Breaking News

စစ်အုပ်ချုပ်မှုနဲ့ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်မှု

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၂ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၅

စစ်အုပ်ချုပ်မှုနဲ့ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်မှု

မြောက်ကမ္ဘာခြမ်းမှာ ရှိတဲ့ နိုင်ငံတွေအဖို့ နွေရာသီဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အပူပိုင်းမုန်တိုင်းတွေက ခုနှစ်ပိုင်းတွေမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကြောင့် ပိုပြီး အင်အားပြင်းထန်လာသလို မိုးသည်းထန်စွာရွာသွန်းတဲ့ ဖြစ်စဥ်တွေလည်း အကြိမ်ရေများပြားလာခဲ့တာ တွေ့ရပါလိမ့်မယ်။ နှစ်စဥ်နှစ်တိုင်း အပူချိန် အမြင့်ဆုံးလတွေ ဖြစ်တဲ့ ဇူလိုင်၊ သြဂုတ် နဲ့ စက်တင်ဘာလတွေအထိ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားလေ့ရှိတဲ့ မုန်တိုင်းတွေက ပိုမိုအင်အား ပြင်းထန်လာနေတာ ဖြစ်ပါတယ်။ 

ယမန်နှစ် စက်တင်ဘာလမှာ ဖြစ်ပွားတဲ့ Yagi မုန်တိုင်းကြောင့် အရှေ့အာရှ နိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်း နဲ့ မြန်မာနိုင်ငံတွေမှာ ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် တို့မှာ ရုတ်တရက် တောင်ရေကျတာ၊ ရေကြီးတာ၊ နေအိမ်နဲ့ ကျေးရွာတွေ နွံ့တွေဖုံးလွှမ်းခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ရမည်းသင်း၊ တပ်ကုန်း၊ တောင်ငူ၊ နေပြည်တော်၊ ကလော၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အင်းလေး အစရှိတဲ့ နယ်မြေအားဖြင့် ကျယ်ပြန့်စွာ ရေကြီး မြေပြိုမှု နွံတွေ ဖုံးလွှမ်းခံရတဲ့ ဘေးအန္တရာယ်တွေ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

အဆိုပါ တိုင်းဖွန်းမုန်တိုင်း ဝင်ရောက်လာရာ နိုင်ငံတွေ ဖြစ်တဲ့ ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ လာအို နဲ့ ထိုင်းနိုင်ငံတွေမှာ လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့် သေဆုံးမှု အများဆုံးက ကုန်းတွင်းဝင်ရောက်လို့ တဖြည်းဖြည်း အားပျော့လာတဲ့ မုန်တိုင်းရဲ့ သက်ရောက်မှုကို နောက်ဆုံးခံရတဲ့ မြန်မာနိုင်ငံ ဖြစ်နေပါတယ်။ ပင်လယ်ပြင်ကနေ ကုန်းတွင်းကို မုန်တိုင်းစတင်ဝင်ရောက်တာ ခံရတဲ့ ဗီယက်နမ်နိုင်ငံမှာ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၃၂၀ ကျော်ရှိချိန်မှာ မုန်တိုင်းအားပျော့ပြီး မိုးသည်းထန်တဲ့ ဒဏ်ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံက သေဆုံးသူ ၄၃၀ ကျော် ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့လို မုန်တိုင်းရဲ့ အရှိန်အပြင်းထန်ဆုံး အချိန် ဝင်ရောက်တာကို ခံစားရတဲ့ နိုင်ငံတွေမှာ အသက်ဆုံးရှုံးမှုက မြန်မာနိုင်ငံထက် လျော့နည်းရခြင်း အကြောင်းရင်းက ဘာလဲလို့ ဆန်းစစ်ကြည့်မယ်ဆိုရင် လုံလောက်တဲ့ ကြိုတင် သတိပေးမှု၊ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ဒေသတွေက ကြိုတင်တိမ်းရှောင်ဖို့ အစီအမံ၊ ညွှန်ကြားမှု နဲ့ အကူအညီတွေကို အုပ်ချုပ်သူ အစိုးရတွေက အစွမ်းကုန် လုပ်ဆောင်ခဲ့ကြတဲ့ အချက်က သေဆုံးမှု လျော့နည်းခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံ က ဘာကြောင့် အဲဒါတွေ မလုပ်နိုင်တာလဲလို့ မေးရင် စွမ်းဆောင်ရည် မရှိတဲ့ အစိုးရ၊ အုပ်ချုပ်သူ၊ စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကူညီရေးထက် စစ်ပွဲတွေ အနိုင်ရရှိရေးကသာ ပထမဦးစားပေး ဖြစ်နေတာ၊ အန္တရာယ် ကျရောက်လာချိန်မှာလည်း မြန်ဆန်စွာ ကူညီ ကယ်ဆယ် နိုင်တဲ့ လူအင်အား၊ ငွေအင်အား၊ ယန္တရားတွေ ရှိမနေခြင်းက Yagi တိုင်းဖွန်းမုန်တိုင်း ဒဏ်ကို ခံစားရတဲ့ နိုင်ငံ ၆ နိုင်ငံမှာ အသေအပျောက် အများဆုံးနိုင်ငံဖြစ်ရခြင်း အကြောင်း ဖြစ်ပါလိမ့်မယ်။ 

ယမန်နှစ် စက်တင်ဘာလလိုပဲ ယခုနှစ် စက်တင်ဘာ လလယ်ကျော်ကာလမှာ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားတဲ့ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာမှာအင်အားအပြင်းထန်ဆုံး မုန်တိုင်း “ရာဂါဆာ”က ဖိလစ်ပိုင် နိုင်ငံအထက်ပိုင်း ပင်လယ်ကို ဖြတ်ကျော်ကာ အနောက်ဘက်ကို ဦးတည်လာနေပြီဖြစ်ပါတယ်။ 

မုန်တိုင်း လမ်းကြောင်းက ယမန်နှစ်က လမ်းကြောင်းထက် တောင်ဘက်ကို အနည်းငယ် နိမ့်ကျပြီး ရွေ့လျားလာမှာ ဖြစ်ကာ မုန်တိုင်းရဲ့ အချင်းက မိုင် ၇၃၀ ကျော် ရှိပြီး ယမန်နှစ် Yagi မုန်တိုင်းထက် ပိုပြီးကျယ်ပြန့်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ လာမယ့်နာရီပိုင်း၊ ရက်ပိုင်း အတွင်း ဗီယက်နမ်၊ တရုတ်နိုင်ငံတောင်ဘက်၊ လာအို နိုင်ငံတို့ဆီ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ 

လူမှုကွန်ရက် မီဒီယာတွေနဲ့ သမရိုးကျ သတင်းမီဒီယာ ပလက်ဖောင်းတွေမှာ မုန်တိုင်း သတင်းနဲ့ ပတ်သက်လို့ သတိပေးကြေညာချက်တွေ ထွက်ပေါ်နေသည့်တိုင် မြန်မာနိုင်ငံအတွင်းက မုန်တိုင်း ကုန်းတွင်း ဝင်ရောက်လာပြီးနောက် မုန်တိုင်းအကြွင်းအကျန်တွေ့ရဲ့ သက်ရောက်မှုတွေ အတွက် ကြိုတင်ပြင်ဆင်တာ၊ နေရာရွှေ့ပြောင်းဖို့ သတိပေးနှိုးဆော်တာတွေ မတွေ့ရသေးပါဘူး။ မိုးလေဝသ ဌာနရဲ့ ယေဘုယျ ဆန်ဆန် မြေပြိုမှု၊ ရေကြီးမှုတွေ သတိပြုကြဖို့ ဆိုတဲ့ သတိပေးနှိုးဆော်ချက်မျိုး ထုတ်ပြန်ပေမယ်လို့ သက်ဆိုင်ရာ ဒေသအလိုက် အုပ်ချုပ်သူတွေ တာဝန်ရှိသူတွေက သတိပေးနှိုးဆော်ပြီး ရွှေ့ပြောင်းဖို့ လိုအပ်တဲ့ နေရာဒေသတွေကနေ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်တာ၊ နှိုးဆော်တာ ရွှေ့ပြောင်းရာမှာလိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးမှုတွေ ကြိုတင်ပြင်ဆင်မှုတွေ ဘာတခုမျှ မတွေ့ကြရသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီနှစ် ဝင်လာမယ့် ရာဂါဆာ မုန်တိုင်းက မနှစ်က ယာဂီမုန်တိုင်းဝင်ရောက်တဲ့ လမ်းကြောင်းထက်ကို တောင်ဘက်ကျတာကြောင့် ရှမ်းအရှေ့ တို့လိုဒေသတွေအပြင် ကရင်နီ၊ ကရင်၊ မွန်ပြည်နယ်တို့လို ဒေသတွေမှာ ပိုပြီးမိုးများမယ့် အနေအထားဖြစ်နိုင်ပါတယ်။ 

ယမန်နှစ်က မုန်တိုင်းလမ်းကြောင်းပေါ်က လူသေပျောက်မှု အများအပြားဖြစ်ပွားခဲ့တဲ့ ရမည်းသင်း၊ တပ်ကုန်း၊ ကလော စတဲ့ ဒေသတွေဟာ အာဏာသိမ်းစစ်တပ်က ရာနှုန်းပြည့် ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။ သို့ပေမယ်လို့ အဲဒီဒေသတွေကို ကြိုတင် သတိပေးမှု၊ အန္တရာကျရောက်နိုင်တဲ့ နေရာဒေသတွေကနေ ယာယီ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မြေပြိုမှု၊ ရေကြီးမှု အန္တရာယ်ကျရောက်ပြီးနောက်မှာလည်း မြန်ဆန်စွာ ကယ်ဆယ်ကူညီရေးတွေ လုပ်ဆောင်နိုင်ခြင်း မရှိတာတွေ့ခဲ့ရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးတွေထက် နိုင်ငံရဲ့ အာဏာ လက်လွတ်ဆုံးရှုံးမှာ၊ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ် စစ်မျက်နှာတွေမှာ ဆုံးရှုံးမယ့် အရေးကို ပိုမိုအလေးထား ခဲ့တာ ဖြစ်ပါတယ်။ 

ယခုနှစ်မှာလည်း ယမန်နှစ်က မုန်တိုင်း ယာဂီထက်ပိုမိုအားကောင်းတဲ့ တောင်တရုတ်ပင်လယ်က မုန်တိုင်းက ယမန်နှစ်က လမ်းကြောင်းနဲ့ အနည်းငယ် တောင်ဘက်ကျကျကနေ ရောက်ရှိလာတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ၊ စစ်မှုထမ်းစုဆောင်းမှု၊ စစ်ရေးအရ ခုခံတိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေကို အနိုင်ရရှိရေး စတဲ့ အရေးတွေကိုသာ အာရုံစိုက်နေတဲ့ စစ်ကော်မရှင်အဖို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နိုင်ခြေ မရှိတဲ့ အနေအထား မြင်တွေ့နေရသလို သဘာဝဘေးအန္တရာယ်ကနေ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့အရေးမှာ မတူညီတဲ့ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေ တခုနဲ့ တခု ဖြတ်ကျော်ကူးသန်းဖို့ အတွက် လုံခြုံရေး စစ်ဆေးမှု ကန့်သတ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ကျရောက်လာမယ့် သဘာဝ ဘေးအန္တရာယ်ကို ပြည်တွင်းစစ်ပွဲကြားထဲ ရောက်နေတဲ့ ပြည်သူလူထု အနေနဲ့ ကူရာမယ့် ကယ်ရာမယ့် ဘဝ အနေအထားနဲ့ ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar