Breaking News

လေးလေး - တခါက အမှတ်ရစရာတွေ

လေးလေး - တခါက အမှတ်ရစရာတွေ

မိုးမခ ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၅


စာဖတ်တယ်ဆိုတာ ခရီးသွားခြင်းတမျိုးပါပဲလို့ ဆရာတယောက် ရေးတာ ဖတ်ဖူးတယ်၊ ဆိုကြပါစို့။ မြသန်းတင့် မြန်မာပြန်ထားတဲ့ “ဧရာဝတီသို့အပြန်” စာအုပ်ဖတ်တယ်ဆို မြန်မာပြည်မြောက်ဖျား၊ တြိဂံဒေသကို ကိုယ်ပါ ရောက်သွားပြီး၊ သစ်ခွမျိုးတွေ လိုက်ရှာမိတော့တာပေါ့။

တခါ ရုပ်ပုံလွှာအဖွဲ့တွေ ဖတ်ရတဲ့အခါမျိုးကျ ကိုယ် မကြုံလိုက်ရတဲ့ ခေတ်ကာလတခုကို ပြန်မြင်ရပြီး၊ အချိန် ခရီးသွားတယောက် ဖြစ်ရပြန်တယ်။ ဒီထဲမှာမှ လူတွေအကြောင်း ပါလာတော့ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာတာပေါ့။

ဒီထက်ပိုတာတခုက ကိုယ် ဖြတ်သန်းဖူးတဲ့ နယ်ပယ်တခုအကြောင်းများ ဖတ်တဲ့ စာထဲ တစွန်းတစ ပါလာရင် ‌ဪ-သူတို့ခေတ်က ဒီလိုတွေ ဖြတ်သန်းရတာပါကလား ဆိုတဲ့ အသိအမြင်တိုးရပြန်တယ်။

ကိုယ်တိုင် လုပ်ခဲ့ကိုင်ခဲ့တာတွေကို တရေးရေး ပြန်မြင်မိပြန်တော့ လွမ်းစရာ့အတိတ်ဆီ ခရီးနှင်ရပြန်တယ်။ စာဖတ်ခြင်းရဲ့ အရသာ။

ပြောလိုရင်းဆီ ဆက်ရရင် ရုပ်ပုံလွှာစာတအုပ် ဖတ်အပြီး အချိန်ခရီးသွားဖြစ်ခဲ့တဲ့ အကြောင်းပါ။ စာအုပ်ဆိုင်မှာ စာအုပ် မထူမပါးလေးတွေကို ခေါင်းစဉ်ကြည့်၊ စာရေးသူတွေ ကြည့်ပြီး ဝယ်ဖြစ်ခဲ့တဲ့ထဲ “အထင်ကရပုဂ္ဂိုလ်များ၏ ဘဝရုပ်ပုံလွှာများ”ဆိုတဲ့ စာအုပ် ပါလာတယ်။

 စာအုပ်ထုတ်တဲ့ ဆန်းစသော်တာ စာတည်းအဖွဲ့က သူတို့ရုပ်ပုံလွှာတွေဟာ စာရေးဆရာ တဦးတည်းက လူပုဂ္ဂိုလ် တဦးတည်း၏ အကြောင်း ရေးဖွဲ့ထားတာတွေကိုသာ သီးသန့်စုစည်းထားတာပါလို့ အမှာစကားဆိုတယ်။

 စာမြည်းရင်း မြည်းရင်း မင်းယုဝေ ရေးတဲ့ ဆရာဇေယျဆောင်းပါးကို အစအဆုံး ဖတ်ဖြစ်သွားပါတယ်။ ဆရာဇေယျရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရင်း ဇေယျအမှတ်တရတွေ ရေးထားတာပါ။ စာရေးဆရာလုပ်ဖို့ ကြိုးစားနေတဲ့ မင်းယုဝေ နဲ့ စာရေးဆရာကြီး ဇေယျတို့ အပြင်မှာ တွေ့ကြတော့ ဇေယျက ပြန်ကြားရေးဌာနမှာ ညွှန်ကြားရေးဝန်၊ မင်းယုဝေက ဘွဲ့ရပြီးခါစ၊ ပြန်ကြားရေးမှာ ဘာသာပြန်အလုပ်လုပ်နေသူ။

ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ပြန်ကြားရေးရုံးခန်းတခုမှာ မင်းယုဝေက မြန်မာ့အသံအတွက် နိုင်ငံခြားသတင်းတွေ ဘာသာပြန်ပေးရတဲ့ အလုပ်ကို လုပ်တယ်၊ သူ့အလုပ်က ညနေ ၅ နာရီ၊ ၆ နာရီလောက်ကျမှ သတင်းအယ်ဒီတာ ချပေးတဲ့ အင်္ဂလိပ်သတင်းတွေကို မြန်မာလို ဘာသာပြန်ပေး၊ ပြီးရင် ကတ်ပြားဘူးကြီးထဲ ထည့်ပြီး ရုံးအောက်မှာ စောင့်နေတဲ့ ဆိုင်ကယ်စာပို့သမားကို ပစ်ချပေး၊  ဆိုင်ကယ်သမားက သူ ပစ်ချပေးတဲ့ဘူးထဲပါတဲ့ဘာသာပြန်သတင်းတွေကို ပြည်လမ်းမြန်မာ့အသံကို ယူဆောင်ပေး၊ ဆိုတော့ သူ့အလုပ်ချိန်က နေ့လယ် ၁ နာရီကနေ ည ၈ နာရီအထိ၊ ရုံးခန်းထဲမှာ သူရယ်၊ သတင်းအယ်ဒီတာရယ်ပဲ ရှိ။

ပြန်ကြားရေးဝန် ဆရာဇေယျက ရုံးဆင်းချိန်ဆို သူတို့ရုံးခန်းရှိရာ လာလာပြီး စကားစမြည်ပြောလေ့ ရှိတယ်။ မင်းယုဝေက စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့ကို ခင်မင်ပြီး စာအကြောင်းပေအကြောင်း ပြောပြ၊ စာပေလောက အတွေ့အကြုံတွေ ပြောပြပြီး နည်းပေးလမ်းပြ လုပ်တယ်လို့ ရေးပါတယ်။ 

“ကျနော်က စာရေးဆရာပေါက်စကလေး ဖြစ်သဖြင့် ကျနော့်ကို ခင်မင်ပုံရသည်၊ စာအကြောင်း ပေအကြောင်း ပြောပြသည်၊ စာရေးဆရာလောက အတွေ့အကြုံကို ပြောပြသည်။ နည်းပေးလမ်းပြ ပြုသည်။ အားပေးသည်။ ထူးခြားသည်ကား ကျနော့်ကို သူ့လက်အောက်ငယ်သား ဟူ၍ လုံးဝသဘောမထား၊ တူသားအရင်းပမာ သဘောထားသည်။” 

မင်းယုဝေက အမှတ်အသားကောင်းတော့ သူ ပြန်ကြားရေးမှာ ဘာသာပြန်လုပ်ခဲ့တာ ၁၉၅၁ ခုနှစ်ကလို့ ထည့်ရေးထားတာ ဖတ်ရတယ်၊ မြန်မာ့အသံက ဖတ်မယ့် နိုင်ငံတကာသတင်းကို ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ပြန်ကြားရေးဌာနရုံးခန်းကနေ ဆိုင်ကယ်နဲ့ပို့ပေးရတယ်လို့လည်း ပါတယ်။ 

ကျနော် ပြောတဲ့ အချိန်ခရီးသွားကိစ္စ ပါလာပြီ။ ကျနော် မြန်မာ့အသံ ရောက်ပြီး၊ ရေဒီယိုသတင်း ဖတ်ခဲ့တဲ့ ၁၉၉၀ ကျော်ကာလမှာ နိုင်ငံတကာသတင်းတွေက သတင်းနဲ့စာနယ်ဇင်းလက်အောက်မှာရှိတဲ့ သတင်းစဉ်က လာတယ်။ သိမ်ဖြူလမ်းမှာရှိတဲ့ သတင်းစဉ်ဌာနခွဲမှာ ပြည်တွင်းသတင်းစဉ်နဲ့ နိုင်ငံခြားသတင်းစဉ် ဆိုပြီး ရှိတယ်။

နိုင်ငံခြားသတင်းစဉ်က စုစည်းပေးထားတဲ့ နိုင်ငံတကာသတင်းစက္ကူ အစည်းထုပ်လေးတွေက ညနေ ၄-၅ နာရီလောက်ဆို မြန်မာ့အသံ ရောက်ပြီ။ မြန်မာ့အသံ သတင်းခန်းမှာရှိတဲ့တ ဘာသာပြန်ဝန်ထမ်းက သတင်းစဉ်က ပို့လာတဲ့ သတင်းတွေထဲက သင့်တော်ရာသတင်းတွေ ရွေးထုတ်ပြီး ၊မြန်မာလို ဘာသာပြန်၊ ပြီးတော့ ည၇ နာရီ နိုင်ငံတကာသတင်းဖတ်မယ့်သူ လက်ထဲ ထည့်ပေးရတယ်။

လုပ်ငန်းသဘောသဘာဝတွေ ပြောင်းလဲခဲ့တာကို ပြန်အမှတ်ရမိသလို ကိုယ့်ဖြတ်သန်းမှုတွေလည်း မျက်စိထဲ ပြန်မြင်တယ်။ ဒီတုန်းက “ယာဆာအာရာဖတ်”တို့၊ “မာဂရက်သက်ချာ”တို့। “မဟာသီယာမို ဟာမက်” တို့ဆိုတာ ပါးစပ်က မချရတော့ ကိုယ့်အမျိုးတွေလိုလို ဖြစ်ခဲ့ရတာကလား။ 

တဆက်တည်း ပြန်ကြားရေးဌာနမှာ လုပ်ခဲ့ကြဖူးတဲ့ စာရေးဆရာတွေ ဖြစ်ကြတဲ့ ဇဝန၊ တက္ကသိုလ်ထင်ကြီး၊ မောင်ထင်၊ မင်းယုဝေ၊ ဇေယျ၊ တက်တိုး၊ မောင်ဝံသ। ရွှေဥဒါင်း၊ ငွေဥဒေါင်း၊ မင်းရှင်၊ တင့်တယ်। သာဂဒိုး।မောင်ဆုရှင်। မနှင်းဖွေး। မုံရွာဝင်းဖေ। ဦးလှမြိုင်(ကိုဆောင်း)। ချစ်ကြည်ရေး ကြည်ညွန့် စတဲ့သူတွေ ပြေးအမှတ်ရတယ်။ (ကျနော် အမှတ်ရသလို ချရေးထားတာပါ၊ ကျန်ကောင်း ကျန်နိုင်တယ်)

ဒီနေရာမှာ အမှတ်တရဖြစ်သွားအောင် ပြန်ကြားရေးမှာ လုပ်ခဲ့ဖူးကြတဲ့ စာရေးဆရာတွေရဲ့မှတ်တမ်း မှတ်ရာလေးတွေ စုစည်းကြည့်ပါမယ်။

ဇဝန-၁၉၃၅ တွင် မြန်မာ နေ့စဉ်သတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာ့အလင်း သတင်းစာတွင် ဘာသာပြန်နှင့် လက်ထောက်အယ်ဒီတာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ တွင် ကြေးမုံသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။

တက္ကသိုလ်ထင်ကြီး-၁၉၆၄-ခုနှစ်၌ ပြန်ကြားရေးဝန်ကြီးဌာန လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့။ စာပေဗိမာန်အဖွဲ့ ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက် ၁၉၇၆-ခုနှစ်တွင် စာပေဗိမာန်မှ အငြိမ်းစားယူခဲ့။

မောင်ထင်- ၁၉၄၄-၁၉၄၅ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၆-၁၉၄၇ ခုနှစ်တွင် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်၊ ၁၉၄၇-၁၉၄၉ ခုနှစ်တွင် လူမှုဝန်ထမ်းဝန်ကြီးဌာန (ခေတ္တ) ရခိုင်တိုင်းမင်းကြီး၊ ၁၉၄၉ ခုနှစ်တွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး အဖြစ် အမှုထမ်းခဲ့။

တက်တိုး- ၁၉၄၀-၄၁ - ပြန်ကြားရေးဌာန၊ မြန်မာနိုင်ငံဘာသာပြန် ဌာနခွဲစာတည်းမှူး။

၁၉၄၅-၄၇ - ပြန်ကြားရေးဌာန၊ သုတေသနအရာရှိ။

၁၉၆၃ - မြန်မာ့သတင်းစဉ် (N.A.B) နိုင်ငံခြားသတင်းဌာန အယ်ဒီတာချုပ်။ ၁၉၈၀ ထိဆောင်ရွက်။ ၁၉၆၉ - ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်။

၁၉၇၂ - သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး။

မင်းရှင်-၁၉၅၈ တွင် တပ်မတော်မှ ထွက်၍ မြန်မာ့အသံ မြန်မာပိုင်း အစီအစဉ် စာပြုမှူးနှင့် သောတရှင် မဂ္ဂဇင်း အမှုဆောင်အရာရှိ (၁၉၅၈ - ၆၄)၊ ရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင် (၁၉၆၃ - ၆၉)၊ ၁ ဇွန် ၁၉၆၄ တွင် နိုင်ငံခြားရုပ်ရှင် တင်သွင်းရေး အေဂျင်စီ၌ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၃ ဇွန် ၁၉၈၄ တွင် အငြိမ်းစားယူခဲ့။

တင့်တယ်-၁၉၄၅ ခုနှစ်မှ ၁၉၄၈-ခုနှစ်အထိ ပြန်ကြား‌ရေးဌာနတွင် ဘာသာပြန်အရာရှိအဖြစ် အမှုထမ်း။ ၁၉၄၈-ခုနှစ်မှ ၁၉၅၂-ခုနှစ် အတွင်းတွင် အင်္ဂလန်နိုင်ငံ ဘီ⁠ဘီစီ အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်၌ ဘာသာပြန်နှင့်သတင်းလွှင့်ထုတ်သူအဖြစ် အမှုထမ်းခဲ့၊

သာဂဒိုး- ၁၉၆၉ ခုနှစ်မှစ၍ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် အယ်ဒီတာအဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့ရာမှ ဒုတိယအယ်ဒီတာချုပ်တာဝန်၊ ၁၉၈၃-၈၄ ခုနှစ်တွင် ကြေးမုံသတင်းစာ၌ အယ်ဒီတာချုပ် တာဝန်အထိ အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် တာဝန်မှ အငြိမ်းစားယူခဲ့။

မင်းယုဝေ-  ပြန်ကြားရေး ဝန်ကြီးဌာန အထက်တန်း ဘာသာပြန် အရာရှိ (၁၉၅၁)၊ အင်းစိန်ခရိုင် ပညာအုပ် (၁၉၅၂)၊ စာပေဗိမာန် စာအုပ်တိုက်တွင် စာပြု (၁၉၅၃) ။

ဇေယျ- စစ်ပြီးခေတ်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ဝင်ရောက် အမှုထမ်းပြီး ညွှန်ကြားရေးဝန် ရာထူးဖြင့် အငြိမ်းစားယူခဲ့။

ရွှေဥဒေါင်း- ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးအစိုးရလက်ထက်တွင် ဆရာကြီးသည် ‘လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ’ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပြီးနောက် ၁၉၆၈ ခုတွင် အငြိမ်းစားယူ။

ငွေဥဒေါင်း-  ကြေးမုံ သတင်းစာ အယ်ဒီတာအဖွဲ့ဝင် (၁၉၅၇)။

မောင်ဆုရှင်-၁၉၅၃ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်၊မြန်မာ့စွယ်စုံကျမ်းဌာန၊ စာပြု အရာရှိအဆင့်မှ ညွှန်ကြားရေးမှုး(စာပေ)အဆင့်အထိ တာဝန်ထမ်းဆောင်။

မောင်ဝံသ- ၁၉၆၇ - ၆၈ ခုနှစ်တွင် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းစာ အတတ်သင်ကျောင်း၌ ပထမပတ် သတင်းစာပညာသင်တန်း တက်ရောက်ခဲ့။ ၁၉၇ဝ ပြည့်နှစ်တွင် မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ အဖြစ် 

၁၉၇၈ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မန္တလေး ဟံသာဝတီ သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း၊  ဗိုလ်တထောင် သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့။

မုံရွာဝင်းဖေ- ၁၉၇ဝ ပြည့်နှစ်တွင်  ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း စာပေဗိမာန်အဖွဲ့၌ တာဝန် ထမ်းဆောင်။ စာပေဗိမာန် အဖွဲ့၌ အလုပ်သင် စာပြင်၊ စာပေ လက်ထောက်၊ လက်ထောက် စာတည်း၊ စာတည်း၊ စာတည်း တာဝန်ခံ၊ စာတည်းမှူး၊ စာတည်းမှူးချုပ် စသည်ဖြင့် ရာထူး အဆင့်ဆင့်ကို နှစ်ပေါင်း ၃ဝ ကျော် ထမ်းဆောင်ခဲ့။

ချစ်ကြည်ရေးကြည်ညွန့်- ၁၉၅၅ ခုနှစ်တွင် မြန်မာအလင်း သတင်းစာတိုက်၌ လခစား သတင်းထောက် (Staff Reporter) အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့။

၁၉၈၀ ပြည့်နှစ်တွင် မြန်မာ့အလင်း သတင်းစာတိုက်၌ ဒုတိယ အယ်ဒီတာချုပ် ရာထူးသို့ တိုးမြှင့် ခန့်အပ်ခံရ။

၁၉၉၃ ခုနှစ်တွင် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ (မြန်မာ) ကို မြန်မာ့အလင်း သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေရာ ဦးကြည်ညွန့်အား အယ်ဒီတာချုပ် ရာထူးသို့ တိုးမြှင့် ခန့်အပ်။

၂၀၀၀ ပြည့်နှစ် အကုန်အထိ အယ်ဒီတာချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၌ အယ်ဒီတာချုပ် တာဝန်မှ အနားယူခဲ့။

ဦးလှမြိုင်(ကိုဆောင်း)နဲ့ မနှင်းဖွေးတို့ရဲ့ အချက်အလက်တွေကိုတော့ အွန်လိုင်းမှာ ရှာမတွေ့လို့ မဖော်ပြလိုက်ရပါဘူး။

(ဒီနေရာမှာ ပြန်ကြားရေးတာဝန်ထမ်းဆောင်ဖူးသူတွေထဲ ဆရာဇော်ဂျီကိုပါ ထည့်သွင်းဖော်ပြရမယ် ထင်တယ်။ အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း ရေးတဲ့ ချစ်ဒုက္ခဦးဘညွန့် စာစုတခုမှာ ခုလို ရေးထားတာ တွေ့ရတယ်။ “စစ်အတွင်း အဓိပတိ ဒေါက်တာဘမော်၏ ပြန်ကြားရေးရုံး၌ ဦးဘညွန့်သည် ဇော်ဂျီ ဦးသိန်းဟန်၏ လက်အောက်၌အမှုထမ်းလေသည်”။

ဇော်ဂျီရဲ့ ဘဝဇာတ်ကြောင်းတွေ ဖော်ပြတာမှာ အဲဒီအကြောင်း မပါဝင်ပေမယ့် ချစ်ဒုက္ခဦးဘညွန့် အကြောင်း ဖော်ပြရာမှာတော့ “နိုင်ငံတော်အဓိပတိရုံးတော်တွင် အထူးအရာရှိ၊ နိုင်ငံတော်အဓိပတိ၏ အပါးတော်မြဲ အတွင်းဝန်ကလေး၊ ဝါဒဖြန့်ချိရေးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး၊ သယ်ယူပို့ဆောင်ရေးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့”လို့ ဖော်ပြထားတယ်။ စောစောက ဦးသက်ထွန်း ပြောတဲ့ ဇော်ဂျီ လက်အောက်ဆိုတာနဲ့ ချိန်ကြည့်ရင် ဇော်ဂျီက အဓိပတိရုံး၊ ဝါဒဖြန့်ချိရေးဌာနမှာ ညွှန်ကြားရေးမှူးလုပ်ခဲ့ကြောင်း တွေ့ရတယ်။)

ဒီဆရာတွေထဲမှာ အလုပ်သဘောအရ ထိတွေ့ဆက်ဆံပြောဆိုဖူးသူတွေကတော့ ဆရာမင်းယုဝေ၊ မောင်ဆုရှင်၊ မောင်ဝံသ၊ ချစ်ကြည်ရေးကြည်ညွန့် တို့ပဲ ဖြစ်တယ်။

မောင်ဆုရှင်က မြန်မာ့အသံမှာ သိပ္ပံဆောင်းပါးတွေ ရေးပြီး ကိုယ်တိုင် အသံလွှင့်သူမို့ ဆရာ့ကို တွေဆုံခဲ့ရတယ်။ ဆရာက အသံကောင်း၊ ရုပ်ချောသလို ခပ်အေးအေး၊ ပျော်ပျော်နေတတ်ပါတယ်။ ပြည်လမ်း၊ အသံလွှင့်ရုံကို တခါတလေ ပါတိတ်အင်္ကျီဝတ်ပြီး အသံလာသွင်းရင်း အသက်ကြီးလာရင် နည်းနည်း ကြောင်တောင်တောင်တွေ ဝတ်ရတယ်ဗျလို့ အရွှန်းဖောက်တတ်သူပါ။ မြန်မာ့အသံမှာ သိပ္ပံပညာ သိကောင်းစရာ အစီအစဉ်ကို နှစ်ပေါင်း ၄၀ ကြာ ဟောပြောတင်ဆက်ခဲ့သူလည်း ဖြစ်တယ်။ မြန်မာ့အသံက မောင်ဆုရှင် ဟောပြောချက်တွေကို ဒဂုန်တာရာ လို စာပေပညာရှင်တွေကအစ ကြိုက်နှစ်သက်ခဲ့ကြတယ်။ မောင်ဆုရှင်ကတော့ သူ့ဆရာ ဗိုလ်ဗကိုရဲ့ ပြောဆိုချက်တွေကို အတုယူခဲ့တယ်လို့ ဆိုပါတယ်။

မောင်ဝံသနဲ့ကတော့ ထူးထူးခြားခြား ချင်းမိုင်မှာ ဆုံရတာပါ။ ဆရာက လူငယ်တွေကို ဦးစားပေး ပြောဆိုတတ်သူ၊ သတင်းသမားတွေအပေါ် အထူးခင်မင်ပြီး ကောင်းကျိုးလိုလားသူတဦး ဖြစ်ပါတယ်။ ရိုးသားပြီး လူတိုင်းကို စိတ်ရင်းနဲ့ပေါင်းသင်းခင်မင်တတ်သူပါ။ ဆရာ ဆုံးတော့ ဆရာ့နာရေးကို သတင်းဌာနတခုအတွက်  သတင်းလုပ်ရပါတယ်။ ဒီတုန်းက ဆရာဦးဝင်းတင်ကို ကောမန့်တောင်းတော့ မောင်ဝံသဟာ ကတ္တီပါလက်သီးနဲ့ လောကကို ရင်ဆိုင်သွားတဲ့သူလို့ ပြောခဲ့တာ မှတ်မိနေပါတယ်။ ဆရာမောင်ဝံသ ကိုယ်တိုင်ကတော့ သူ့ကလောင်ဟာ ဦးလှမြိုင်(ကိုဆောင်း)ကျေးဇူးနဲ့ ပေါက်ဖွားခဲ့တာလို့ ရေးတာ ဖတ်ဖူးပါတယ်။

ချစ်ကြည်ရေးကြည်ညွန့် နဲ့ကတော့ ရန်ကုန်မှာ သတင်းစာပညာ သင်တန်းတက်ခဲ့တုန်းက သင်တန်းဆရာအဖြစ် ဆုံရတာပါ။ ကျနော်တို့ သင်တန်းသားသတင်းစာထုတ်တော့ ဆရာက ဒီတုန်းက နာမည်ကြီး ကန်ကော်လေး ထီဆိုင်ပိုင်ရှင်ဆီ စာရေးပြီး ကြော်ငြာတောင်းပေးတာ မှတ်မိနေပါတယ်။

ဆရာမင်းယုဝေကိုဆို မြန်မာ့အသံ ရေဒီယိုက ထုတ်လွှင့်ဖို့ စာရေးဆရာများနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကိုယ်တိုင်အင်တာဗျူး လုပ်ဖူးတယ်။ ဒီတုန်းက(၉ ၅-၉ ၆ တဝိုက်ပဲ) ဆရာ့အိမ်က ကမ္ဘာအေးဘုရားလမ်းကနေ ချိုးဝင်လိုက်ရတဲ့ လမ်းသွယ်လေး တခုထဲမှာပါ။

 ဆရာ့ဆီ ရောက်တော့ ဆရာက သူ ဖြေမယ့်အဖြေတွေကို ဗလာစာရွက်ပေါ်မှာ ညီညာဝိုင်းစက်ပြီး ရှင်းနေအောင် ရေးထားတာကြည့်ပြီး ဖြေပေးတယ်။ စာရေးဆရာ အင်တာဗျူးထဲမှာတော့ အဲဒီလို ရေးထားတာကြည့်ပြီး စကားပြောနဲ့ ဖြေတာ ဆရာတယောက်ပဲ။

ကျန်တဲ့ဆရာတွေက လက်တန်းဖြေကြတာ များတယ်။ အလုပ်ကို စနစ်တကျလုပ်တတ်သူ၊ အမေးကနေ တခြားစင်မသွားအောင် လိုရင်းတိုရှင်း ဖြေပေးတတ်သူလို့ ဆရာ့ကို မြင်တယ်။ သတိကြီးပြီး အမှားအယွင်းမရှိအောင် အလုပ်လုပ်တတ်တဲ့ ကဗျာဆရာ၊ စာရေးဆရာလို့လည်း ဆိုနိုင်တယ်။

တခါက တဘဝ အမှတ်တရရှိရတာတွေပေါ့။

စာကြွင်း- ဒီစာမူကို အထပ်ထပ်ဖတ်ကြည့်ရင်း ဆက်စပ်နေတဲ့ စာတွေ လိုက်ရှာဖတ်ကြည့်တော့ ဆရာမောင်ဆုရှင်ရဲ့ စာတပုဒ်မှာ ခုလို ရေးထားတာ တွေ့ရပြန်တယ်။

“ကျနော်သည် စာပေဗိမာန်တွင် ဦးထင်ကြီး တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သော မဂ္ဂဇင်းဌာန၌ စာပေဗိမာန်သို့ ရောက်အပြီး တနှစ်အကြာတွင် တာဝန်ထမ်းဆောင်ခွင့်ရသည။ စာပေဗိမာန်မဂ္ဂဇင်း ဌာနသည် ထိုစဉ်က ပြင်ပစာပေလောကနှင့် အနီးစပ်ဆုံး ဆက်သွယ်ရသောဌာန ဖြစ်သည်။ ဌာနတွင်း၌ ဆရာသိပ္ပံစိုးလှ၊ ဆရာငွေဥဒေါင်း၊ ရေနံမြေဒေါ်ခင်စု၊ သင့်ဘဝဦးတင်မောင်၊ တက္ကသိုလ်မောင်မောင်ခင်၊ ဗိုလ်ဗကို စသူတို့ အမှုထမ်းခဲ့ကြသည်။”

****ကျားမြီးဆွဲမိလေပြီလားပဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar