အနိုင် အရှုံး အဖြေမပေါ်နိုင်သေးတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ အလားအလာ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၅ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၅
အနိုင် အရှုံး အဖြေမပေါ်နိုင်သေးတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ အလားအလာ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဗန်းမော်မြို့နဲ့ ဗန်းမော်မြို့အခြေစိုက် တပ်ရင်း၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်စတဲ့ စခန်းတွေကို သိမ်းယူဖို့ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၈ လကျော်ကြာလာတဲ့တိုင် အပြီးတိုင် သိမ်းယူနိုင်ခြင်း မရှိသေးဘဲ တပြန်တလှန် သိမ်းယူလိုက် ဆုတ်ခွာလိုက် အနေအထားမျိုး ဖြစ်နေတာ သတင်းတွေအရ ကြားသိရပါတယ်။
အစောပိုင်း လတွေမှာ KIA နဲ့ ပူးပေါင်းတပ်တွေဘက်က တပ်ရင်းတွေ၊ လေယာဥ်ကွင်းတွေကို သိမ်းယူပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၂၁ (စကခ ၂၁) ကို ပိတ်ဆို့ထားကာ သိမ်းယူနိုင်ဖို့ အပြင်းအထန် ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ဆန်းပိုင်းကာလတွေမှာ စကခ (၂၁) ကို မကျအောင် စစ်ကောင်စီ တပ်တွေအနေနဲ့ ရဟတ်ယာဥ်တွေနဲ့ စစ်ကူ၊ ရိက္ခာတွေပို့တာ၊ တိုက်လေယာဥ် အကူအညီယူပြီးတိုက်ခိုက်တာတွေ နဲ့ ကျားကုတ်ကျားခဲ ခုခံနေခဲ့ရတာ တွေ့ရပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေက စကခ (၂၁) ကို သိမ်းယူဖို့ လနဲ့ ချီကြိုးစားနေချိန်မှာ မိုးရာသီဝင်ရောက်လာပြီး စစ်ကောင်စီဘက်က လေကြောင်းက ရိက္ခာ၊ လက်နက်၊ လူအင်အားထောက်ပို့တာထက် ဧရာဝတီမြစ်ကြောင်းကတဆင့် ဒါဇင်နဲ့ ချီတဲ့ စစ်ရေယာဥ်၊ သယ်ယူရေးရေယာဥ်တွေ သုံးပြီး စစ်ကူပို့ဆောင်ခဲ့ရာမှာ ဇူလိုင်လထဲမှာ ဗန်းမော်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့ကနေ စုဖွဲ့ပြီး တက်လာတဲ့ အစီး ၂၀ ဝန်းကျင်ပါတဲ့ စစ်ရေယာဥ် နဲ့ ထောက်ပံ့ရေးပစ္စည်းတင် ရေယာဥ်အုပ်စုဟာ လမ်းခရီးတလျှောက် ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း အနည်းငယ်မျှသော ရေယာဥ်တွေသာ ထိခိုက်ခဲ့ပြီး အများစုက ရည်မှန်းချက်ထားရာ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အဲလိုရောက်လာပြီးနောက်မှာ ဗန်းမော် စစ်မျက်နှာ အခြေအနေ အပြောင်းအလဲ ဖြစ်ခဲ့ပြီး လက်နက်၊ ရိက္ခာ၊ လူအင်အားထပ်မံဖြည့်ဆည်းနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့ဧရိယာထဲက KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူထိန်းချုပ်ထားတဲ့ တပ်ရင်းနေရာအချို့ ကိုပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ ဇူလိုင်လထဲမှာ တင့်ကားတပ်ရင်းနဲ့ ခလရ ၂၃၆ တို့ကို စစ်ကောင်စီဘက်က ပြန်လည် သိမ်းယူနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာ တခုကို အတည်ပြုပြောဆိုခဲ့ပါတယ်။
ဒီအခြေအနေက စစ်ကောင်စီတပ်တွေကို စိတ်အားတက်ကြွစေခဲ့ပြီး ဗန်းမော်ကို ၄င်းတို့ အပြီးတိုင် ပြန်လည် သိမ်းပိုက်နိုင်ဖို့ ထပ်မံအားနဲ့ ဖိပြီးထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၈ လ ကျော်ကာလအတွင်း မှာ ဗန်းမော်မြို့က လူနေအိမ်၊ ဘာသာရေးအဆောက်အဦ၊ ရုံးတွေ အတော်များများ ပျက်စီးကုန်ကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ် ထန်တလန် မြိုသိမ်းတိုက်ပွဲတုန်းကလို မြို့ကို မီးတင်ရှို့တာမျိုးထက် အခုကာလ တိုက်ပွဲတွေမှာ ဒရုန်းနဲ့ ပစ်ချတဲ့ ဗုံးဒဏ်၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်နဲ့ အခြားအဆောက်အဦအများအပြား ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ မြို့မှာ အခြေပြုပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြာရှည်လာတာနဲ့ အမျှ အဆောက်အဦနေအိမ်တွေ ပျက်စီးမှုရာနှုန်း မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲကို ဦးဆောင်တဲ့ KIA အဖွဲ့အနေနဲ့လည်း ဗန်းမော်မြို့ကို သိမ်းယူဖို့ အခုလောက် ကြာရှည်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံမရပါဘူး။ ဗန်းမော်မြို့သိမ်း တိုက်ပွဲ မတိုင်မီ ကချင် အထူးဒေသ (၁) က မြို့တွေ၊ ဗန်းမော်ခရိုင်က မံစီ စတဲ့မြို့တွေကို အခုလို လနဲ့ချီ နှစ်ပေါက်လုနီး တိုက်ခိုက်ဖို့ မလိုအပ်ပဲ သီတင်းပတ်အနည်းငယ် အတွင်းမှာ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗန်းမော်ြမို့က အဆိုပါ မြို့တွေလောက် သေးငယ်တဲ့ မြို့မဟုတ်ဘဲ ကချင်ပြည်နယ်မှာ မြစ်ကြီးနားပြီးနောက် ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့အချက် စကခ (၂၁) အခြေစိုက်သလို အခြားသောတပ်ရင်းတွေ အများအပြားလည်း ရှိတာကြောင့် အတိုင်းအတာတခုထိ ခက်ခဲလိမ့်မယ် ခုခံမှုကြုံရလိမ့်မယ် ဆိုတာ မှန်းဆထားခဲ့ ပါလိမ့်မယ်။ လက်တွေ့ တိုက်ခိုက်ရတဲ့ အခြေအနေမှာတော့ လကြာလာတာနဲ့ အမျှ အာဏာသိမ်းစစ်တပ်ဘက်က တင် ခက်ခဲတဲ့ အခြေအနေမဟုတ်တော့ဘဲ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေဘက်ကပါ အခက်အခဲတွေနဲ့ ရင်ဆိုင်လာကြရတာ ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း စစ်ကော်မရှင်ဘက်က ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ ထူးထူးခြားခြား အသေးစိတ် အချက်အလက်တွေ နဲ့ ဝါဒဖြန့်ထုတ်ပြန်ချက် တရပ်ကို စင်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး တပ်စခန်းတွေနဲ့ ရပ်ကွက်၊ ကျေးရွာအချို့ကို ၄င်းတို့ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း၊ ၈ လကျော်ကာလအတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူ အရေအတွက် ၄၆၀၀ ကျော်ရှိတယ်လို့ ပါရှိပါတယ်။ စစ်ပွဲတွေနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ထိခိုက်သေဆုံးမှုတွေကို ဝါဒဖြန့်ကြရာမှာ တဖက်ရန်သူဘက်က သေဆုံးဒဏ်ရာရတဲ့ ကိန်းဂဏန်းတွေကို ချဲ့ကား ဖေါ်ပြကြတာ သဘာဝဖြစ်တာကြောင့် စစ်ကော်မရှင်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက မှန်ကန်လိမ့်မယ်လို့ ဘယ်သူကမှ မယူဆကြပါဘူး။
သို့ပေမယ့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဗန်းမော်မြို့သိမ်းရေး ရည်မှန်းချက်က အောင်မြင်နိုင်မလားဆိုတဲ့ သံသယ ရှိလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
KIA အဖို့ ဗန်းမော်မြို့သိမ်း တိုက်ပွဲဟာ စစ်ရေးဗျူဟာအရ ကြည့်ရင်လည်း တပ်ရင်းစခန်းတွေနဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် တခုဖြစ်ခြင်း၊ လားရှိုးမြို့နဲ့ အလားတူတဲ့ တရုတ်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းပေါ်က မြို့ ဖြစ်ခြင်းတွေကြောင့် သိမ်းယူဖို့ တပ်အင်အား ၊ လက်နက်ခဲယမ်း အစွမ်းကုန် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ နောက်ရှုထောင့်တခု အနေနဲ့ ကြည့်ရင်လည်း ကချင်ပြည်နယ်က မြို့ငယ်တွေကို သိမ်းယူနိုင်ခဲ့ရာက ဒုတိယအကြီးဆုံးမြို့ကို သိမ်းယူနိုင်ခဲ့ရင် စိတ်ဓါတ်ရေးအရ မြင့်မားလာမယ့် သဘောလို့လည်း ယူဆနိုင်ပါတယ်။ ဒီရှုထောင့်ကကြည့်ရင် ဗန်းမော်မြို့ သိမ်းတိုက်ပွဲ ၈ လကျော်ကြာလာပြီးနောက် နောက်ဆုတ်မယ့် ဆုံးဖြတ်ချက် ချမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။
စစ်ကော်မရှင်ဘက်ကလည်း စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းပြီးနောက် နည်းလမ်းအမျိုးမျိုးနဲ့ တပ်သားသစ် စုဆောင်းရရှိလာခြင်း၊ ဒရုန်းလက်နက်နဲ့ နည်းပညာ အားသာချက်ရလာခြင်းနဲ့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုရရှိလာခြင်း စတဲ့အချက်တွေပေါ် အခြေပြုပြီး ထိုးစစ်ပြန်ဆင်လာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာနေတာ ဖြစ်ပါတယ်။
KIA တပ်ဖွဲ့အနေနဲ့တော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ရေးဗျူဟာအရရော နိုင်ငံရေးအရပါ ပြန်လည်သုံးသပ်ရမယ့် တိုက်ပွဲတပွဲဖြစ်လာနေတယ်လို့ ထင်မြင်ယူဆရပါတယ်။ နှစ်ဖက်စလုံး အဆုံးအရှုံးတွေ များနေသည့်တိုင် ဘယ်ဘက်ကမှ နောက်ဆုတ်ပေးဖို့ ဆုံးဖြတ်မယ့် အနေအထားမဟုတ်ဘဲ စစ်ရေးအားပြိုင်ပွဲကသာလျင် အဆုံးအဖြတ်ပေးမယ့် အနေအထားမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar