ကိုသန်းလွင် - အချိုရည်
ကိုသန်းလွင် - အချိုရည်
မိုးမခ ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၅
(၁)
ကမ္ဘာတဝန်း သကြားအချိုရည် ရောစပ်ထားသောဖျော်ရည်များကြောင့် လူပေါင်း ၃၄၀,ဝ၀ဝ ကျော်ကို ပုံစံ၂ ဆီးချိုရောဂါ (Type II Diabete) နှင့် နှလုံးသွေးလမ်းကြောင်းရောဂါ (Cadiovascular) များနှင့် သေစေခဲ့ ကြောင်း ယခုအပါတ် ထုတ်ဝေသော နေးချား (Nature) စာစောင်တွင် ဖေါ်ပြခဲ့သည်။ အနောက်တိုင်းမှ စား သောက်သည့်အလေ့အထသည် ကမ္ဘာကို လွှမ်းမိုးခဲ့ပြီး အဘယ်သို့ အကျိုး သက်ရောက်စေနိုင်သည်ကို ပြသ နေပါသည်။
ထိုနေးချားစာစောင်တွင် သက္ကရာဇ် ၂၀၂၀ ခုနှစ်အတွင်း ပုံစံ ၂ ဆီးချိုရောဂါသည် ၂ ဒသမ ၂ သန်းနှင့် နှလုံးသွေးပတ်လမ်းကြောင်းဆိုင်ရာ ဝေဒနာရှင် ၁ ဒသမ ၂ သန်းမျှရှိကြောင်း၊ ထိုရောဂါဖြစ်မှုများမှာ တောင်အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် အများဆုံးဖြစ်ကြောင်း ပါရှိခဲ့ပါသည်။ ထို့ပြင် ပုံစံ ၂ ဆီးချိုရောဂါဖြစ်ပွားသူများ၏ ၄၄% မှာ သူတို့တွင် ရောဂါရှိကြောင်း မသိရှိကြဟုဆိုသည်။
ထိုဒေသကြီး ၂ ခုတို့တွင် လွန်ခဲ့သောနှစ်များအတွင်းက အချိုရည်သုံးစွဲမှုမှာ အဆမတန် တိုးပွားလာခဲ့ပါသည်။ ထိုအချိန်မှာ ဆိုဒါကုမ္ပဏီများအတွက်မှာမူ မြောက်အမေရိကနှင့် ဥရောပနိုင်ငံများတွင် ရောင်းအားကျဆင်းခဲ့သဖြင့် အခြားသောဒေသများသို့ ဈေးကွက်ချဲ့ထွင်ခြင်းနှင့်လည်း တိုက်ဆိုင်နေခဲ့သည်။
(၂)
ထိုသေဆုံးရသော ၃၄၀,ဝ၀ဝ မှာ ယခင်ကပြုလုပ်ခဲ့သော သကြားပါသည့် ဖျော်ရည်များကြောင့်သေခဲ့သည့်တိုင်းထွာမှုများနှင့်စာသော် အလွန်များပြားလာခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်က Circulation ဂျာနယ်တွင်ဖော်ပြချက်အရ ၂၀၁၀ ခုနှစ်ကသေဆုံးရမှုမှာ ၁၈၄,ဝ၀ဝ သာရှိခဲ့သည်။ ထိုသကြားပါဝင်သောဖျော်ရည်များဖြစ်သည့် ကာဗွန်နိတ် ဆိုဒါ၊ စွမ်းအင်ကိုဖြစ်စေသော ဖျော်ရည် (energy drinks) နှင့်သကြားထည့်ထားသည့် သစ်သီးဖျော်ရည် စသည်တို့မှာ မှတ်တမ်းတင်ထားသော ထင်ရှားသည့် အချက်များ ဖြစ်ပါသည်။ ကိုယ်ခန္ဓာကို ကယ်လိုရီမပါသော အစာများဖြင့် ဖြည့်တင်းခြင်းဖြင့် ပို၍အာဟာရဖြစ်စေသော အစားအသောက်များအစား ဝင်၍နေရာယူကြသည်။
ဖျော်ရည်များတွင်ပါဝင်သောသကြားမှာ လူကို အဝလွန်စေပါသည်။ အသည်း၏လုပ်ငန်းများကိုနှောင့်ယှက်ပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် ပုံစံ ၂ ဆီးချိုရောဂါ သို့မဟုတ် မျက်လုံးကွယ်စေ သောရောဂါ၊ ကိုယ်အင်္ဂါကို ဖြတ်တောက်ရသော ရောဂါများနှင့် ဒုက္ခပေးသည်။
ထိုနေးချားလေ့လာမှုကိုရေးသော ဆရာဝန်ကြီး မိုဇာဖါရီယမ် (Dariush Mozaffarian) က သူတို့တွေ့ရှိ မှုက သကြားသုံးစွဲမှုကို ထိရောက်စွာ ဟန့်တားစေနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အထူးသဖြင့် ဆင်းရဲသော၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့် နိုင်ငံတို့တွင် အစားအသောက်ကြောင့် ဖြစ်ရသော ရောဂါများကို လျစ်လျူရှုထားရသည့်အတွက် ပို၍အရေးကြီးသည်ဟု ဆိုပါသည်။
လေယာဉ်ပျံပျက်ကျခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုကြောင့် ဒုက္ခရောက်ရသော ကိစ္စများတွင် အာရုံစိုက်၍ လူတို့ တုံ့ပြန်ကြသော်လည်း သကြားပါသောဖျော်ရည်သောက်ပြီး သေကျေပျက်စီးရသူများရှိကြောင်းကို သတိပြုမိမှသာ သိနိုင်ပါသည်။ ဤအဖြစ်အပျက်မှာ မမြင်ရသောကြောင့် လူတို့ သတိမပြုမိကြခြင်းဖြစ်သည်။ သူက ထိုအဖြစ်အပျက်ကြီးကို ပြောင်းလဲသွားစေချင်ပါသည်။
ဤဆာဗေး ဖြစ်ပေါ်လာရခြင်းမှာ ဂိတ်ဖောင်ဒေးရှင်း (Bill and Milanda Gate) မှ ကြီးမှူး၍ (Global Dietary database) မှ ပြုလုပ်သော တိုင်းတာမှု ဖြစ်ပါသည်။ ဤဆာဗေးက ဆင်းရဲသောနိုင်ငံများတွင် စားသုံးနေကြသော အစားအစာများစားသောက်နေကြပုံကို လေ့လာကြရန် ဖြစ်သည်။ အာဟာရဖြစ်စေသော အစားအစာများ မည်မျှစားသုံးသည်။ ယေဘုယျအားဖြင့် ထိုနိုင်ငံများတွင် ပြည်သူတို့ စားသုံးနေကြသော ပစ္စည်းများကို လေ့လာဆန်းစစ်မှုမရှိကြဘဲ ဖြစ်သလိုသာ စားသောက်နေထိုင်နေကြပါသည်။
၂၀ဝ၈ ခုနှစ်မှ စတင်ခဲ့သော ဤဒေတာပြုစုမှုသည် ပြုပြင်ထားသော အစားအသောက်များဖျော်ရည်သုံး စွဲမှုနှင့် အဝလွန်ရောဂါဆက်စပ်မှုရှိပုံတို့ကို ကမ္ဘာအဝန်း ၁၄၈ နိုင်ငံတွင် လေ့လာကြမည်ဖြစ်သည်။ သူတို့သည် လူတို့၏ အနေအထိုင်အစားအသောက်ကို လူနေမှု ထုံးစံအရလိုက်နာရမှုများနှင့် ၄င်းအစားအစာများကိုကျန်းမာရေးရှုထောင့်မှ ပိုမိုကောင်းမွန်လာအောင် ပြုစုရန်တို့ ပါဝင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ တစ်ဘီလီယံကျော် တို့ သည် အဝလွန်နေကြပြီး (Lancet) ကျန်းမာရေးစာစောင်တွင် ဖော်ပြချက်အရ ၁၉၉၀ ပြည်နှစ်က အဝလွန်သူဦးရေ မှာ ၂ ဆ ကျော်လာခဲ့ပြီဖြစ်သည်။ ကလေးသူငယ်များနှင့် လူငယ်များအတွက်မူ ၄ ဆဖြစ်သည်။
ဂျာနယ်နေးချားက ပြုလုပ်သော သုတေသနပြုချက်မှာ အကန့်အသတ် ရှိပါသည်။ ၄င်းတွင် ပါဝင်သော ဒေတာများမှာ ၁၉၉၀ နှင့် ၂၀၂၀ ပြည့်နှစ်များအတွင်းမှာသာ ဖြစ်ပြီး သူတို့ စမ်းသပ်ချက်မှာ လေ့လာရုံသက်သက်သာ ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုလိုချက်မှာ ဤစမ်းသပ်မှုက ဆိုဒါသောက်သုံးမှုနှင့် လူတို့အပေါ် ထိခိုက်မှု ကို တိုက်ရိုက်တိုင်းထွာခြင်း မရှိခဲ့ပါ။ Global Dietary database မှ တိုင်းထွာခဲ့သော နိုင်ငံ ၁၈၀ မှ လေ့လာချက် ၄၅၀ အပေါ်မှ ကောက်ချက်ဆွဲခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ စားသုံးသူများအသင်းကြီး၏ ဒါရိုက်တာဖြစ်သူ လို့မင် (Kathrine Loatman) က ၄င်းစာရင်းကောက်ယူမှုသည် ပြည့်စုံခြင်းမရှိဟု ဆိုကာ ထိုအဖြေကို မထောက်ခံခဲ့ပေ။ သူတို့၏ အစားအသောက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ကျန်းမာရေးနှင့် ပြည့်စုံသော အစားအသောက်များကိုသာ ထုတ်လုပ်ပါသည်ဟု အစားအသောက်ဆိုင်ရာ ကုမ္ပဏီများဘက်မှ ပြောဆိုခဲ့သည်။ ကောင်းမွန်သော အများပြည်သူဆိုင်ရာ ဥပဒေများကိုချမှတ်ရာတွင် သေချာရမည်ဟု သူကသတိပေးသည်။
ပေါ့ကင် (Dr. Bary Popkin) ဆိုသည့် မြောက်ကာရိုလိုင်းနားပြည်နယ် တက္ကသိုလ် အာဟာရပညာရှင် ကမူ ဤလေ့လာမှုတွင် မပါဝင်ခဲ့ဘဲ သူတို့တွေ့ရှိချက်များမှာ ယခင်က ပြုလုပ်ခဲ့သော ပြုပြင်ထားသည့် (Highly Process of Food) အစားအစာများနှင့် ပတ်သက်၍ မှန်ကန်ပါသည်ဟု ထောက်ခံ ပြောဆိုသည်။
“ဒီတွေ့ရှိချက်တွေဟာ သကြားပါတဲ့ အစားအစာတွေနဲ့ ပတ်သက်လို့ မှန်ကန်မှုရှိပါသည်" ဟု သူက ပြောသည်။ ထိုတွေ့ရှိချက်များမှာ အာဖရိကနှင့် တောင်အမေရိကတိုက်တို့တွင် ဖြစ်ပွားနေသည်များနှင့် တထပ် တည်း ကျနေပါသည်ဟု ပြောဆိုပါသည်။
ဤလေ့လာမှုမှာ လူတို့၏စားသုံးမှုပုံစံကို သေချာပေါ်ပေါက်စေသည်။ ဥပမာ- ယောကျ်ားများမှာ မိန်းကလေးများထက် သကြားပါသောဖျော်ရည်ကိုသောက်သုံးရာတွင် အရေအတွက် များပြားပါသည်။ တောင်ပိုင်းအာဖရိက၊ အာရှတောင်ပိုင်းနှင့် တောင်အမေရိကမှ ပညာတတ်လူတန်းစားတို့သည် အချို ရည်သုံးဆောင်မှုတွင် ပို၍ များပြားသည်။
နေးချားမှ သုတေသနကိုပြုစုသောသူများအဖွဲ့က တောင်အာဖရိကနိုင်ငံများတွင် အချိုရည်သောက်သုံးသူ များပြားသည်ဆိုခြင်းမှာ အနောက်နိုင်ငံများမှာသုံးစွဲသောအချိုရည်ကို ကြိုက်နှစ်သက်သည့် ဓလေ့ကိုလိုက်ခြင်းဖြစ်ပြီး ကြီးမားသောကုမ္ပဏီများမှ ကြော်ငြာအားကောင်းခြင်း၊ ကြော်ငြာများကို နေရာအနှံ့ရောက်အောင် ထားနိုင်ကြခြင်းကြောင့် ဖြစ်သည်ဟု ပြောပါသည်။
အချို့နေရာများတွင် သောက်သုံးသောအချိုရည်ကို လူဝင်ဆံ့မှုလက္ခဏာတစ်ရပ်အနေဖြင့် သုံးကြ သည်ဟုလည်း ပြောပါသည်။ သို့သော် နေးချားတွင် ပါဝင်သော လေ့လာမှုက အကျိုးသက်ရောက်မှု အချို့ကို မြင်နေရ သည်။ လက်တင်အမေရိကနှင့် ကရေဗီယံပင်လယ်ကွေ့ နိုင်ငံများတွင် ဆိုဒါသုံးစွဲမှုမှာလျော့ကျနေပြီဖြစ်သည်။ ထိုနေရာများတွင် ဆိုဒါအကောက်ခွန်နှင့် ရောင်းချရာတွင်အကန့်အသတ်ရှိခြင်း၊ အထုပ်အပိုးများကို အမည်ကပ်ရာတွင် ရေးရသော စာများပါဝင်သည်။ ထိုစာများတွင် အချို ရည်ပါသော အစားအစာများ၏ အန္တရာယ်နှင့် အကျိုးသက်ရောက်မှုများကို ဖော်ပြရသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ သကြားပါသော အချိုရည်များ၏ သုံးစွဲမှု မှာ သက္ကရာဇ် ၂၀ဝ၀ တွင် အမြင့်ဆုံးသို့ ရောက်ခဲ့ပြီး ယခုအခါ လျော့ကျနေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လျော့ကျမှုမှာ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
(၃)
ယခုအခါ နိုင်ငံ ၈၀ ကျော်တို့တွင် သကြားပါသော အချိုရည်များ သောက်သုံးခြင်းကို လျှော့ကျစေသော လုပ်ဆောင်မှုများကို တွေ့နေရသည်။
ဘရာဇီးနိုင်ငံမှ ကျန်းမာရေးအရာရှိ ပေါ်လာ ဂျွန် (Paula John) ကမူ နေးချားလေ့လာမှုများနှင့် မလုံ လောက်သည့်အကြောင်း ပြောသည်။ လူအများက ကြိုက်နှစ်သက်၍ သုံးဆောင်နေခြင်းသည် ပညာပေးရုံဖြင့် ပျောက်ကွယ်မသွားနိုင်ပါ။ ဘရာဇီးနိုင်ငံတွင် မကြာခင်က သကြားအချိုရည် တိုက်ဖျက်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။ ကျောင်းမှာကျွေးသော အစားအသောက် ပရိုဂရမ်၊ သတင်းစာ မျက်နှာဖုံးများတွင်ပါဝင်သော ကြော်ငြာစာများနှင့် အစားအသောက်များတွင် သကြားရောပေါင်းခြင်းအပေါ် အကောက်ခွန်ကောက်ခြင်းများ ပါဝင်သည်။
ရှုပ်ထွေးသောပြဿနာကြီးအတွက် ရှင်းလင်း၍ အချက်အချာကျသောအဖြေမရှိပါ။ ထိုအရာအားလုံးပေါင်းလိုက်လျှင်တော့ သကြားအချိုရည်သည် သင့်ကျန်းမာရေးအတွက် မကောင်းကြောင်း သိသာနေပေပြီ။
Ref: Sugary Drinks link to Diabete and heart ailment. By Andrew Jacobs, NY Times 2025 Jan 8.
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar