နှစ် ၈၀ နီးပါး ကြာမြင့်လာတဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်ရဲ့ ပင်မကျောရိုး နိုင်ငံရေးအယူဝါဒ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၈ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၅
နှစ် ၈၀ နီးပါး ကြာမြင့်လာတဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်ရဲ့ ပင်မကျောရိုး နိုင်ငံရေးအယူဝါဒ
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ကာလဟာ လွတ်လပ်ရေး ရတဲ့သက်တမ်းနဲ့ ထပ်တူနီးပါးလောက် ရှည်ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်ကြာ ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှအင်ပိုင်ယာရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဝင်စတန်ချာချီက မြန်မာနိုင်ငံလွတ်လပ်ရေး ရရင် ပြည်တွင်းစစ် ဖြစ်လိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့တယ်လို့လည်း သမိုင်းနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတချို့မှာ ဖတ်ခဲ့ရဖူးပါတယ်။
ဝင်စတန်ချာချီ အနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအလွန် အနာဂတ်ကို ပြည်တွင်းစစ်ထဲ သက်ဆင်းမယ်လို့ ဘယ်လိုအချက်အလက်ပေါ် အခြေပြုပြီး ပြောဆိုသလဲတော့ တိတိကျကျ မသိနိုင်ပေမယ့် မြန်မာ့သမိုင်း၊ လက်ဝဲအယူဝါဒ ကိုင်စွဲတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ အနေအထား၊ လူမျိုးစု အများအပြား နေထိုင်ကြတဲ့ နိုင်ငံ၊ ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှ အစိုးရတပ်တွေမှာ အမှုထမ်းခဲ့ကြတဲ့ လူမျိုးစုအချို့ရဲ့ အနေအထားနဲ့ ဗြိတိသျှတို့ရဲ့ ဆက်ဆံရေး စတဲ့ အချက်အလက်တွေကို အခြေပြုပြီး ဖြစ်နိုင်ခြေရှိတဲ့အချက်ကို ဟောကိန်းထုတ်ခဲ့တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
၁၈၈၅ ခုနှစ်မှာ ဗြိတိသျှတွေ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံတွင်း ပုန်ကန်မှုတွေကို ဆယ်စုနှစ်နဲ့ချီကြာ ရင်ဆိုင်ခဲ့ရတဲ့ သမိုင်းနောက်ခံကြောင့်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်တန်ရာချေကို မှန်းဆကြည့်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံ ကံကြမ္မာဟာ ချာချီ နိမိတ်ဖတ်ခဲ့သလို ကံဆိုးစွာနဲ့ ပြည်တွင်းစစ်မီးထဲ သက်ဆင်းခဲ့ရတာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ ၂ ပါတီစလုံး လက်နက်ကိုင် တိုက်ခိုက်တဲ့ လမ်းစဥ်ကိုရွေးချယ်ခဲ့ကြသလို လူမျိုးစုလွတ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုးအချို့လည်း ၁၉၄၈ ခုနှစ်ကနေ ၁၉၅၁ ခုနှစ်လောက်ထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြင်းပြင်းထန်ထန် ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
သခင်သန်းထွန်း ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ စောဘဦးကြီး ခေါင်းဆောင်တဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ဗမာ့တပ်မတော် ပြင်ဆင်ဖွဲ့စည်းပြီးနောက် အရံအင်အားစု သဖွယ်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ရဲဘော် အဖွဲ့ နဲ့ အခြားသော တိုင်းရင်းသားလူမျိုးစု အဖွဲ့တွေ ဖဆပလခေတ် ပြည်တွင်းစစ်မှာ ပါဝင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ချဥ်းကပ်သုံးသပ်ကြည့်တဲ့ ရှုထောင့်က ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ကြတဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး အယူဝါဒ ဖြစ်ပါတယ်။ ဖဆပလ အဖွဲ့ချုပ်ကို အခြေပြုထားတဲ့ သခင်နု ဦးဆောင်တဲ့အစိုးရအဖွဲ့က ကိုလိုနီဆန့်ကျင်ရေးအယူအဆရှိသည့်တိုင် လက်ဝဲ အယူဝါဒကို ကိုင်စွဲတယ်လို့ မဆိုနိုင်ဘဲ အမျိုးသား ဓနရှင်တွေကို ကိုယ်စားပြုတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဆိုရှယ်လစ်ဝါဒကိုလက်ခံတယ်လို့ဆိုတဲ့ ပြည်သူ့အရေးတော်ပုံ ပါတီဝင် အချို့ က ဖဆပလ ခေတ် မြန်မာ့တပ်မတော်ထဲ ဦးဆောင်တဲ့ နေရာမှာ ပါဝင်ကြပေမယ့် ဒုတိယကမ္ဘာစစ်ပြီးနောက်ရေပန်းစားလာတဲ့ လက်ဝဲဝါဒကိုလက်ခံတဲ့အနေအထားတော့ မဟုတ်ကြပါဘူး။ တဖက်မှာ လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တချို့နဲ့ လူပုဂ္ဂိုလ်ရင်းနှီးမှုဆက်ဆံရေး နဲ့ ဖဆပလ ထဲက အချို့သော ခေါင်းဆောင်တွေ တပ်မှူးတွေက လက်ဝဲညီညွတ်ရေး ရည်မှန်းချက်မျိုးရှိပေမယ့် လက်တွေ့မှာ ပြည်တွင်းစစ်ကို မရှောင်လွှဲနိုင်ခဲ့ကြ၊ မရပ်စဲနိုင်ခဲ့ကြတဲ့ အနေအထား ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ ဖဆပလကနေ ၂ ဖွဲ့ကွဲသွားခဲ့တဲ့ သခင်နု-သခင်တင် ဦးဆောင်တဲ့ ပထစအစိုးရကို အာ ဏာသိမ်းပြီးတက်လာတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းက ထိုစဥ်က ကမ္ဘာမှာ ရေပန်းစားနေသေးတဲ့ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးမယ် သို့ပေမယ့် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ဆိုတာကို ကိုင်စွဲခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီလို့ဆိုပေမယ့် လက်တွေ့အရတော့ ဓနရှင်တွေကိုမလိုလားသလို ဆိုရှယ်လစ် ကွန်မြူနစ်တွေကိုလည်း မလိုလားတဲ့စစ်အာဏာရှင်စနစ်အထိုင်နဲ့ ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့ပါတယ်။ အဲဒီကာလတွေမှာ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်လမ်းစဥ်နဲ့ပြောက်ကျားစစ် နယ်စပ်ဒေသတွေမှာ လွတ်မြောက်နယ်မြေဒေသတွေထူထောင်ပြီး ပြည်တွင်းစစ်က ဆက်လက် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ဝဲ လက်ယာ နိုင်ငံရေးအယူဝါဒထက် လူမျိုးစုလွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်ရရှိရေး စတဲ့ အမျိုးသားရေး အပေါ် အခြေပြုတဲ့ နိုင်ငံရေးအယူဝါဒကိုကိုင်စွဲထားကြတာ ဖြစ်ပါတယ်။ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၁၉၄၈ ပြည်တွင်းစစ်ကာလကနေ အခု လက်ရှိအချိန်ထိ အဆိုပါနိုင်ငံရေးအယူဝါဒအနေအထားအတိုင်း ကိုင်စွဲထားကြဆဲဖြစ်ပါတယ်။ အချို့သောတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကတော့ ကွန်ဖက်ဒရေးရှင်းလို့ခေါ်ဆိုတဲ့ ပိုပြီးလုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အနေ အထားကို မျှော်မှန်းကြသလို အချို့ကလည်း လက်တွေ့ကျင့်သုံးနေကြတဲ့ အနေအထားဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် မတိုင်ခင်ကာလတွေတုန်းက ပြည်တွင်းစစ်ရဲ့ အဓိကအင်အားအကြီးဆုံး ရန်ဘက် တပ်နှစ်တပ်က အစိုးရစစ်တပ်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်ပေမယ့် ၁၉၈၉ ခုနှစ် ဧပြီလ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်တို့ရဲ့ အားပြိုင်မှာ အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။ ၁၉၈၈ မှာ အာဏာသိမ်းတဲ့စစ်တပ်ဟာ သူ့အရင် ဗိုလ်နေဝင်းရဲ့ ဆိုရှယ်လစ်အမည်ခံ ဓနရှင်တွေကို နှိပ်ကွပ်တဲ့ စီးပွားရေးကနေ စျေးကွက်စီးပွားရေးစနစ်ကိုပြောင်းလဲကျင့်သုံးခဲ့ပြီး နိုင်ငံရေးအရတော့ ဗဟိုချုပ်ကိုင်မှုအားကြီးတဲ့ စစ်အာဏာ ရှင်စနစ်လို့ဆိုရမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုကာလအကြားမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ငြိမ်းချမ်းရေးညီလာခံ စတဲ့တွေ့ဆုံဆွေးနွေးမှုပေါင်းမြောက်မြားစွာလုပ်ဆောင်ခဲ့ကြသလို ပြည် နယ်အဆင့် ပြည်ထောင်စုအဆင့်သဘောတူညီမှုတွေကိုလည်း အဖွဲ့အတော်များများက သဘောတူ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ ပြန်လည် တောက်လောင်လာချိန်မှာ အဓိကအင်အားစုတွေက အမျိုးသားရေးလွတ်မြောက်ရေး ရည်မှန်းချက် နဲ့ အမျိုးသားရေးဝါဒကိုကိုင်စွဲကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်လာပါတယ်။
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီက အများအပြားပါဝင်ပြီး ဖွဲ့ စည်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လက်ရှိ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး ဗဟိုချက်မှာ ရှိပြီး နိုင်ငံရေးအယူဝါဒအားဖြင့် စျေးကွက်စီးပွားရေး စနစ်၊ လစ်ဘရယ်စံနှုန်း နဲ့ တိုင်းရင်းသား အရေးမှာ ဖက်ဒရယ်စနစ်ကို ကိုင်စွဲထားတာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသား လွတ်မြောက်ရေးရည်မှန်းချက်ကို ကိုင်စွဲကြခြင်းကပြဿနာမဟုတ်သော်လည်း အမျိုးသားရေးဝါဒကိုကိုင်စွဲကြရာမှာ ဘယ်လိုရှုထောင့်ကနေ ဘယ်လိုအတိုင်းအဆနဲ့ ခံယူကျင့်သုံးကြသလဲဆိုတာက အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်းအကြား နယ်မြေ၊ အုပ်ချုပ်ခွင့်နဲ့ နိုင်ငံရေးလွတ်လပ်ခွင့် အတိုင်းအဆမတူညီမှု၊ မယုံသင်္ကာမှု၊ လူမျိုးရေးပဋိပက္ခ စတာတွေက တဖက်မှာ စစ်အာဏာရှင်ကို ရင်ဆိုင်နေရင်း ပေါ်ပေါက်လာနိုင်တာလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေက နွေဦးတော်လှန်ရေး ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲကို နှောင့်နှေးစေ နောက်ပြန်ရောက်စေနိုင်တဲ့သော့ချက်တွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်တာ သတိပြုကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar