မြို့နယ် ၆၃ ခု စစ်အုပ်ချုပ်ရေးနဲ့ နိုင်လွတ်လုံ ပုဒ်မ ၃ ခု ရပ်ဆိုင်းခြင်း ကြေညာ
မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၁ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၅
မြို့နယ် ၆၃ ခု စစ်အုပ်ချုပ်ရေးနဲ့ နိုင်လွတ်လုံ ပုဒ်မ ၃ ခု ရပ်ဆိုင်းခြင်း ကြေညာ
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ တဖြစ်လဲ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ မြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ တဖန် နိုင်လွတ်လုံ လို့ အတိုကောက်ခေါ်ဆိုတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ရဲ့ ပုဒ်မ ၃ ခုကို ရပ်ဆိုင်းကြောင်း ကြေညာချက်တွေကို အာဏာသိမ်းစစ်တပ်ရဲ့ အမည်ပြောင်း အဖွဲ့အစည်းတွေက ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၀၀၈ အခြေခံဥပဒေကို ကိုးကားပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ (စစ်ကောင်စီ) က ၄ နှစ်ခွဲကာလ အတွင်း စစ်အုပ်ချုပ်ရေး ကြေညာအုပ်ချုပ်ခဲ့တဲ့ မြို့နယ် ၆၃ မြို့နယ် အထိရှိပြီး အဆိုပါ ကြေညာချက်တွေက စစ်ကောင်စီ အမည်နဲ့ ဖွဲ့စည်းမှု အဆုံးသတ်ပြီး ကာ/လုံ ရဲ့ လက်မှတ်နဲ့ တူညီတဲ့ အရေအတွက် ပမာဏရှိတဲ့ မြို့နယ်တွေကို အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာ ဖြစ်ပါတယ်။
အခု ကြေညာတဲ့ ၆၃ မြို့နယ်စာရင်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ကြေညာခဲ့တဲ့ ၆၃ မြို့နယ် စာရင်းနဲ့ အချို့သောမြို့နယ်တွေ ထပ်တူကျပေမယ့် အချို့ကတော့ အသစ်ထည့်သွင်းထားတဲ့ မြို့နယ်တွေဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ၆ မြို့နယ်က အခု ကြေညာတဲ့အထဲ ပါဝင်လာတာ မတွေ့ရသလို ယခင်စာရင်းတွေထဲ မပါဝင်တဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ် ၄ မြို့နယ်ကို အခု စစ်အုပ်ချုပ်ရေးထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဗကပ ပြိုကွဲပြီး ၁၉၉၀ ခုနှစ်အစပိုင်းကာလတွေ ကတည်းက အထူးဒေသအဖြစ် ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ NDAA မိုင်းလား အဖွဲ့က အုပ်ချုပ်တဲ့ မိုင်းလား ဒေသကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာတဲ့ ၆၃ မြို့နယ်အတွင်းထည့်သွင်းထားတာ တွေ့ရပါတယ်။ အခုလို ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနဲ့ မိုင်းလားဒေသက မြို့တွေကို စစ်အုပ်ချုပ်ရေး ကြေညာတဲ့အထဲ ထည့်သွင်းလိုက်ခြင်းဟာ ဆယ်စုနှစ်များစွာ မြန်မာစစ်တပ်နဲ့ ပြဿနာ ကြီးကြီးမားမား မရှိခဲ့ဘဲ ၄င်းတို့နယ်မြေကို ၄င်းတို့ဘာသာ အုပ်ချုပ်နေကြတဲ့ အဖွဲ့ ၂ဖွဲ့ နဲ့ စစ်တပ်အကြား ဆက်ဆံရေး အနေအထား ပြောင်းလဲသွားတာလား လို့ သံသယတွေ လည်း ပေါ်ထွက်လာစေပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA ကိုးကန့်တပ်ဖွဲ့က တိုက်ခိုက်သိမ်းယူပြီး ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်ထံ လွှဲပြောင်းပေးခဲ့တဲ့ ဟိုပန် မြို့နယ်ကိုလည်း အခု စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ စာရင်းထဲ ထည့်သွင်းလိုက်တာ တွေ့ရပါတယ်။ ဝ ပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက မြို့နယ်တွေနဲ့ မိုင်းလားတို့ကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်အတွင်း စစ်တပ်က ဘယ်တုန်းကမှ ထိန်းချုပ်စိုးမိုးခဲ့ခြင်း မရှိဘဲ အခုလို အခြေအနေကာလမှာ စစ်အုပ်ချုပ်ရေး ကြေညာတဲ့အထဲ ထည့်သွင်းလိုက်ခြင်းဟာ ထူးခြားနေတာဖြစ်ပါတယ်။
ကျန်တဲ့မြို့နယ် အားလုံးနီးပါးဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG/PDF တွေ၊ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလမှာ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့စဥ်က ချင်းပြည်နယ် ဟားခါးမြို့ ပါဝင်ခဲ့ပေမယ့် အခု ၆၃ မြို့နယ် စာရင်းထဲမှာတော့ ဟားခါး ပါဝင်တာမတွေ့ရပါဘူး။
အခုလို ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းရဲ့ ရည်ရွယ်ချက် နဲ့ပတ်သက်လို့ အချို့က ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်မယ့် အခြေအနေကို အကြောင်းပြုတယ်လို့ ယူဆကြပေမယ့် အဆိုပါ ယူဆချက်က စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် ရွေးကောက်ပွဲကို ၂၆၇ မြို့နယ်မှာ ကျင်းပမယ်လို့ ပြောဆိုချက် နဲ့ တိုက်ဆိုင်စိစစ်ပြီး ပြောဆိုချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တနိုင်ငံလုံး မြို့နယ် ၃၃၀ ရှိတဲ့အနက် ၂၆၇ မြို့နယ် နှုတ်လိုက်ရင် ၆၃ မြို့နယ် ကျန်ရှိတာကြောင့် အဆိုပါ ၆၃ မြို့နယ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိတဲ့ မြို့နယ်တွေဖြစ်ပြီး စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေ ဖြစ်တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကာ/လုံ ကောင်စီက ကြေညာတဲ့ နိုင်လွတ်လုံ ဥပဒေထဲက ပုဒ်မ ၃ ခုကို ရပ်ဆိုင်းထားကြောင်း အမိန့်ကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးခါစကတည်းက ထိုစဥ်က ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီ အမိန့်နဲ့ ထုတ်ပြန်ခဲ့တဲ့ အတိုင်း အခု စစ်ကောင်စီ ဖွဲ့စည်းအုပ်ချုပ်မှု ကနေ အသွင်ပြောင်းတဲ့ ကာ/လုံ ကောင်စီက ထပ်တူထပ်မျှ ပြန်ကြေညာတဲ့ သဘောမျိုးသာ ဖြစ်ပါတယ်။ NLD အစိုးရ လက်ထက် မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေထဲက အပိုဒ် ၅၊ ၇ နဲ့ ၈ တို့ကို ရပ်ဆိုင်းထားခြင်း ဖြစ်ပြီး ဧည့်စာရင်း တိုင်ဖို့ လိုအပ်ခြင်း၊ တရားရုံး အမိန့်မပါဘဲ လူတဦး တယောက်ကို ၂၄ နာရီထက်ပိုပြီး ချုပ်နှောင်ခွင့်မရှိခြင်း၊ နောက်ယောင်ခံစောင့်ကြည့်ခြင်း စုံစမ်းထောက်လှမ်းခြင်း ၊ လူတယောက်နဲ့ တယောက်အကြား ဆက်သွယ်ရေးကိရိယာတွေ အသုံးပြုပြီး ဆက်သွယ်ပြောဆိုမှုတွေကို ကြားဖြတ်နားထောင် မှတ်တမ်းတင်ခြင်း၊ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ တွေထံမှ အီလက်ထရောနစ်နဲ့ ဖုန်းဆက်သွယ်ရေး အချက်အလက်များကို တောင်းခံရယူခြင်း စတာတွေကို တားမြစ်ပေးထားတဲ့ ဥပဒေပုဒ်မ အပိုဒ်တွေကို ရပ်ဆိုင်းထားတဲ့ သဘောဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အသစ်ဖြည့်စွက်တာ ပုဒ်မ ၅၀၅ မှာ အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြည့်စွက်တာ ပုဒ်မ ၁၂၄ မှာ ဖွင့်ဆိုချက် ဖြည့်စွက်တဲ့ အမိန့်တွေ ထုတ်ပြန်ခဲ့တာနဲ့ တပြိုင်နက်တည်းမှာပဲ နိုင်လွတ်လုံ ဥပဒေပုဒ်မ အချို့ ရပ်ဆိုင်းထားတဲ့ အမိန့်ကို ကြေညာခဲ့တာ ဖြစ်ပြီးအခု ထပ်မံကြေညာခြင်းက ယခင် စစ်ကောင်စီ ဖွဲ့စည်းမှု ဖျက်သိမ်းပြီး အစိုးရနဲ့ ကာ/လုံ ကောင်စီ ပြန်လည်ဖွဲ့စည်းခဲ့တာကြောင့် အသစ်ပြန်ကြေညာတဲ့ သဘောမျှ သာဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်က လာမယ့် ၂၀၂၅ ခုနှစ်ကုန်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အာဏသိမ်း စစ်တပ်အနေနဲ့ ထိုးစစ်တွေ ဖေါ်ဆောင်ပြီး နယ်မြေတွေအားလုံး မစိုးမိုးနိုင်သည့်တိုင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မြို့တွေကို သိမ်းယူဖို့ ကြိုးပမ်းတာတွေ လုပ်ဆောင်လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
ယခင် နှစ်တွေနဲ့ နှိုင်းယှဥ်ကြည့်ရင် စစ်တပ်အနေနဲ့ လက်ရှိအချိန်မှာ စစ်မျက်နှာ ဘောင်ကျဥ်းသွားခြင်း၊ စစ်မှုထမ်းဥပဒေ အရ စုဆောင်းထားတဲ့ အင်အားတွေကို တပ်တွေမှာ ဖြည့်တင်းနိုင်ခြင်း၊ ဒရုန်းနည်းပညာနဲ့ လက်နက်တွေ တရုတ်၊ ရုရှားတို့ထံမှ ဝယ်ယူအသုံးပြုနိုင်ခြင်းတွေအပေါ် အားပြုပြီး အဆိုပါ ထိုးစစ်တွေကို ဖော်ဆောင်လာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar