယ်ပြန့်စေခဲ့တဲ့ ၊ လူသားဆန်မှုကို လက်တွေ့သင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကနေ ပေါ်ထွက်လာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။

မောင်လူမွှေးကိုယ်တိုင်ပင် အင်္ဂလိပ်စာနဲ့ မြန်မာစာကို ရှစ်ဆယ့်ရှစ်အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ဆရာကြီးတစ်ဦးဆီကနေ သင်ကြားခဲ့ရတယ်။ သူ့ရဲ့ တိုက်တွန်းအားပေးမှုနဲ့ပဲ မောင်လူမွှေးဟာ စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ရတယ်။ ခု မောင်လူမွှေးဟာ သူ ဖြည့်ဆည်းအုတ်မြစ်ချပေးခဲ့တဲ့ ပညာတွေနဲ့ပဲ စစ်ရှောင်ကလေးတွေအပါအဝင် လွတ်မြောက်နယ်မြေက ကလေးတွေကို ပညာသင်ကြားပေးနေရတယ်။ ဒါဟာ မောင်လူမွှေးနဲ့ ရှစ်ဆယ့်ရှစ်က မောင်လူမွှေးရဲ့ဆရာ ဆရာတပည့် နှစ်ဦးတည်းရဲ့ လက်ဆင့်ကမ်းမှု ဖြစ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လောက်တောင်ရှိနိုင်မလဲ တွေးကြည့်လို့ရပါတယ်။

တကယ်တော့ ရှစ်ဆယ့်ရှစ်အရေးတော်ပုံမှာ ရင်းနှီးခဲ့ရတဲ့ဘဝတွေ၊ မိသားစုတွေ၊ လူငယ်တွေရဲ့ အသက်တွေ အများကြီးဖြစ်တယ်။ ဒါတွေဟာ မေ့ပစ်အပ်တဲ့အရာတွေ မဟုတ်ပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးထဲမှာ ရှစ်ဆယ့်ရှစ်က ကြိုးပမ်းအားထုတ်ခဲ့မှုတွေ သက်ရောက်နေတယ်ဆိုတာလည်း ငြင်းမရတဲ့အမှန်တရား ဖြစ်တယ်။

ရှစ်ဆယ့်ရှစ် မျိုးဆက်တွေထဲက တစ်စုံတရာ အဖြစ်အပျက်တွေ ၊ တချို့သော ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ဝါးလုံးသိမ်း အပြစ်တင်တာမျိုး လုပ်တဲ့သူရှိရင် အဲဒီလူဟာ နိုင်ငံရေးကို တော်တော့်ကို နားမလည်တာ၊ ကျေးဇူးတရားကို မအောက်မေ့တတ်တာလို့ပဲ ဆိုရမှာဖြစ်တယ်။

မောင်လူမွှေးရဲ့ဆရာဟာ စစ်အာသိမ်းတာကို အိပ်ရာထဲနေ ထိုင်ကြည့်ပြီး ဆုံးပါးသွားခဲ့ရတယ်။ သက်ရှိထင်ရှားရှိနေသေးတဲ့ ရှစ်ဆယ့်ရှစ်က  ပုဂ္ဂိုလ်အချို့ဟာ  အိုမင်းမစွမ်းကြတော့ဘူး။ အိမ်ထဲမှာ သတင်းတွေ ထိုင်ကြည့်ရင်း သူတို့ ဘယ်လောက်များ စိတ်ဆင်းရဲနေကြမှာပါလိမ့်လို့ ရံဖန်ရံခါ တွေးမိတတ်ပါတယ်။ 

ဒီနေရာမှာ မိုးမခမီဒီယာကို တည်ထောင်သူ ဆရာမောင်ရစ်ရဲ့ "အသည်းကွဲရတဲ့ တော်လှန်ရေးတွေ" ဆိုတဲ့ ဆောင်းပါးကို မောင်လူမွှေး သတိရမိပါတယ်။ တော်လှန်ရေးမှာ  မိမိရင်းနှီးမြှုပ်နှံခဲ့သမျှ ပန်းကဲ့သို့ မပွင့်မြောက်ခဲ့ဘဲ မျှော်လင့်ချက်ကနေ သွေဖည် လဲပြိုခဲ့ရင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့သူတွေဟာ အသည်းကွဲရတယ်လို့ ဆိုနိုင်ကြောင်း ဆရာမောင်ရစ်က ရေးပါတယ်။

တကယ်တော့ ရှစ်ဆယ့်ရှစ်က တော်လှန်ရေးသမားတွေဟာ တော်လှန်ရေးအတွက် အသည်းကွဲရသူတွေ မဟုတ်ပါ။ စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေစီထွန်းကားရေးကို  ပေးဆပ်လုပ်ဆောင်ပြီး လက်ဆင့်ကမ်းပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ တောင် ရှစ်ဆယ့်ရှစ်အရေးတော်ပုံ မဖြစ်ခဲ့ရင် ပေါ်ပေါက်ခဲ့ပါ့မလား၊ ခုလို အနေအထားထိ မြန်မြန်ရောက်ပါ့မလား။ တွေးမယ်ဆို တွေးစရာတွေ အများကြီးရှိပါတယ်။ သုံးဆယ့်ခုနစ်နှစ်မြောက် ရှစ်ဆယ့်ရှစ်အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေရဲ့ ကျေးဇူးတရားကို မောင်လူမွှေး အောက်မေ့နေပါတယ်ခင်ဗျာ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar