ဖလော်ဒါဟန် - စမတ်ကတ်နဲ့ ပင်စင်များဘဝ
ဖလော်ဒါဟန် - စမတ်ကတ်နဲ့ ပင်စင်များဘဝ
မိုးမခ ၊ ဩဂုတ် ၂၄ ၊ ၂၀၂၅
အရီးရဲ့သတိပေးသံကို ကျွန်မ ဒီဘက်အိမ်ကနေ ကြားနေရတယ်။
"သားရေ၊ နင့်အဖေ စမတ်ကတ်ရော ပါရဲ့လား" တဲ့။ လစာထုတ်ရက်နား နီးလာတော့ စမတ်ကတ်အကြောင်းကြားနေရပါပြီ။
စမတ်ကတ် ဆိုတာကို ကျွန်မ မမြင်ဘူးပါ။
ကျွန်မစိတ်ထဲမှာ ငွေထုတ်ကတ်များ နည်းတူ အဆင့်တန်းရှိရှိ ကတ်လေးလို့ မြင်ယောင်ထားပါတယ်။
အခုတလော ပင်စင်ထုတ်ရမယ့် အဘိုး အဘွား သက်ကြီးရွယ်တွေအကြား စမတ်ကတ်အကြောင်း တစေ့တစောင်း ကြားကြားနေရပါတယ်။
ဒီလ ပင်စင်ထုတ်ရင် စမတ်ကတ် ပါမှဆိုတာမျိုး။ ယနေ့လိုအချိန်အချို့လည်း နေလို့မဖြစ်တဲ့ ရပ်ရွာများကနေ ဆွေမျိုးသားချင်းရှိရာ နေရာဒေသတွေမှာ ပြောင်းရွှေ့နေရတဲ့ ပင်စင်စားတွေကိုလည်းကျွန်မ နေထိုင်ခဲ့ဖူးသည့် နယ်ပယ်အလျောက် အတော်များများ တွေ့ရပါတယ်။
စမတ်ကတ် ရှိခြင်း၊ မရှိခြင်းတော့ ကျွန်မ မသိပေမဲ့ ယခုလကစလို့ စမတ်ကတ်ပါမှ ပင်စင်ထုတ်လို့ရမယ် ဆိုတာမျိုးတွေ ဖြစ်နေတာမျိုး ကြားနေရပါတယ်။
အခုတော့ အသက်ကြီးရွယ်အိုတွေမှာ နီးစပ်ရာ လဝက ရုံးသွားကြရအုံးမယ်။ အသက်အရွယ်ကလည်း ၆၀ ကျော်ကစလို့ ၉၀ ကျော်အထိ စမတ်ကတ် လုပ်ကြရမယ်။
စမတ်ကတ် ဟူသည် မှတ်ပုံတင်အစား အဆင့်မြင့်ကတ်တခုအဖြစ် ပြောင်းလဲထားသည့်ကတ်ပါ။
ဒါနဲ့စမတ်ကတ်ကို ကျွန်မ မြင်ဖူးလို့ တောင်းကြည့်တော့ အညံ့ဆုံး အွန်ပေပါစာရွက်ပေါ် မှတ်ပုံတင်ပါအချက်အလက်များ ပြန်လည်စိစစ်ထုတ်ပေးထားသည့် A4 တဝက်စာ စာရွက်တရွက်ဖြစ်နေခြင်းပါပဲ။
စမတ်ကတ် ကိစ္စလေးကိုဆက်ရရင် စမတ်ကတ်ရဲ့စီမံချက်က စကစ လက်ထက်လုပ်ငန်းဆောင်တာတခုပါ။
အခုလည်း ရွေးကောက်ပွဲအတွက် သက်ကြီးရွယ်အိုတွေရဲ့ စာရင်းကိုပါမကျန် စီမံချက်တခုအဖြစ်ဆောင်ရွက်လာခြင်းလို့ မြင်မိပါတယ်။
မိမိနဂိုရှိပြီးသည့် မှတ်ပုံတင်ပါအချက်အလက်များကို ဒေတာအချက်များနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်သလို မှားယွင်းမှုဖြစ်ပါက ပြန်လည်ပြင်ဆင်ထားသည့်ကတ်တခုသာ ဖြစ်ပါတယ်။
ယခင်အချိန်များမှ မှတ်ပုံတင်သည် ယနေ့အချိန်မှာ ခရီးသွားလို့လည်း ဘောင်မဝင်သလို ပါ့စပို့လုပ်ရာမှာလည်း စမတ်ကတ်၊ ခရီးသွားရင်လည်း စမတ်ကတ် ဆိုတာမျိုးအထိ လူမှုဝန်းကျင်မှာ ကျယ်ပြန့်လာပါတယ်။
အခုဆို သက်ကြားရွယ်အိုတွေအထိ စမတ်ကတ် ဖြစ်နေသည်က မြန်မာပြည်ရဲ့ မပြီးဆုံးနိုင်သည့် နိုင်ငံသားဖြစ်ခွင့်အခွင့်အရေးများမှ ရှုပ်ထွေးမှုကြီးတခုပါပဲ။
ဒါနဲ့စကားမစပ် နဝတ လက်ထက် မှတ်ပုံတင်ကို ဖောဖောသီသီ ထုတ်ပေးခဲ့သည့် ကိုးကန့် ဝ နယ်ပာ်တွေမှာရော စမတ်ကတ်က ဘောင်ဝင်တန်းဝင်ဖြစ်ဖို့ကော လိုအပ်ပါသလား။
ကျွန်မ မှတ်မိနေသေးသည် ရောက်ရာအရပ် မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကြည့်ရှုဖို့ မှတ်ပုံတင်ကို ထိုးထိုးပြနေတဲ့ နဝတ လက်ထက် နှစ်များဆီကို ပါ။
အဲဒီခေတ် အဲဒီအချိန်က မှတ်ပုံတင်ရဲ့အရေးပါပုံက ဘယ်လောက်တောင် ဘောင်ဝင်သလဲဆို နိုင်ငံခြားသားဖြစ်နေပါစေအုံး၊ မြန်မာပြည်အနှံ့ကို မှတ်ပုံတင်ပြပြီး လည်ပတ်ခွင့်ရသည်အထိပါပဲ။
အခု မိမိနိုင်ငံသားတွေမှာ ဘိုးစဉ်ဘောင်ဆက် မြန်မာစကားပြော မြန်မာပြည်မှာ နေနေကြတဲ့ သက်ကြားရွယ်အို ပင်စင်စားကြီးတွေမှာဖြင့် တစ်လ တစ်လ အချိန် မိမိတို့ ပိုက်ဆံထုတ်ဖို့အရေး ဘောင်စည်းကမ်းတွေ နဲ့ကန့်သန့်ချက် များလာတာကတော့စိတ်မကောင်းစရာပါ။
ပင်စင်စား အဘ ပြောသလိုပါဘဲ။ သူတို့မှာ ပင်စင်ရဖို့အတွက် အဆင့်ဆင့်သော စည်းကမ်းချက်များနဲ့ ဘောင်ဝင်ဖို့ အစိုးရက စိစစ်ပေးပြီးဖြစ်တယ် ဆိုတာလေးလည်း ကြားနေရပါတယ်။
ယနေ့လိုရက်မျိုးဆို အစိုးရဘဏ်တွေမှာ ပင်စင်စားများမှာ မိုး လေ ရေ အပူ ကြားမှာ မိမိတို့ပင်စင်လစာလေး သောင်းဂဏန်းကနေ တစ်သိန်းဝန်းကျင်လေးကို ရဖို့အရေး စာရွက်စာတမ်းအမျိုးစုံ စစ်ဆေးမှုအမျိုးစုံနဲ့ ခေတ်အဆက်ဆက် လူနေမှုစနစ်တခုက ပင်ပန်းစေခဲ့ကြတာ ယနေ့အချိန်အထိပါ။
အချို့သောကိစ္စများမှာ စည်းကမ်းရှိဖို့ အလိမ်အညာတွေမရှိဖို့ တင်းကျပ်သည့် စည်းကမ်းချက်တွေထုတ်နေတာကတော့ မမျှတဘူး ထင်ပါတယ်။
ဝန်ထမ်းများကိုယ်တိုင်ကလည်း မိမိတို့လုပ်ရမယ့် အလုပ်ကို မူနဲ့စနစ်ကို တသမတ်တည်း ဖြစ်အောင် အမြဲတမ်းစိစစ်နေဖို့ လိုပါလိမ့်မယ်။
မှန်ကန်သည့် နည်းလမ်းဖြင့်သာ အလုပ်လုပ်နေကြမယ်ဆိုရင် ပြည်သူအတွက် ထပ်ဆင့်ဝန်ထုပ်ဝန်ပိုးဆိုတာ မရှိတော့ပါဘူး။
ယနေ့အချိန်အထိ အရိုးစွဲနေသည့် ဝန်ထမ်းများရဲ့ ရေသာခိုမှု၊ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်သည့်အနေအထားများသည် အခုလို သက်ကြားရွယ်အိုများအထိ အစဉ်မပြေမှု စိတ်အနှောင့်အယှက်ဖြစ်မှုတွေ ဖြစ်လာခဲ့ရတဲ့အထိပါပဲ။
ပြုပြင်ပြောင်လဲမှုတိုင်းသည် အချိန်အခါနှင့် နိုင်ငံရဲ့ တည်ငြိမ်မှုအပေါ်မှာ အများကြီး မှီခိုနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငဲရဲ့ နိုင်ငံဝန်ထမ်းအများစုသည် ပင်စင်ရပြီးချိန်မှာ အစိုးရရဲ့ ထောက်ပံ့မှုအဖြစ် နေစရာအိမ်မရှိသလို လူနေမှုစနစ်တခုမှာ ခံစားရမည့် အခွင့်အရေးများလည်း မရကြပါဘူး။
အခုလို လစဉ်ရနေသည့် ပင်စင်လစာလေးကို နေ့တဝက်နီးနီး စိတ်ပန်း လူပန်းခံကြရပြီး မိမိတို့တဘဝစာ ပင်စင်လစာကို တလစာ အလျင်မမီကြဘူးဆိုရင် ဘယ်လိုများ ရပ်တည်မလဲ ဆိုတာ အစိုးရတိုင်း သိသင့်ပါတယ်။
ဒီလိုအချိန်မှာ အခုလို သက်ကြီးရွယ်အိုတွေအတွက် အရေးပေါ်လိုနေသည့် စမတ်ကတ် ဆိုသည်ကို အလွယ်တကူရနိုင်ဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် လဝက ဝန်ထမ်းများမှ အစိုးရဘဏ်ရှိရာ နေရာများ ရှိသည့်နေများကို သွားရောက်၍သော် လည်းကောင်း၊ မိမိတို့သက်ဆိုင်ရာရုံးများကို လာရောက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ဆောင်သည့်အခါမှာဖြစ်စေ၊ အပေးအယူဆိုသည့်စနစ်ကို မိမိရဲ့ကိုယ်ကျင့်တရားနဲ့ထပ်တူ တန်ဖိုးကြမယ်ဆိုရင် အစိုးရရဲ့ဝန်ဆောင်မှုဝန်းကျင်မှာ အခြားမည်သည့်ကိစ္စကိုမဆို အစဉ်ပြေနိုင် ချောမွေ့နိုင်တယ် ဆိုတာလေးကို ထောက်ပြရင်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar