Breaking News

အမေရိကန်အစိုးရ၏ လူထုပြန်ကြားရေးဌာန (CPB) ကို ဖျက်သိမ်းလိုက်ခြင်းအပေါ် NPR သတင်းဌာန တုံ့ပြန်



အမေရိကန်အစိုးရ၏လူထုပြန်ကြားရေးဌာန (CPB) ကို ဖျက်သိမ်းလိုက်ခြင်းအပေါ်  

NPR သတင်းဌာန တုံ့ပြန်

(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၅


ဝါရှင်တန်ဒီစီ၊ ဩဂုတ် ၁၊ ၂၀၂၅ယနေ့၊ အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာန (CPB) သည် ဖက်ဒရယ် ဖြတ်တောက်မှုဆုံးဖြတ်ချက်အပြီးအထက်လွှတ်တော်ဘဏ္ဍာရေးကော်မတီ၏ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အလုပ်သမား၊ ကျန်းမာရေး၊ ပညာရေးနှင့် ဆက်စပ်အေဂျင်စီများ (Labor-H) ဘဏ္ဍာငွေခွဲဝေရေးဥပဒေမူကြမ်း ထုတ်ပြန်ပြီးနောက်၊ ၎င်း၏လုပ်ငန်းများကိုတဖြည်းဖြည်းရပ်ဆိုင်းမည်ဖြစ်ပြီး နောက်ဆုံးတွင် လုံးဝလည်ပတ်မှုရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဤသည်နှင့်ပတ်သက်၍ NPR (အများပြည်သူဆိုင်ရာ ရေဒီယိုအသံလွှင့်ဌာန) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ကက်သရင်းမာဟာ (Katherine Maher) က အောက်ပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

အများပြည်သူဆိုင်ရာရုပ်သံလွှင့်ဌာန (CPB) သည် အမေရိကန်ပြည်ထောင်စုတွင် အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်လုပ်ငန်း၏ အဓိကအုတ်မြစ်တစ်ခုအဖြစ် နှစ်ပေါင်းငါးဆယ်ကျော်ကြာ ရပ်တည်ခဲ့သည်။ ၎င်းသည် ဒေသဆိုင်ရာ ရုပ်သံလွှင့်ဌာနများအတွက် အရေးပါသော ရန်ပုံငွေအရင်းအမြစ်တစ်ခုအဖြစ်၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များ၏ ထောက်ပံ့ပေးသူအဖြစ်၊ လွတ်လပ်သော သတင်းစာပညာ၏ ခိုင်မာသောအကာအရံ သို့မဟုတ် အုတ်မြစ်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ကျွန်ုပ်တို့ကဲ့သို့ အဖွဲ့အစည်းများအား နိုင်ငံတစ်ဝှမ်းလုံးတွင် မရှိမဖြစ်လိုအပ်သော သတင်းနှင့် ယဉ်ကျေးမှုကို ပေးပို့နိုင်စေခဲ့သည်။

CPB သည် အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဥပဒေ၏ အဓိကတန်ဖိုးများကို ထိန်းသိမ်းခဲ့ပြီး၊ မတူကွဲပြားသော အသံများကို အားပေးခြင်း၊ စာနယ်ဇင်းအလုပ်များ ထုတ်ဖော်ခြင်းနှင့် ဖန်တီးမှုဆိုင်ရာ စွန့်ဦးတီထွင်မှုများကို မြှင့် တင်ပေးခြင်း၊ သတင်းအချက်အလက်များ လက်လှမ်းမမီသည့် ဒေသများ၊ လူများ နှင့် သတင်းအချက်အလက် ရရှိရန် အားနည်းသည့် အသိုင်းအဝိုင်းများအတွက် ဝန်ဆောင်မှု နဲ့ လက်လှမ်းမီမှုများ တိုးတက်စေရန် ပံ့ပိုးပေးခဲ့သည်။ ၎င်းသည် သတင်းထောက်များ၊ ထုတ်လုပ်သူများနှင့် ပညာပေးသူများစွာ၏ ဘ၀ကို အားပေးကူညီခြင်း၊ နားလည်မှုကို မြှင့်တင်ပေးသော၊ အာဏာကို အလွဲသုံးစားမရှိဘဲ တာဝန်ယူမှုရှိစေသော အစီအစဉ်များ ဖန်တီးနိုင်စေရန်အားပေးခဲ့သည်။ ဤပိတ်သိမ်းမှု၏ သက်ရောက်မှုများသည် အများပြည်သူဆိုင်ရာမီဒီယာအဖွဲ့အစည်းတိုင်းနှင့်၊ ပို၍အရေးကြီးသည်မှာ၊ အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်လုပ်ငန်းကို အားကိုးနေရသော နိုင်ငံတစ်ဝှမ်းရှိ ရပ်ရွာများတွင် ထိခိုက်နစ်နာမှုများ ခံစားရလိမ့်မည်။

CPB ပိတ်သိမ်းမှုသည် ၂၀၂၅ ခုနှစ် ဖြတ်တောက်မှုဥပဒေ (H.R. 4) အတည်ပြုမှုကြောင့် ဖြစ်ပေါ်လာသော အဓိကအဖွဲ့အစည်းတစ်ခုနှင့် ဆယ်စုနှစ်များစွာ၏ ဗဟုသုတနှင့် ကျွမ်းကျင်မှု ဆုံးရှုံးမှုကို ကိုယ်စားပြုသည်။ CPB ၏ဝန်ထမ်းများအား ၎င်းတို့၏ အများပြည်သူဆိုင်ရာမီဒီယာအတွက် နှစ်ပေါင်းများစွာ ဝန်ဆောင်မှုပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိပါသည်။

လွတ်လပ်ပြီး အကျိုးအမြတ်မရှာသည့်သတင်းအဖွဲ့အစည်းတစ်ခုအနေဖြင့် NPR သည် ကျွန်ုပ်တို့၏အဖွဲ့ဝင်ရုပ်သံလွှင့်ဌာနများနှင့်ပူးပေါင်း၍ အသိပညာနှင့် လှုံ့ဆော်မှုရှိသော အများပြည်သူကိုဖန်တီးရန် ကျွန်ုပ်တို့၏မစ်ရှင်ကို ဆက်လက်ရုန်းကန်သွားရန် ခိုင်မာစွာဆုံးဖြတ်ထားသည်။ ဤအကျပ်အတည်းကိုတုံ့ပြန်ရန်အတွက် ကျွန်ုပ်တို့ သည် ဒေသအလိုက် အကျိုးဖြစ်စေသော၊ ကိုယ်ကျိုးစီးပွားမရှာသော၊ အများပြည်သူဆိုင်ရာ ရေဒီယိုဌာနများနှင့် ဒေသဆိုင်ရာသတင်းစာပညာကို ထောက်ပံ့ရန်၊ အများပြည်သူဆိုင်ရာ မီဒီယာ၏လူထုလုံးဆိုင်ရာ ဝန်ဆောင်မှုကတိကိုထိန်းသိမ်းရန်၊ နိုင်ငံတော်အတွက် လွတ်လပ်သောသတင်းစာပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များအတွက် အမြင့်ဆုံးစံချိန်စံညွှန်းများကိုထိန်းသိမ်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။


(မိုးမခ အယ်ဒီတာအဖွဲ့ မှတ်ချက် - အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်ကိုတန်ဖိုးထားရပ်တည်သော ကမ္ဘာထိပ်တန်းနိုင်ငံဖြစ်သည်။ ၎င်း၏သတင်းစာလွတ်လပ်ခွင့်ကို ကမ္ဘာက များစွာတန်ဖိုးထား စံပြုကြသည်။ ထိုသို့ဖြစ်စေရန် အမေရိကန်အစိုးရအဆက်ဆက်က ဘက်မလိုက်သောဘဏ္ဍာငွေထောက်ပံ့သည့် အထက်ပါပြန်ကြားရေးဌာန (CPB) ကနေ ဒေသဆိုင်ရာသတင်းဌာနများ သတင်း ထောက်များကို အားပေးကူညီခဲ့သညိ။ ယခုအခါ ၎င်းအစိုးရကျောထောက်နောက်ခံပေးသော ပြန်ကြားရေး ထောက်ပို့လုပ်ငန်း ပြိုလဲသွားပြီ ဖြစ်ပါသည်။ ဆက်လက်ရပ်တည်နေကြလိမ့်မည်ဟုမျှော်လင့်သော အမေရိကန် ပြည်သူ့သတင်းဌာနများဖြစ်သည့် NPR, PBS, KQED တို့ဆက်လက်ရပ်တည်ချီတက်နိုင်ရေးကို မိမိတို့ဆုတောင်းသည်။ မိမိတို့ ကွန်မြူနီတီနဲ့ မြန်မာနိုင်ငံအတွက် မှန်ကန် တိကျသော သတင်းအချက်အလက်များကို ကျနော်တို့ကိုယ်တိုင်က အဆိုပါ NPR အပါအဝင် Public Media များကနေရယူပြီး တင်ဆက်နေရခြင်း ဖြစ်သည်။ မိမိတို့ကိုယ်တိုင်လည်း သတင်းအချက်အလက်များ တိကျ ခိုင်မာ စစ်မှန်ရေးအတွက် ဆက်လက် ကြိုးပမ်းကြရမည် ဖြစ်ပါသည်)

-


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar