Breaking News

စစ်ပွဲတွေကြားထဲ ပျောက်ဆုံးသွားတဲ့ အချက်အလက်မှန်နဲ့ အဖြစ်အပျက်အမှန်တွေ

မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၃ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၅


စစ်ပွဲတွေကြားထဲ ပျောက်ဆုံးသွားတဲ့ အချက်အလက်မှန်နဲ့ အဖြစ်အပျက်အမှန်တွေ

“စစ်ပွဲဖြစ်ပွားတဲ့ အခါ ပထမဆုံး ကျဆုံးသွားတာ အမှန်တရားဖြစ်တယ်”လို့ အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ Hiram Johnson က ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်ပြီးဆုံးတဲ့နှစ်မှာ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်က စစ်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ပွဲရဲ့ တကယ့်သဘောသဘာဝကို ဖေါ်ညွှန်းနေတာကြောင့် နှစ်တရာကျော်လာတဲ့ အထိ ဒီပြောဆိုချက်က မှန်ကန်နေဆဲ ဖြစ်တာတွေ့ရပါလိမ့်မယ်။ အခု လက်ရှိကာလမှာ ကမ္ဘာအရပ်ရပ်မှာ စစ်ပွဲတွေ ဖြစ်ပွားနေသလို မြန်မာနိုင်ငံမှာလည်း နှစ် ၇၀ ကျော် ၈၀ နီးပါးရှိတဲ့ မငြိမ်းနိုင်တဲ့ ပြည်တွင်းစစ်မီးဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က စလို့ အရှိန်ကောင်းစွာနဲ့ ပြန်လည်တောက်လောင်လာခဲ့တာ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ တောက်လောင်လာချိန်မှာ ပထမဆုံး ကျဆုံးသွားတဲ့ အရာတွေက အမှန်တရားပဲ ဖြစ်ပါတယ်။ စစ်ပွဲ အောင်နိုင်ဖို့ အတွက် အချက်အလက်မှန်ကို ဖုံးကွယ်တာ၊ သေးငယ်တဲ့ ကိစ္စ၊ အဖြစ်အပျက်ကို ကြီးမားတဲ့ကိစ္စ၊ ဖြစ်ရပ်သဖွယ်ဖြစ်အောင် ပုံကြီးချဲ့ပြောဆိုတာ၊ ကြီးမားတဲ့ကိစ္စ၊ အဖြစ်အပျက် ကျူးလွန်မှုတွေကို ကျူးလွန်သူ၊ ကျူးလွန်တဲ့ အဖွဲ့အစည်းတွေက လိမ်လည်ကြတာတွေက စစ်ပွဲမှာ ပါဝင်နေကြတဲ့ ဘက်တိုင်းလိုလို အနည်းနဲ့ အများ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အချို့အရာတွေက ဝါဒဖြန့်ချိရေး၊ စည်းရုံးရေး၊ စိတ်ဓါတ်တက်ကြွရေး၊ ရန်သူဘက်ကို သတင်းအချက်အလက်နဲ့ တိုက်ခိုက် ထိုးနှက်ရေးတို့အတွက် လုပ်ကိုလုပ်ရမယ်လို့ သင်ကြားချက်တွေရှိကြတဲ့ အတိုင်း လုပ်ဆောင်ကြတာ ဖြစ်ပါလိမ့်မယ်။ မိမိတို့ဘက်က တိုက်ခိုက်နေသူတွေ တွေဝေခြင်း မရှိအောင် စစ်ပွဲနဲ့ ပတ်သက်ရင် ဝါဒဖြန့်ကြတာ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းလိုလို လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ “တရားသောစစ်အောင်ရမည်” ၊ “ရဲဘော်မသေ သေသော် ငရဲမလား” ဆိုတဲ့ ကြွေးကြော်သံတွေက စစ်နဲ့ ပတ်သက်တဲ့ ဝါဒဖြန့်မှုတွေဆိုတာ လူတိုင်းသိနေပြီးသားလည်း ဖြစ်ပါတယ်။ ဒီကြွေးကြော်သံတွေက သို့ပေမယ့် ဝါဒဖြန့်မှုလို့ လူတိုင်းသိနေသည့်တိုင်မြန်မာစစ်တပ်လို့ ခေါ်တဲ့ အာဏာသိမ်းမှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တဲ့ စစ်တပ်အနေနဲ့ ဒီလိုအရာတွေ ဆက်လက် လုပ်ဆောင်ခြင်းအားဖြင့် အတိုင်းအတာတခုထိ စိတ်အားတက်ကြွစေတဲ့ စစ်တပ်ထဲ မိမိသဘောဆန္ဒနဲ့ ဖြစ်စေ အတင်းအကြပ်သို့မဟုတ် လှည့်ဖျားဆွဲဆောင်ခံရလို့ ဖြစ်စေ ရောက်လာတဲ့ သူတွေ၊ ရှိနှင့်ပြီး တပ်ဖွဲ့ဝင်တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာမှာ အတိုင်းအတာတခုထိ သက်ရောက်မှုရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒါတွေက လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေး ယန္တရားထဲက အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ကြတဲ့အခါ မိမိတို့ ရဲ့ ထိခိုက်သေဆုံးမှုကို တတ်နိုင်သရွေ့ လျှော့ပေါ့ပြောဆိုဖို့ ရန်သူဘက်က စခန်း၊ နယ်မြေတခုကို လက်လွှတ်ရတဲ့အခါ လက်လွှတ်ဆုံးရှုံးတယ်လို့ သုံးနှုန်းပြီး မိမိတို့တပ်ဖွဲ့ဘက်က ဆုတ်ခွာတာကို ခွာစစ် ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးနှုန်းရတယ်ဆိုတာမျိုး ဝါဒဖြန့်ချိရေး အခြေခံနည်းနာတွေအဖြစ် ကျင့်သုံး ထုတ်ပြန်ကြလေ့ရှိပါတယ်။ 

ဒီလို လုပ်ဆောင်ကြရတာ သဘာဝ၊ စစ်ပွဲမှာအောင်နိုင်ဖို့အတွက် ဒီလို ဝါဒဖြန့်ချိရေး ကိစ္စရပ်တွေမှာ ရိုးသားစရာ မှန်ကန်တိကျစရာ မလိုဘူးဆိုတဲ့ လမ်းညွှန်ချက်တွေ ကျင့်သုံးရမယ့် လက်စွဲနည်းနာတွေ ရှိနှင့်ပြီး ဖြစ်ကာ အဖွဲ့အစည်းတိုင်းကလည်း အများနည်းတူ အတုမြင် အတတ်သင် လေ့လာကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် အခြားတဖက်မှာတော့ လူထုတွေရဲ့ ထိခိုက်သေဆုံးမှု၊ ရင်ဆိုင်နေကြရတဲ့ အခက်အခဲ အကြပ်အတည်း၊ လက်နက်ကိုင် တိုက်ပွဲရဲ့  ရည်မှန်းချက်ပန်းတိုင်၊ ရောက်နေတဲ့ အနေအထား စတဲ့ အရာတွေနဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့တွေမှာ စစ်ရေး နိုင်ငံရေးကို ဦးဆောင်ဦးရွက်ပြုသူတွေ အနေနဲ့ အဖြစ်အပျက် အခြေအနေ မှန်အတိုင်း သိရှိထားဖို့ အရေးတကြီး လိုအပ်ပါတယ်။ မိမိတို့ လက်နက်ကိုင် အဖွဲ့အကြောင်းတင်မက ရန်သူ့လက်နက်ကိုင် အဖွဲ့အကြောင်း၊ အရပ်သား လူထုတွေအကြောင်းကို မှန်ကန်တဲ့ အချက်အလက်၊ မှန်ကန်တဲ့ အခြေအနေတွေကို သိရှိဖို့ အရေးကြီးပါတယ်။ 

ဝါဒဖြန့်မှုတွေက ရရှိတဲ့ အချက်အလက်တွေ ကိန်းဂဏန်းတွေ၊ ပြောဆိုမှုတွေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေရင် အချိန်ကာလတခုရောက်တဲ့အခါ ဆုံးဖြတ်ချက်မှားတွေကြောင့် ချောက်ထဲ ကျတာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေရောက်နိုင်ပါတယ်။ 

သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်က အချက်အလက်တွေချည်း အားကိုးစုဆောင်းပြီး သုံးသပ်ရင်လည်း အန္တရာယ်ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လူသိများ ထင်ရှားတဲ့ သတင်းမီဒီယာတွေတောင်မှ ပြည်တွင်းမှာ သတင်းထောက် များများစားစား မထားနိုင်ကြတော့ဘဲ မြို့ကြီးအချို့ နဲ့ လက်နက်ကိုင်တိုက်ပွဲ ပြင်းထန်တဲ့ ဒေသအချို့မှာသာ သတင်းထောက်ထားရှိနိုင်ကြတာ ဖြစ်ပါတယ်။ အဲလို လက်နက်ကိုင် တိုက်ပွဲ ပြင်းထန်တဲ့ ဒေသမှာ သတင်းထောက်ရှိသည့်တိုင် တိုက်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အဖြစ်အပျက်ဖြစ်ပွားတယ်လို့ သတင်းပေါ်ထွက်လာတဲ့ နေရာတွေကို လွတ်လွတ်လပ်လပ် သွားရောက် သတင်းယူနိုင်ကြတဲ့ အနေအထားတော့ ရှိမနေကြပါဘူး။ စစ်ပွဲကာလ ဖြစ်လို့ လက်နက်ကိုင် အဖွဲ့တွေက လုံခြုံရေး အချက်အလက်၊ သတင်းအချက်အလက် ပေါက်မှာစိုးပြီး ကန့်သတ်ချက်တွေ အများအပြား ချမှတ်ထားတာကြောင့် သတင်းသမားတွေက သွားရောက် ကြည့်ရှုမေးမြန်း နိုင်တဲ့ အခြေအနေရှိမနေကြပါဘူး။ 

အဲဒီလို မြေပြင်မှာ ရှိနေတဲ့ သတင်းသမားပင်လျင် လွတ်လွတ်လပ်လပ် သတင်းယူနိုင် မေးမြန်းနိုင်တဲ့ အခြေအနေ မရှိတဲ့ အနေအထားမှာ သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့တွေက ထုတ်ပြန်တဲ့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်ကိုသာ ကြည့်ပြီး သတင်းဖေါ်ပြရတဲ့ သတင်းတွေမှာ မှန်ကန်တိကျမှုက ၁၀၀ ရာနှုန်း ရှိမနေကြတာက သဘာဝ လို့ဆိုရမှာ ဖြစ်ပါတယ်။ နောက်တချက်က သတင်းမီဒီယာတွေ ကိုယ်၌က ဆိုရှယ်မီဒီယာ ပလက်ဖောင်းက ပေးတဲ့ ဝင်ငွေကို ငဲ့ကွက်နေကြရတဲ့ အချက်ကလည်း သတင်းဖေါ်ပြမှုတွေမှာ ပရိသတ်ရဲ့ လက်ခုပ်သံ၊ အားပေးမှုကို ထည့်သွင်းစဥ်းစားကာ ဖေါ်ပြကြတဲ့ တိမ်းစောင်းမှုကလည်း ရှိနေပြန်ပါတယ်။ 

မြန်မာပရိသတ်တွေအကြား သတင်းနဲ့ ပတ်သက်ရင် ဆိုရှယ်မီဒီယာမှာ လူကြည့်အများဆုံး သတင်းပေ့ချ်၊ ယူကျု့ချယ်နယ်တခု ဆိုရင် မှန်ကန်တိကျမှုကို လျစ်လျူရှုထားပြီး ပရိသတ်လက်ခုပ်သံနဲ့ အားတက်ဖို့ ကိုရည်ရွယ်ပြီး ကိန်းဂဏန်းတွေ ချဲ့ကားပြောဆိုတာတွေ၊ မျှော်လင့်ချက် အမှားတွေ ထပ်ဆင့်ဖြန့်ဝေပေးတာ၊ အမုန်းစကားတွေ သုံးနှုန်းတင်ဆက်တာမျိုးနဲ့ စစ်အာဏာသိမ်းပြီးကတည်းက လုပ်ဆောင်လာခဲ့ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းက ရတဲ့ဝင်ငွေနဲ့ ရပ်တည်နေတာမျိုး တွေ့ရပါတယ်။ တော်လှန်ရေး နေ့ချင်းညချင်း အောင်တော့မယ့် အသွင်မျိုး အချက်အလက် ကိန်းဂဏန်း၊ မစားရဝခမန်း ပြောဆိုမှုတွေကို နှစ်နဲ့ချီ ကြည့်ရှုနားထောင်လာခဲ့တဲ့ သာမန်ပြည်သူလူထုတောင် ကာလတခုမှာ ဒီသတင်းဌာနအပေါ် အပြည့်အဝ မယုံကြည်နိုင်ကြတော့တာတွေ တွေ့လာရပါတယ်။ 

သတင်းဌာနတွေက အချက်အလက်တွေကို ကြည့်ရှုနားထောင်နေတဲ့ သာမန်ပြည်သူလူထုတွေ အနေနဲ့ ဒီအချက်အလက် မှန်းဆ ဟောပြောချက်တွေ အပေါ် ယုံကြည်မှုလျော့ကျလာနေတာလည်း ကြားသိ လာရပါတယ်။ ဝါဒဖြန့်မှုက အတိုင်းအတာတခုထိ လိုအပ်တာမှန်ပေမယ့်လည်း မျှော်လင့်ချက် အမှားတွေနဲ့ လူထုကို စည်းရုံးပြောဆိုခြင်းဟာ အချိန်ကာလအတိုင်းအတာတခုထိသာ ထိရောက်မှုရှိမှာ အသေအချာပင် ဖြစ်ပါတယ်။ 

အဖြစ်မှန်နဲ့ အဆများစွာ ကွာခြားနေတဲ့ ဝါဒဖြန့်မှုမျိုး၊ လွဲမှားတဲ့ မျှော်လင့်ချက်တွေ ကတိတွေနဲ့ ဝါဒဖြန့်မှုမျိုးတွေကို သက်ဆိုင်တဲ့ နိုင်ငံရေး အဖွဲ့တွေ၊ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ သတိပြုကြဖို့ အချိန်ရောက်ပြီလို့လည်း နှိုးဆော်ချင်သလို သတင်းမီဒီယာတွေ အနေနဲ့လည်း မိမိတို့ ရဲ့ အချက်အလက်တွေ ဘယ်လောက်တိကျ မှန်ကန်သလဲ၊ တချိန်ကျ သုတေသနပြုပြီး သမိုင်းမှတ်တမ်းတွေမှာ ကိုးကားခံရနိုင်တဲ့ သတင်းဖေါ်ပြချက်တွေက မှန်ကန်တိကျမှု မရှိခဲ့ရင် အချက်အလက်လွဲမှားတဲ့ သမိုင်းတွေ အထိ သက်ရောက်စေနိုင်တာလည်း သတိပြုကြဖို့ အချိန်တန်ပြီဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar