Breaking News

ဖလော်ဒါဟန် - ဘယ်လမ်းကို ရွေးကြမှာလဲ

ဖလော်ဒါဟန် - ဘယ်လမ်းကို ရွေးကြမှာလဲ

မိုးမခ ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၅


တလရနဲ့ပတ်သက်ပြီး မသိတာတွေများသလို သိတာလေးတွေကိုလည်း ပံ့ပိုးကူညီချင်တာ ကျွန်မရဲ့ စိတ်ထဲက တကယ်ဖြစ်ပေါ်လာတဲ့ အလုပ်လေး ဖြစ်ပါလိမ့်မယ်။

တလရ အစမှာ ကျွန်မ အနေနဲ့ ဘာမှမသိ၊ လုပ်ငန်းခွင်ကလာတဲ့ ဝန်ထမ်းတဦးပါ။

ဒါပေမဲ့ ကျွန်မရဲ့ ပင်ကိုစိတ်က ဘယ်အဖွဲ့လေးကတော့ဆောင်းတွင်းရောက်‌တော့မှာမို့ ခြုံစောင်လေး လိုနေတာမျိုးကအစ တတ်နိုင်သည့် ငွေလေးများဖြင့် သိသူတစု စုဖွဲ့ကြရင်း အစခရီးမှစလို့ ပါဝင်ခဲ့ကြသူ‌တွေလည်း ရှိပါတယ်။

ကနဦးကတော့ တဦးချင်း စေတနာရှင်တွေလည်း ရှိကြပါတယ်။

နောက်တော့ တဦးချင်း စေတနောရှင်များသာမက အစုအဖွဲ့ ငွေအင်အားလေးတွေကလည်း ရပ်တန့်သွားပါတယ် မရှိသလောက်ပါဘဲ။

မှတ်မှတ်ရရရှိနေတဲ့ အထောက်အပံ့လေးကတော့ မယောင်မလည်နဲ့ တောမြို့လေးကနေ ရန်ကုန်တက်ပြီး အလုပ်လုပ်ဖို့သွားချိန် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ်လေးပါ။

အားလုံးသော စုပေါင်းအားနဲ့ ငွေအင်အား ဖြည့်ဆည်းပေးခဲ့ကြတယ်။

ဒါကလည်း အခက်အခဲရှိသူ အချင်းချင်း ကူညီရိုင်ပင်းမှူပါ။

အပြစ်ဒဏ်ဆိုတာ မရေမရာနဲ့ အခုလို လမ်းဘေးတနေရာမှာ ဆွဲခံရတဲ့ လူငယ်တွေလည်း ၂၀၂၁ မှစလို့ ယနေ့အချိန်အထိ အများအပြားရှိနေဆဲပါ။

ထိုလူငယ်လေး လွတ်မြောက်သွားပြီလားဆိုတာ ကွင်းဆက်ပြတ်သွားသလို  သတင်းအရိပ်‌အောက်မှ ပျောက်ကွယ်သွားပါတယ်။

အချို့သော သတင်းများသည် တနွယ်ငင်တံစဉ်ပါ ဆိုသလို မထိရဲ မတို့ရဲ ဘဝများဖြင့် မြန်မာပြည်ရဲ့အပြစ်ဒဏ်များကို ဖျောက်ဖျက်‌ပစ်ဖို့အထိ လူ့အခွင့်အ‌ရေးကို ခြိမ်းခြောက်ထားတာမျိုးပါ။

တလရ အလယ်ပိုင်း ရောက်ချိန်မှာတော့ အားလုံးသော ပြည်သူများ တ + ရ ထောက်ပံ့မှု ကွင်းဆက်လေး ပြတ်သွားကြတယ်။

မိမိတို့ ဘဝတွေကို ပြန်ပြီး တည်ဆောက်ကြရတယ်။

အခုတော့ အလုပ်နေရာအသစ်နဲ့ ဘဝအသစ်တွေမှာ တည်ငြိမ်သင့်သလောက် တည်ငြိမ်နေကြပါပြီ။

ယနေ့အချိန်မှာ  စကမ ရဲ့ ရက်စက်မှုကလည်းအစ အလယ်မှစလို့ အဆုံးသတ်နိုင်ဖို့ ရက်စက်မှု ဆိုသည့် ဥပဒေရှိခြင်း မရှိခြင်းထက် ပါးစပ်စကားနဲ့ အုပ်ချုပ်နေတဲ့ စနစ်ကြီးပါ။

ဒီစနစ်ကြီးကို ဖောဖောသီသီဖြင့် လက်တွေ့ လူသတ် မီးရှို့ ဆိုတဲ့ ဝါဒကို အပြည့်အဝ လက်ကိုင်ထားပြီး ပြည်သူကို ဖိနှိပ်ထားတာပါပဲ။

ပြည်သူမှာလည်း ယခုလို အကြောက်တရားအောက်မှာ အသက်ရှူခွင့်ပေးထားတဲ့အတွက် ပြည်သူများရဲ့ ဝန်းရံမှုက တ + ရ ဘက်မှာ အားနည်းခဲ့ကြသလို ရန်ပုံ‌ငွေ ဆိုတဲ့ ပြည်တွင်းအားမှာ အလွန်အား‌လျော့သွားတာ‌တော့ အမှန်ပါ။

ကျွန်မတို့ ပြည်သူအားလုံးက တလရ ဆိုသည့် ဆိုင်းဘုတ်အောက်မှာ မဝံ့မရဲနဲ့ ရပ်တည်ခဲ့ကြတာလည်း ၄ နှစ်ကျော်၊ ၅ နှစ်တာခရီးကို ရောက်ခဲ့ပါပြီ။

အခုဆို အဲဒီလို မဝံ့မရဲဘဝတွေကို စကမ ရွေးကောက်ပွဲဆိုသည့် အမည်နာမဖြင့် ပြည်သူတွေဘဝကို ဘောင်ကျဉ်း အနေကျဉ်းဘဝမှ လုံးလုံးလျားလျား အကျဉ်းစံဘဝကို သွတ်သွင်းတော့မှာပါ။

နောက်ဆုံးတိုက်ပွဲရဲ့ လက်နက်ဖြစ်သည့် စကမ ကတော့ ယူနီဖောင်းဝတ်မှ အရပ်ဝတ်သို့ ပုံပြောင်းကာ မြန်မာပြည်ရဲ့ အာဏာရှင်သက်တမ်းကို ဆွဲဆန့်နိုင်ဖို့ ကြိုးစားနေကြပါပြီ။

ပြည်သူတွေဘက်မှ ယနေ့အချိန်  စကမ ရဲ့ အကြောက်တရားနဲ့ အကြမ်းဖက်မှုမှာ  ပိုနေမြဲ ကြားအတိုင်း နေမြဲနေကြမလား။

ဒါမှမဟုတ် တလရ ရဲ့ အစခရီးကို ပြန်ဦးတည်နိုင်ဖို့ အာဏာရှင်ကို တိုက်ရိုက်ရင်ဆိုင်ကြမှာလား။

ဒါဆို နောက်ဆုံးခရီးကို အားဖြည့်ဖို့ ကျွန်မတို့ပြည်သူတွေဘက်က ဘာတွေ လုပ်ပေးကြမလဲ။

တလရ တပ်‌ပေါင်းစုကြီး‌များနဲ့အတူ တိုင်းပြည်ကယ်တင်ခြင်းမှာ ပြည်သူတွေ ပူးပေါင်းပါဝင်။ ပြည်သူ ထောက်ခံမှုကြီးကို‌တော့ ကမ္ဘာကို ချပြခဲ့ပြီးပါပြီ။ သက်သေတခုအဖြစ် အထောက်အထား ခိုင်မာခဲ့ပေမဲ့ အဝန်းအဝိုင်းကြီးကို ငါတို့ပြည်သူတွေ ပိုင်ပါသည် ဆိုသည့် အမည်ဂရန်ကို လက်ဝယ်ပြန်ရဖို့ လိုပါတယ်။

ဒီအတွက် ကျွန်မတို့ပြည်သူတွေရဲ့ တလရ မှာ အားဖြည့်နိုင်ဖို့ ရဲရင့်ခြင်း ခွန်အားသတ္တိတွေကိုပြန်လည်အားထုတ်ကြမှာလား။

ဒါမှမဟုတ် ငါတို့ကတော့ ယနေ့လက်ရှိအနေအထားအရ ဒီလောက်ပဲ ဝန်းရံနိုင်ပါတယ်ဆိုတဲ့ အကန့်အသတ်ဖြင့်နဲ့ နေကြမှာလား။

အစိုးရ ဆိုသည်ကိုပဲ အားမကိုးနေကြပါနဲ့။

တလရ တပ်ပေါင်းစုတွေရဲ့ စွမ်းဆောင်ရည်များကိုပဲ ထိုင်ကြည့်ပြီး ငိုတလှည့် ရယ်တလှည့် ဘဝဖြင့် စိတ်မနောကို ကုသမနေကြပါနဲ့။

တိုက်ပွဲတိုင်းမှာ နောက်ဆုံးအချိန်ကို အခွင့်အရးတခုအဖြစ် အကောင်းဆုံး အသုံးချဖို့နိုင်ဖို့‌တော့ လိုပါတယ်။

 ဒီတကြိမ် ကျွန်မတို့ပြည်သူများရဲ့ ထိုးစစ်သည် အရှုံး အနိုင် ဆိုသည်ထက် ပြည်တွေရဲ့ဘဝကို ကယ်တင်နိုင်ဖို့ အကောင်းဆုံးအချိန်လို့ ညွှန်းလိုပါတယ်။

ဘယ်လမ်းကို ရွေးကြမှာလဲ...

ကျွန်မလိုပဲ၊ ပြည်သူတွေ တလရ ရဲ့ အစ အလယ် ပါဝင်ခဲ့ကြပြီးပါပြီ။

လူထု ပါဝင်တဲ့ တိုက်ပွဲတိုင်းမှ အာဏာရှင်ကို  ပညာသားပါပါ ပုံစံမျိုးစုံဖြင့် ဆန့်ကျင်ခြင်းသည်ကျွန်မ သွားချင်တဲ့ အဆုံးသတ်တိုက်ပွဲပါ။

ဘယ်လမ်းကို ရွေးကြမှာလဲ... 

အမေးမှာ အဖြေရ ခက်နေကြရင် မိမိတို့ပါဝင်နိုင်တဲ့ ကဏ္ဍအလိုက် တလရ မှာ ပါဝင်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar