Breaking News

ခေါင်းကြီး - ရွေးကောက်ပွဲစစ်တမ်း

ခေါင်းကြီး - ရွေးကောက်ပွဲစစ်တမ်း

မိုးမခ ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၅


*ရွေးကောက်ပွဲသဘောထားနဲ့ ပတ်သက်ပြီး...

လတ်တလော လူပြောများနေကြတဲ့...

ဘောမမီဒီယာတွေထဲက မသတီစရာ ကြေညာချက်တွေထဲမှာ...

ငါတို့ဗိုလ်ချုပ်ရဲ့ အဖိုးတန်လှတဲ့ စေတနာစကားတွေနဲ့...

မဟုတ်မမှန် ဝါဒဖြန့် မတန်မရာ အရှက်မရှိကိုးကား...

ကိုယ်ကျင့်သိက္ခာတရားချင်း လားလားမျှမယှဉ်နိုင်တဲ့သူတွေက...

မစားရဝခမန်း ရမ်းသန်းပြီး ပြောနေကြတာကို ကြည့်ရင်း...

မြန်မာပြည်သက်တမ်းတလျှောက်က ရွေးကောက်ပွဲဇာတ်လမ်းတွေကို...

လက်လှမ်းမီသမျှ စစ်တမ်းထုတ်ကြည့်ကြရအောင်...။


*၁၉၄၇ ခုနှစ်...

ဗြိတိသျှကိုလိုနီခေတ်ရဲ့ နောက်ဆုံးကာလ...

မြန်မာပြည် လုံးဝလွတ်လပ်ရေးရဖို့အတွက်...

မဖြစ်မနေ အရေးတကြီး လိုအပ်နေတဲ့...

ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြမဲ့...

"တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီး"မှာ...

"ဖျက်လိုဖျက်ဆီး လုပ်တဲ့သူမှန်သမျှကို...

အပြင်းအထန် အာဏာကုန် နှိမ်နင်းပစ်မယ်ဆိုတာ...

ရှင်းရှင်းကြီး သတိပေးထားပါရစေ" လို့...

ပြတ်ပြတ်သားသား ငါတို့ဗိုလ်ချုပ် ပြောခဲ့တဲ့စကား...

မေးခွန်းထုတ်စရာမလိုအောင် ခမ်းနားတဲ့သမိုင်းနဲ့...

ငါတို့တိုင်းပြည်အပေါ်ထားတဲ့ စေတနာကို ...

အတိုင်းသား သေသေချာချာ မြင်ရမှာပါ...။


*၁၉၄၈ မှ ၁၉၆၂ မတိုင်မီကာလ...

လွတ်လပ်ရေးရပြီးကာစ ဒီမိုကရေစီအစိုးရရဲ့...

"ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲများ" နဲ့

"သန့်ရှင်း-တည်မြဲ" ဖဆပလနိုင်ငံရေးအကွဲအပြဲ...

ဇာတ်လမ်းတွဲများစွာ အဖြစ်သနစ်တွေကိုတော့...

လူမဖြစ်သေးတဲ့ ကိုယ့်ဘဝအချိန်ပိုင်းတွေမို့...

သမိုင်းစာအုပ်တွေထဲမှာ ရေးထားသမျှကိုပဲ...

အငြင်းပွားဖွယ်ရာ ဖတ်ခဲ့သိခဲ့ရတယ်...။


*၁၉၇၄ မှ ၁၉၈၈ ခုနှစ်အထိ... 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ...

ကိုယ့်ရဲ့ကလေးဘဝ ငယ်ရွယ်စဉ်အချိန်တွေမှာ...

"အညမည"ကိုတော့ အကုန်အစင် နားမလည်နိုင်ခဲ့ပေမဲ့...

ဘယ်သူမှ အမှားအမှန်ဝေဖန်မှု မပြုရဲကြတဲ့...

"ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ"...

တစ်ပါတီအာဏာရှင်စနစ် ရွေးကောက်ပွဲများကိုလည်း...

"မဲရုံကို သွားကြပါစို့လေ" ဆိုတဲ့...

ရေဒီယိုသီချင်းသံလေးတွေ ကြားယောင်မိရင်း...

ရံဖန်ရံခါတော့ အမှတ်ရနေမိဆဲပေါ့...။


*၁၉၉၀ ပြည့်နှစ်...

အာဏာသိမ်း နဝတစစ်အစိုးရခေတ်ကာလ...

"ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ" ဆိုပြီး...

ခပ်တည်တည်နဲ့ ကောက်ကျစ်ခဲ့တဲ့အချိန်မှာတော့...

၁၈ နှစ်ပြည့်ပြီးသား လူငယ်တစ်ယောက်အတွက်...

မျှော်လင့်ချက်တွေထား ကြည်နူးရင်ခုန်မှုများစွာနဲ့...

ပထမဦးဆုံး အတွေ့အကြုံအဖြစ် မဲပေးခွင့်ရခဲ့ပေမဲ့...

"တစ်ခါသေဖူး ပျဉ်ဖိုးနားလည်" ခံစားချက်မျိုးကိုသာ...

ဘဝမှာ ဆိုးဆိုးဝါးဝါး ရခဲ့လေရဲ့...။


*၂၀၁၀ ပြည့်နှစ်...

နအဖခေတ် နာဂစ်ခြေဥကိုဖန်ဆင်း...

မျက်နှာဖုံးအတုနဲ့ အသက်သွင်းလှည့်ဖြား...

ပြည်သူများကို စစ်ကျွန်အဖြစ်ပဲ အသွင်သစ်နဲ့ရောက်စေခဲ့တဲ့...

"ဒီမိုကရေစီအမည်ခံ ရွေးကောက်ပွဲ" နေ့တွေမှာတော့...

ခြင်္သေ့ပါတီကိုလည်း မယုံစား...

မြင်တွေ့ကြုံရသမျှတွေကလည်း မတရားခဲ့တာမို့...

မဲရုံအနားကိုတောင် ယောင်လို့မှမသီဖြစ်ခဲ့ပေမဲ့...။


*၂၀၁၅ ခုနှစ်...

နိုင်ငံရေးအခင်းအကျင်းအသစ်နဲ့...

"ဒီမိုကရေစီတစ်ပိုင်းတစ်စခေတ် ရွေးကောက်ပွဲ"မှာတော့...

ပြည်ပတိုင်းပြည်ကို ရောက်နေခဲ့တာတောင်...

တောက်ပြောင်လာတော့မဲ့ အနာဂတ်နိုင်ငံကိုရည်မှန်း...

ဒီမိုကရေစီခရီးကြမ်းမှာ နိုင်ရာဝန်ထမ်းဖို့အားခဲ...

အသည်းကြားက မဲတစ်ပြားပေးနိုင်ရေးအတွက်...

အထူးအလေးထားပြီး ကြိုးစားခဲ့တာတော့အမှန်ပါပဲ...။


*၂၀၂၀ ပြည့်နှစ်...

"ဒီမိုကရေစီရွေးကောက်ပွဲ အစစ်အမှန်"မှာ...

ကိုဗစ်ရောဂါ အပြင်းအထန်ပြန့်ပွား...

အသက်အန္တရာယ် ကြီးမားနေတဲ့ကာလမှာတောင်...

အမှောင်ခေတ်ကနေ လွတ်မြောက်ခြင်းအစစ်ကို မျှော်ရည်... 

တိုင်းပြည်အတွက် ရွှေရောင်အိပ်မက်တွေများစွာနဲ့...

စွန့်စားပြီး ဆန္ဒဖော်ထုတ်ခဲ့တာ အသေအချာပါပဲ...

ဒါပေမဲ့ အကြိမ်ကြိမ်အခါခါ သေဖူးသွားပြီးတဲ့အချိန်မှာတော့...

ပျဉ်ဖိုးထက်မကတော့တဲ့ ပြည်သူ့ဆန္ဒတန်ဖိုးအစစ်ကို...

ညစ်ပတ်တဲ့ အငြိုးတရားနဲ့ မတရားခိုးယူသွားခဲ့တဲ့...

ဖက်ဆစ်အမျိုး စစ်မိစ္ဆာများရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို...

ငုံ့မခံဘဲ တုံ့ပြန်တော်လှန်မှပဲ ရတော့မယ်ဆိုတဲ့...

မဖောက်မပြန် သန္နိဋ္ဌာန်ကို စွဲစွဲမြဲမြဲချနိုင်ခဲ့ပါပြီ...။


*အခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ...

ငါတို့တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို...

မဖွယ်မရာ ဝင်ရောက်ခြယ်လှယ် ဖိနှိပ်အုပ်စိုးချင်ကြတဲ့...

အင်အားကြီးပထွေးဆိုးများရဲ့ နဖားကြိုးအထိုးခံ...

"ပြည်ပအားကိုး ပုဆိန်ရိုး" တကယ့်အမျိုးယုတ်တွေက...

မျိုးချစ်ပုဂ္ဂိုလ်တွေအဖြစ်နဲ့ ခါတော်မီဟန်ဆောင်လို့...

"ဒီမိုကရေစီ ရွေးကောက်ပွဲ အတုအယောင်" ကို...

ထောင်ချောက်ဆင် ပေါ်တင်လုပ်ကြဦးမတဲ့...။


*တိုင်းပြည်အနှံ့ တော်လှန်စစ်ပွဲတွေ ခင်းကျင်းဖြစ်ပွားလို့...

လေယာဉ်သံ ဗုံးကြဲသံတွေနဲ့ စစ်တလင်းကြားမှာ...

ရဟန်းရှင်လူပြည်သူအများ ကပ်ကြီးသုံးပါးစလုံးခံစား...

အလွန်ဒုက္ခများနေကြရှာတဲ့ ဒီခေတ်ဆိုးခေတ်ပျက်ကာလ...

အဓမ္မအနိုင်ကျင့်တဲ့ဓလေ့ မတရားလွန်းတာတွေနဲ့ပြည့်နှက်...

သွေးစွန်းတဲ့လက်တွေနဲ့ ခြိမ်းခြောက်စော်ကားပြီး...

သေနတ်နဲ့ထောက်ထားတဲ့ အကြောက်တရားတွေအောက်က...

စစ်ကျွန်သပေါက်ဘဝကို ထာဝရရောက်သွားစေမဲ့...

အမှန်တရားပျောက်နေတဲ့ ဒီရွေးကောက်ပွဲဆိုတာကြီးက...

တကယ့်ရွေးကောက်ပွဲလား? ပြေးပေါက်ပဲလွဲမလား?

ခွေးပျောက်တဲ့ပွဲလား? ဘေးရောက်မဲ့ပွဲလား?

တွေးကြောက်နေတဲ့ပွဲလား? 

သွေးသောက်တွေရဲ့ပွဲလား? 

ဘာတွေဖြစ်လာကြမလဲ ဆိုတာကိုတော့...

ညနက်သန်းခေါင်ကျော် ရောင်နီသစ်ကို မျှော်ကြည့်ရင်း...

နောင်လာမယ့် ငွေရောင်ပိတ်ကားကြီးပေါ်မှာ...

စိတ်လှုပ်ရှားစွာနဲ့ ဇာတ်သိမ်းခန်းပြီးတဲ့အထိ...

အားရပါးရ ကြည့်ကြသေးတာပေါ့...

"မကြာမီ လာမည်မျှော်"...။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar