ဗန်းမောက်မြို့ သိမ်းတိုက်ပွဲ ၆ ရက် အကြာမြို့နေရာ အတော်များများ တော်လှန်ရေးတပ်တွေ သိမ်း
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၁ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၅
ဗန်းမောက်မြို့ သိမ်းတိုက်ပွဲ ၆ ရက် အကြာမြို့နေရာ အတော်များများ တော်လှန်ရေးတပ်တွေ သိမ်း
ကချင်ပြည်နယ် ကသာခရိုင်ထဲက လူဦးရေ ၈၅၀၀ ကျော်ရှိတဲ့ ဗန်းမောက်မြို့ ကို တော်လှန်ရေးတပ်တွေက သိမ်းယူဖို့ ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ မြို့ဧရိယာကို စတင်တိုက်ခိုက်တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ရေတွက်ရင် ၆ ရက်မြောက်နေ့မှာ မြို့ထဲဝင်ရောက် တပ်စွဲနိုင်ခဲ့ပြီး မြို့ရဲ့ အချို့သောအပိုင်းတွေမှာတော့ SNA လို့ အတိုကောက်ခေါ်တဲ့ ရှမ်းနီလက်နက်ကိုင်တပ်နဲ့ စစ်ကော်မရှင်တပ်တွေ တပ်စွဲကာ ခုခံနေကြဆဲ ဖြစ်တယ်လို့ အချို့သော သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ KIA တပ်၊ NUG အစိုးရ ရဲ့ MOD ဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေကြတာလို့ အချို့သော သတင်းဌာနတွေက ဖေါ်ပြကြပြီး၊ အချို့သတင်းဌာနတွေကတော့ MOD လက်အောက်က PDF/ ပကဖ တပ်ဖွဲ့တွေက ဦးဆောင်တိုက်ခိုက်တာ ဖြစ်တယ်လို့ ရေးသားနေကြတာပါ။ တိုက်ပွဲသတင်းတွေရဲ့ သဘောသဘာဝ အတိုင်း ဝါဒဖြန့်ချိတဲ့ အချက်အလက်တွေ နဲ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေ ကွာဟနေတဲ့ သဘောကိုလည်း တွေ့မြင်ရပါတယ်။
ယမန်နေ့ကတည်းက ဗန်းမောက်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီ SNA တပ်တွေ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းဖေါ်ပြမှုတွေလည်း တွေ့ရသလို အချို့သတင်းဌာနတွေကတော့ မြို့ထဲဝင်ရောက်နိုင်တာ မှန်ပေမယ့် မြို့ရဲ့ နေရာအချို့မှာ SNA တပ်တွေ ရှိနေသေးတယ်လို့ ရေးသားဖေါ်ပြနေကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းရဲ့ ကသာခရိုင်ထဲမှာ ရှိတဲ့ ဗန်းမောက်မြို့မှာ ရှမ်းနီလူမျိုးနဲ့ ကတူးကနန်း လူမျိုးစုတွေ အများစု နေထိုင်ကြတာ ဖြစ်ပါတယ်။ ရှမ်းနီလူမျိုးတွေ အများစုနေထိုင်ကြခြင်းကြောင့် စစ်ကော်မရှင်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ရှမ်းနီလက်နက်ကိုင် တပ်က မြို့မှာ နေရာယူထားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းရဲ့ ဒေသအချို့ နဲ့ ကချင်ပြည်နယ်ထဲမှာ လှုပ်ရှားနေကြတဲ့ ရှမ်းနီလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ ရှမ်းနီလူမျိုးတွေ နေထိုင်ကြတဲ့ ကချင်ပြည်နယ်ထဲက ဒေသအချို့ နဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေမှာ လှုပ်ရှားကြတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဖားကန့်လို ဒေသတွေမှာ နယ်မြေစိုးမိုးနိုင်ရေးတွက် တိုက်ခိုက်မှုတွေ မကြာသေးခင်ကာလတွေအတွင်း ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခု ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ KIA ပါဝင်နေတာကို အချို့သော ရှမ်းနီလူမျိုးတွေက လူမျိုးရေးရှုထောင့်ကနေ ရှုမြင်ကြတာမျိုးလည်း ရှိနေတာပါ။
စစ်အာဏာရှင် တိုက်ဖျက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း လူမျိုးစု အပေါ် အခြေပြုဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုရှိကြတာလည်း ရှိသလို အကျိုးစီးပွား ဆန့်ကျင်ဘက် အဖြစ်မြင်ပြီး သတိကြီးစွာထား ဆက်ဆံတာ သို့မဟုတ် တိုက်ခိုက်ကြတာမျိုးလည်း ရှိနေတာဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ အထက်က ဖေါ်ပြခဲ့သလို ရှမ်းနီတပ်နဲ့ KIA တပ်၊ ရှမ်းမြောက်မှာ KIA နဲ့ TNLA တပ်ဖွဲ့၊ TNLA နဲ့ SSPP/SSA တပ်ဖွဲ့တွေအကြား နယ်မြေ စိုးမိုးမှုနဲ့ ပတ်သက်ပြီး ထိတွေ့မှု၊ အငြင်းအခုံ ဖြစ်ပွားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ရှမ်းမြောက်ဒေသမှာ နယ်မြေသိမ်းယူအုပ်ချုပ်မှုတွေနဲ့ ပတ်သက်လို့ ထိန်းချုပ်နယ်မြေမှာ နေထိုင်ကြတဲ့ အများစုဖြစ်တဲ့ လူမျိုးစုတွေနဲ့ တိုက်ခိုက်သိမ်းယူခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ တို့ထပ်တူမကျမှုတွေလည်း ရှိခဲ့တာကြောင့် တဖွဲ့နဲ့ တဖွဲ့အကြား ဆက်ဆံရေး မချောမွေ့တဲ့ အခြေအနေတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အခု ဗန်းမောက်မြို့ဟာ မဆလ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံတွေအရ စစ်ကိုင်းတိုင်းထဲ ပါဝင်တဲ့ မြို့ဖြစ်ပြီး နေထိုင်တဲ့ လူမျိုးစုအရတော့ ရှမ်းနီ နဲ့ ကတူးကနန်းလူမျိုးတွေ နေထိုင်ကြတဲ့မြို့ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ PDF အဖွဲ့တွေ အနေနဲ့ ကောလင်း၊ အင်းတော် စတဲ့ဒေသတွေမှာ အင်အားကောင်းပြီး ယခင်နှစ်တွေက ကောလင်းမြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်ခဲ့ပြီး လအတန်ကြာ ထိန်းချုပ်နိုင်ခဲ့ကာ နောက်ပိုင်း စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ ရွေးကောက်ပွဲရက် ကြေညာပြီးနောက်မှာ တော်လှန်ရေးအင်အားစု လက်နက်ကိုင် အဖွဲ့တွေကို နိုင်ငံရေးအရရော စစ်ရေးအရပါ ပြန်လည်ဖိအားပေးနိုင်ဖို့ ရှိသမျှအင်အားနဲ့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေဆီက သံတမန်ရေး ထောက်ခံမှုနဲ့ လက်နက်ခဲယမ်း ဒရုန်းလို လက်နက်နည်းပညာတွေ ဝယ်ယူရရှိမှုတွေကို ရရှိလာခဲ့တဲ့အချက်က စစ်ရေးမှာ မဟာဗျူဟာအရရော နည်းဗျူဟာအရပါ အသာစီးရလာခဲ့တာတွေ့ရပါတယ်။
ယမန်နှစ် နှစ်ဆန်းပိုင်းကနေ နှစ်ကုန်ပိုင်းလောက်ထိ အရှုံးတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ အာဏာသိမ်း စစ်တပ်အနေနဲ့ ၂၀၂၅ ထဲမှာ လူအင်အား၊ လက်နက်၊ တိုက်ခိုက်မှု နည်းဗျူဟာ၊ သံတမန်ရေး စသဖြင့် ပြန်လည် ရုန်းထလာတဲ့ အနေအထားတွေ တွေ့လာနေရတာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ကရင်နီ (ကယား)ပြည်၊ ရှမ်းမြောက်၊ ကရင်ပြည်နယ် တို့မှာ ထိုးစစ်ဆင်နေပြီး ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တို့မှာတော့ AA လက်နက်ကိုင်အဖွဲ့ကို ခံစစ်နဲ့ ခုခံနေရတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကော်မရှင်က ထိုးစစ်ဆင်တဲ့ နေရာ၊ စခန်း၊ မြို့တွေ ရွေးချယ်ရာမှာ အချက် ၂ ချက်အပေါ် အခြေခံပြီး ရွေးချယ်တာတွေ့ရမှာပါ။ ပထမ အချက်က ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တိုက်ရမယ့် နယ်မြေ သိပ်မကျယ်ပြန့်တဲ့ မြို့လိုမျိုးကို ပစ်မှတ်အဖြစ် ရွေးချယ် ထိုးစစ်ဆင်တာ ဖြစ်ပြီး ဒုတိယ အချက်ကတော့ တော်လှန်ရေး အင်အားစုတွေ ဝင်ငွေရနေတဲ့ သယံဇာတ၊ အခွန်အကောက် ရတဲ့နေရာတွေ လမ်းကြောင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပါတယ်။
တနိုင်ငံလုံးမှာ လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့ပေါင်း ၁၀၀ ကျော်ရှိတဲ့အနက် ၂၀၂၅ ခုနှစ်ထဲမှာ ၁၀ မြို့ဝန်းကျင်လောက်ကိုသာ ထိုးစစ်ဆင်ပြီး အချို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့သလို အချို့မြို့တွေက ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်ကော်မရှင်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရတဲ့ စစ်မျက်နှာတွေရှိသလို ဗန်းမောက်မြို့လို မိမိတို့ဘက်က ပြန်ပြီး ထိုးစစ်ဆင် သိမ်းယူနိုင်တာမျိုးလည်း ရှိနေတာတွေ့ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar