Breaking News

လေခဏီ - ဗုဒ္ဓံ သရဏံကို DJ နဲ့ ဂစ္ဆာမိလို့ မရဘူးလား

လေခဏီ - ဗုဒ္ဓံ သရဏံကို DJ နဲ့ ဂစ္ဆာမိလို့ မရဘူးလား

မိုးမခ ၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၅


ဒီရက်ပိုင်း ဗုဒ္ဓံ သရဏံကို DJ နဲ့ ဂစ္ဆာမိလိုက်တာကစပြီး ပရိတ်ရွတ်သင့် မရွတ်သင့်၊ အမျိုးသမီးတယောက် ထီးဖြူဆောင်းသင့် မဆောင်းသင့်၊ ပလ္လင်ပေါ် ထိုင်သင့် မထိုင်သင့်ထိ စစ်အုပ်စုဟာ ဖမ်းစရာမလိုတဲ့ဟာတွေကို ဖမ်းဆီးထောင်သွင်းပြီး မဘသတွေအကြိုက် လိုက်လုပ်ပေးလာတယ်။ 

စစ်အခြေအနေအရ မြို့ပေါ်မဘသတွေဟာ မလှုပ်သာမလှဲ့သာဖြစ်နေတာကြာပြီလေ။ သူတို့အညောင်း အညာဖြေဖို့ စစ်အုပ်စုက မာဆပ်ဝင်ပေးတာပေါ့။ ပြီးရင် တနေရာမှာ ပြန်အသုံးချမှာပေါ့။ ရခိုင်ဘက်မှာ ရိုဟင်ဂျာတွေကို တပ်ထဲမှာ ဗိုလ်မှူးကြီးအဆင့်ထိ ရာထူးပေးထားတာတွေနဲ့ပတ်သက်ပြီး မဘသ တွေ ပြောစရာဖြစ်လာတော့ လေလည်ပေးတဲ့သဘောလဲပါတာပေါ့။ ကိုယ်တော်တွေကရုဏာနဲ့ အမျိုးသမီးငယ်တွေ အမျိုးသမီးကြီးတွေကတော့ စစ်ထောင်ငရဲခန်း ဖြစ်သန်းရတော့မှာပေါ့။

တကယ်တော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဆိုတာ လွန်ခဲ့တဲ့နှစ် သုံးဆယ်ကျော် စစ်အုပ်စုခေတ်ကတည်းကပေါ်လာတဲ့သီချင်းလေ။ သီချင်းတပုဒ်ကို သူ့ခေတ်သူ့အခါ ပေါ်လာတဲ့တူရိယာ၊ နယ်မှာဆို အော်ဂင်လေးနဲ့၊ အလှူခံဗုံနဲ့ လင်းကွင်းနဲ့ မောင်းနဲ့ ဆိုင်းနဲ့ တီးနေ ကနေ ခုန်နေကြပါဘဲလေ၊ မထူးဆန်းပါဘူး။ ဘုရားပွဲကြီးတွေလဲ ဘာသီချင်းမဆို တီးကြမှုတ်ကြ ကကြ အော်ကြဟစ်ကြမြဲပါဘဲ။ အားပေးကြည့်ရှု နားသောတပန်ဆင်တဲ့အထဲမှာ ဘုန်းတော်ကြီးတွေလဲ ထိပ်ဆုံးကပါဘဲ။ ဘာလို့ဆို ပွဲဆိုတာ ပုံမှန်အားဖြင့် ဘာသာရေးကိုအခြေခံတာမို့ ကျောင်းကန်ဘုရားမှာပဲ လုပ်ကြတာ မဟုတ်လား။ ပွဲငှားလည်း ဘုန်းကြီး၊ ပွဲအုပ်လည်း ဘုန်းကြီးပဲလေ။ ကျောင်းကန်ဘုရားမှာ ဘုန်းကြီးတွေကိုယ်တိုင်စီစဉ် ချစ်ကြိုက်ကွဲညား သီချင်းတွေဆိုတာ ငိုတာ ရေးသားကြတာ လက်ခံရင် ဘားမှာ လူငယ်တွေ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိတာ ပိုပြီးလက်ခံဖွယ်ကောင်းတဲ့ဟာ မဟုတ်လား။ ဘာသာစုံ လူငယ်တွေဆီကို ဗုဒ္ဓံ ဓမ္မံ သံဃံ အသံပို့တာရော ကောင်းမှုကုသိုလ်ပဲ မဟုတ်ဘူးလား။ ဒါကို ပေါက်ပေါက်ဖောက်လို့ ဖမ်းပြလိုက်တာဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ နိုင်ငံရေး အသိဉာဏ်နဲ့ အဆင်ခြင်မဲ့မှု အကျည်းတန်စေမှု စိတ်သဘောကျဉ်းမြောင်းမှု တရားမဲ့မှုကို ထုတ်ပြလိုက်ရတာအဖတ်တင်တာပါဘဲ။ စစ်အုပ်စုအဖို့တော့ တချက်ခုတ်သုံးချက်ပြတ်တာပေါ့။ တပ်မူလရည်ရွယ်ရင်း ဘုန်းကြီးတွေရဲ့မြန်မာ့လူ့အဖွဲ့အစည်းအပေါ်ရှိနေတဲ့ဩဇာကို လျော့ချရေးစီမံချက်ရယ်၊ မတော်မရော်ပူဇော်ခံချင်တဲ့မဘသတွေကို အသုံးချချင်တာရယ်၊ ရိုးအတဲ့ဆတော်ကြီး‌တချို့နဲ့ လူများစုဗုဒ္ဓဘာသာပြည်သူတွေက စစ်တပ်ဟာ သာသနာကိုစောင့်ရှောက်တယ်လို့ အထင်ခံချင်တာရယ်သုံးချက်ဟာ တချက်ထဲခုတ်တာနဲ့ ပြတ်သွားတယ်လေ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဓားစာခံတွေလို့ အထင်ရောက်စေချင်သူတွေရဲ့အကွက်လဲ ဆိုက်သွားသေးတာပေါ့။ 

ကိုယ့်ကျေးလက်က ကိုယ့်မျိုးကိုယ်ဆွေ သက်ရှိတွေကို ဘယ်လောက်သတ်သတ်၊ ကျောင်းကန်ဘုရယးတွေဘယ်လောက်ဖြိုဖျက်ဖျက်၊ တော်တော်ကြီးတဲ့ကျောက်တုံးတတုံးကို ဘုရားပုံတော် ထုပြလိုက်တာနဲ့ သာသနာ့ဒါယကာကြီးလို့ အင်မတန်စာတတ်တဲ့ဆတော်ကြီးတွေ အထင်ရောက် အမြင်ပေါက်သွားကြတာတွေက သက်သေပါဘဲလေ။ တချို့‌ဆတော်တွေကတော့ ကိုယ့်ကျိုးစီးပွားအတွက်ပါ။

ဆတော်တပါးက ပရိတ်ဟာ မရွတ်သင့်ဘူး၊ ပွားများဆင်ခြင်ရမယ့်ဟာလို့ဟောတယ်၊ အဲဒါကို အမိန့်ထုတ်ဆင့်ခေါ် လူပေါ်လူဇော်လုပ်ဖို့လိုသလား၊ ဘုန်းကြီးများ သင်္ကန်းဝတ်ပါပြီဆိုကထဲက အမြဲမပြတ်ဆင်ခြင်ရမယ့်ဟာဆိုပြီး ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးသုံးရင် ဉာဏ်နဲ့ဆင်ခြင်ရမယ့်ဟာ၊ ရွတ်ရမယ့်ဟာ မဟုတ်တဲ့ဟာဆိုပြီး ချမှတ်ထားတာရှိတယ်။ အဲဒါတောင်ဉာဏ်နဲ့ ဆင်ခြင်ရမယ့်ဆိုရင် ပရိတ် ပဌာန်း ဂုဏ်တော်တွေလဲ ဉာဏ်နဲ့ပူဇော်မှ ပုံပေါ်မှာမဟုတ်လား။ ရွတ်ရွတ် မရွတ်ရွတ်ထားပါ၊ ဒါတွေက တဦးချင်း လက်ခံကျင့်သုံးယုံကြည်မှုအပေါ်ဘဲ မူတည်ပါတယ်။ ဘာသာတရားတိုင်းက အရွတ်အဖတ်သန်ကြတာချည်းပါဘဲ။ ဘာသာတရားကိုယ်၌က လူနဲ့အသိဉာဏ်အရွယ်ရောက်လာရင် တဦးချင်းကိစ္စပါ။ အဲဒါတွေကို ငါပြောတာမှမှန်တယ်၊ ငါလုပ်သလိုတော့မလုပ်နဲ့၊ ငါနေသလိုတော့ မနေနဲ့ဆိုတာတွေဟာ ဘုန်းကြီးတွင်ကျယ်လုပ်တာသက်သက်ပါဘဲ။ 

ပလ္လင်ဆိုတာ နေရာပါပဲ။ ဓမ္မာသန ဆိုတာ တရားဟောပုဂ္ဂိုလ်ရဲ့နေရာ။ တရားပလ္လင်၊ ဓမ္မာသနပလ္လင်ပေါ့။ အဲဒီပလ္လင်မှာ တရားဟောသူဆို ထိုင်လို့ရတာပေါ့။ ကျား မ ဘုန်းကြီး မယ်သီလ ပြဿနာမရှိပါဘူး။ ဘာသာတိုင်းလဲ ပလ္လင်ကိုယ်စီနဲ့ပါပဲ။ ဂေါ့ဖားသားလဲ ပလ္လင်နဲ့ပါပဲ။ ကျားဖြန့်တွေလဲ ပလ္လင်နဲ့ပါပဲ။ မူးယစ်ရာဇာတွေလဲ ပလ္လင်နဲ့ပါပဲ။ လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဓမ္မကထိကကိုရင်လေးကြည့်ပေါ့။ သူလဲ ထီးဖြူဆောင်း ပလ္လင်ပေါ် ထိုင်တယ်လေ။ အသက်အရွယ်ကြီးမားတဲ့ဒကာမကြီးတဦး။ တရားဟောတယ်။ ပလ္လင်ပေါ် ထိုင်တယ်။ ဘယ်နေရာမှာ အပြစ်ရှိသွားတာလဲ။ မိန်းမနဲ့ နေတဲ့ဘုန်းကြီးလဲ တရားဟောချိန် ပလ္လင်ပေါ် တက်တာဘဲလေ၊ မိန်းမတယောက် ပလ္လင်ပေါ်တက်တာ ဘာဆန်းနေလို့လဲ။ သေနတ်ကိုင် ပစ်သတ်တာလဲ မဟုတ်။ သေနတ်ကိုင်သူကို ပစ်မိန့်ပေးတာလဲ မဟုတ်။ လူတွေလဲ သေမသွား။ ဗုဒ္ဓတရားကို ဘုန်းကြီးများ ကျက်မှတ်ပြီး ပြန်ဟောသလို သူလဲ ဟောတာဘဲလေ၊ သေးထွက်တဲ့ပစ္စည်းနှစ်ခု ပုံသဏ္ဌာန်မတူတာနဲ့ အပြစ်ရှိတယ်သတ်မှတ်လို့ ရလား။ တရားဟောတယ်၊ အနည်းဆုံးတော့ ပါဏာတိပါတာ ဝေရာမဏိ ပါမယ်။ အဒိန္နာဒါနာ ဝေရာမဏိ ပါမယ်။ မုသာဝါဒါ ဝေရာမဏိပါမယ်။ လောဘ ဒေါသလျှော့ဖို့ ပါမယ်။ တယောက် လိုက်နာရင်ကို အနည်းဆုံး သူ့မိသားစု အကျိုးရှိမယ်။ အဲဒါ လူ့အဖွဲ့အစည်းက ဘာတွေ နစ်နာသွားလဲ။ အဲဒါကို ဘုန်းကြီးကြီးတွေက သွားဖမ်းကြတယ်။ အိန္ဒိယဘက်က လူတွေကို ဟောထားတဲ့ ဗုဒ္ဓတရားတွေက မြန်မာပြည်က ဘုန်းကြီးတွေ မူပိုင်လား။

သီလရှင် ဆရာလေးတွေ တိပိဋကသုံးပုံဆောင် မဖြစ်တာလဲ အမျိုးသမီးကို ထီးဖြူဆောင်း ပလ္လင်ပေါ် တင်ပေးရမှာလား ဆိုတဲ့ စာမေးပွဲကျင်းပတဲ့အသင်း လူကြီးတယောက်ရဲ့ သဘောထားကြောင့်ပါဘဲ။ ကနေ့ထိ ဒီအမှားဟာ အမျိုးသမီး သို့မဟုတ် သီလရှင် ဓမ္မဘဏ္ဍာဂါရိကတွေ မပေါ်ခြင်းအကြောင်းတရားပဲလေ။ သူတို့လဲ လုပ်နိုင်တယ်။ လုပ်ခွင့်မပေးကြဘူး။ ဒါဟာ အင်မတန် ဖင်ခေါင်းကျယ် အောက်တန်းစား အတွေးအခေါ်တွေပါ။ ကနေ့ လူ့အဖွဲ့အစည်းမှာ မရှိသင့်တော့တဲ့ အောက်ကလိအာတွေပါဘဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar