Breaking News

မောင်လူမွှေး - အုတ်ဂူနီလေးတွေ

မောင်လူမွှေး - အုတ်ဂူနီလေးတွေ

မိုးမခ ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၅

ပြီးခဲ့တဲ့အပတ် မောင်လူမွှေး ခရီးတစ်ခု ထွက်တော့ တောတောင်တွေကို ဖြတ်ရတယ်။ ရောက်နေတဲ့နေရာဟာ တောင်တန်းတွေရဲ့ ကြားမှာမို့ စက်တင်ဘာ မနက်ခင်းမှာ မြူမှိုင်းတွေဟာ သိသိသာဝေနေပြီ ဖြစ်တယ်။ တောတောင်သစ်ပင်တွေရဲ့ ကြားမှာ ဆောင်းရဲ့ရှေ့ပြေး မြူတွေဟာ ဆိုင်းလို့ပါ။ တစ်နေရာအရောက်မှာတော့ မြူခိုးတွေ ဝိုင်းနေတဲ့ လမ်းဘေးကုန်းကမူလေးမှာ အုတ်ဂူလေးတစ်ဂူကို တွေ့ရတယ်။ မောင်လူမွှေးကို လိုက်ပို့တဲ့ လူငယ်ကို ဆိုင်ကယ်ရပ်ခိုင်းပြီး ဂူကလေးကို အနီးကပ်သွားကြည့်ဖြစ်ခဲ့တယ်။ အုတ်ဂူမှာ သုတ်ထားတဲ့ အနီရောင်ဆေးသားတွေဟာ လွင့်ပြယ်နေပြီဖြစ်သလို ကျဆုံးရဲဘော်ရဲ့ နာမည်ဟာလည်း ထင်ထင်ရှားရှား မရှိတော့ဘူး။

တော်လှန်ရေးနယ်မြေမှာ ခရီးသွားလာဖူးရင် ဒီလို အနီရောင် ဆေးသားသုတ်ထားတဲ့ အုတ်ဂူနီနီတွေကို တွေ့ကြရမှာ ဖြစ်တယ်။ ချင်းတောင်ပေါ်မှာတော့ ကျဆုံးရဲဘော်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင်တွေ ပြုလုပ်ထားတာ တွေ့ရမှာဖြစ်တယ်။

မောင်လူမွှေးဟာ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးသွားရတဲ့ လူငယ်ရဲဘော်တွေရဲ့ အုတ်ဂူတွေကို မြင်ရတိုင်း လေးစားစိတ်၊ ဝမ်းနည်းစိတ်၊ ခံပြင်းစိတ်၊ လွမ်းမောတမ်းတစိတ်တွေ ဖြစ်ပေါ်လေ့ရှိတယ်။ စစ်အာဏာရှင်ကို အသက်ပေး တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို လေးစားတယ်။ တပြိုင်နက်တည်းမှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်စွန့်သွားကြရရှာတာမို့ ဝမ်းနည်း နှမျောဝမ်းနည်းရတယ်။ လူငယ်တွေကို ဒီလိုဖြစ်လာအောင် ဖန်တီးခဲ့တဲ့ အဓိကတရားခံ အာဏာသိမ်းဖက်ဆစ် စစ်တပ်နဲ့ အပေါင်းအပါတွေကို ခံပြင်းဒေါသထွက်တယ်။

အုတ်ဂူလေးတွေဟာ လမ်းဘေးသစ်ပင်အောက်မှာ၊ ရွာအဝင်မှာ၊ တောတောင်ထဲမှာ၊ တောင်ကမူလေးတွေပေါ်မှာ ရှိတတ်ကြတယ်။  လူသူသိပ်မနီးတဲ့ နေရာမှာ ဂူကလေးတွေကို မြင်ရရင် မောင်လူမွှေး စိတ်ထဲမှာ တစ်စုံတရာကို လွမ်းမောတမ်းတစိတ်ဖြစ်ပြီး အိပ်မက်တွေပါမက်တတ်ပါတယ်။ မောင်လူမွှေးရဲ့အိပ်မက်ထဲမှာ ကျဆုံးသွားတဲ့ လူငယ်တွေဟာ သူတို့ဂူပေါ်မှာပဲ ထိုင်ပြီး ဂီတာတစ်လက်နဲ့ သီချင်းတွေ ဆိုနေတတ်ကြတယ်။ အိပ်မက်ထဲမှာတင်ပဲကို မောင်လူမွှေး ကြေကွဲရတယ်။ နိုးလာတော့လည်း ဘယ်သက်သာပါ့မလဲဗျာ။ ကျဆုံးသွားတဲ့ လူငယ်ရဲဘော်လေးတွေရဲ့ အုတ်ဂူနီလေးတွေနဲ့ပတ်သက်လို့ မောင်လူမွှေးရဲ့ ခံစားချက်ကို အတိအကျပုံဖော်ဖို့ ခက်လှပါတယ်။

ခရီးသွားလာရင်း အုတ်ဂူနီလေးတွေကို တွေ့တယ်ဆိုရင် ဒီနယ်မြေဟာ ဖက်ဆစ်စစ်တပ် မရောက်နိုင်တဲ့နေရာ ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့စစ်ကြောင်းထိုးရာမှာ တွေ့ရှိတဲ့ တော်လှန်ရေးသမားလူငယ်တွေရဲ့ အုတ်ဂူနီတွေကို ဖျက်ဆီးလေ့ရှိတယ်။ အုတ်ဂူနီနားမှာတွေ့တဲ့ ရွာသားလေးတစ်ယောက်ကို စစ်ကောင်စီစစ်ကြောင်းက သူ့နဖူးနဲ့ အုတ်ဂူနီနံရံကို ကြိမ်ဖန်များစွာနောက်ကနေ ကိုင်ဆောင့် အလေးပြုခိုင်းပြီး သတ်ခဲ့တဲ့ ဖြစ်စဥ်ကို မောင်လူမွှေး မမေ့ပါ။

မောင်လူမွှေးတို့ဟာ ကိုယ့်နယ်မြေမှာ အုတ်ဂူနီလေးတွေ ရှိနေသမျှ လုံခြုံမှု အတိုင်းအတာတခု ရှိနေမှာ ဖြစ်တယ်။ ဒါကြောင့် မောင်လူမွှေးတို့ဟာ အုတ်ဂူနီလေးတွေကို လေးစားစောင့်ရှောက်အပ်တယ်။ အုတ်ဂူနီလေးတွေကို စောင့်ရှောက်ခြင်းဟာ ကိုယ့်လွတ်မြောက်နယ်မြေကို စောင့်ရှောက်ခြင်းပဲဖြစ်တယ် မဟုတ်လား။ တော်လှန်ရေးမှာ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ပြဿနာတွေ၊ ဆင်းရဲဒုက္ခတွေကြုံတိုင်း အုတ်ဂူနီနီလေးတွေကို သတိရပြီး ကြိုးစား ဖြေရှင်းရုန်းကန်ကြရမှာဖြစ်တယ်။

အုတ်ဂူနီနီလေးတွေဟာ တာဝန်ကျေပွန်သွားသူတွေရဲ့ နားခိုရာနေရာလေးတွေ ဖြစ်တယ်။ သူတို့ရဲ့ အသက်ပေးဆပ်မှုအတွက် လောလောဆယ် မောင်လူမွှေးတို့ ပြန်ပေးနိုင်တာက ဒီအုတ်ဂူလေးနဲ့ အုတ်ဂူနေရာ ကျဥ်းကျဥ်းလေးရယ်ပါ။ ကျေးရွာလေးတရွာက လူငယ်တွေကတော့ သူတို့ရွာ ဘောလုံးအသင်း အခြားရွာကို ဘောလုံးသွားကန်တိုင်း ရွာအထွက်က သူတို့သူငယ်ချင်းရဲ့ အုတ်ဂူနီလေးကို အသွားရော၊ အပြန်ရော အလေးပြုကြတယ်လို့ ဆိုတယ်။ ဘော်လုံးကန်အင်္ကျီကိုလည်း ကျဆုံးသွားတဲ့ သူတို့သူငယ်ချင်း တော်လှန်ရေးရဲဘော်အတွက် နာမည်၊ နံပါတ်နဲ့တကွ ရိုက်နှိပ်သိမ်းဆည်းထားတယ်လို့ သိရတယ်။ မောင်လူမွှေးတို့ဟာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို တနည်းမဟုတ် တနည်း လေးစားဂုဏ်ပြုကြရမှာ ဖြစ်တယ်။

အုတ်ဂူနီနီလေးတွေဟာ မောင်လူမွှေးတို့ နိုင်ငံ၊ မောင်လူမွှေးတို့ လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီအုတ်မြစ်တွေလို့လည်း ဆိုနိုင်တယ်။ ဒီမိုကရေစီ ထွန်းကားဖို့ စစ်အာဏာရှင် ဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသူတွေအပေါ်မှာ တကယ် လေးစားရင် အာဏာရှင်စစ်တပ် ပြုတ်ကျပြီး ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် အားလုံး ကြိုးစားကြရမှာ ဖြစ်တယ်။ ဒါမှလည်း အသက်ပေးခဲ့တဲ့ ရဲဘော်တွေကို တကယ်လေးစား တန်ဖိုးထားရာ ရောက်မယ်လို့ မောင်လူမွှေး ယုံကြည်တယ်။

တော်လှန်ရေးနယ်မြေမှာ နေပြီး တော်လှန်ရေးအတွက် သွေးအေးနေပြီဆိုရင်၊ တော်လှန်ရေးမှာ ရာထူး၊ အာဏာ၊ ငွေကို မက်မောစပြုနေပြီဆိုရင်၊ ညီညွတ်ရေးထက် ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်နေမိပြီဆိုရင် အုတ်ဂူနီနီလေးတွေဆီ သွားပြီး ခဏလောက်ဖြစ်ဖြစ် ငေးမောကြည့်ရှုကြဖို့ မောင်လူမွှေး တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar