Breaking News

ကိုနီတွတ် - အကျပ်အတည်း၊ အန္တရာယ်နှင့် အခွင့်အရေး

ကိုနီတွတ် - အကျပ်အတည်း၊ အန္တရာယ်နှင့် အခွင့်အရေး

မိုးမခ ၊ စက်တင်ဘာ ၁၆ ၊ ၂၀၂၅


危机 (wēijī) → 危=အန္တရာယ် + 机=အခွင့်အရေး → အကျပ်အတည်း

နွေဦးတော်လှန်ရေး ကနဦးကာလ မြန်မာပြည်သူများ လက်သုံးချောင်းထောင်၍ ပြည်သူ့အာဏာကို ပြည်သူအား ပြန်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်မှာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပါဝင်ခဲ့ကြသည်။ ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီး အလွှာစုံ။ အစိုးရဌာနများ၏ ဝန်ထမ်းပေါင်းစုံကလည်း နောက်မကျ။ အနုပညာရှင်များကလည်း လမ်းမပေါ် ထွက်ခဲ့သည်။ အခြား အသီးသီးသော ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းများကလည်း အိမ်ထဲမှာ မနေ၊ ပြည်သူများနှင့်အတူ ရပ်တည်ခဲ့ကြသည်။ အလွန့်အလွန် အံ့သြစရာကောင်းလောက်အောင်၊ ကမ္ဘာက မှင်တက်ရလောက်အောင် နိုင်ငံတဝန်း ဆန္ဒပြသူများ၏ အခြေအနေမှာ အမှန်တကယ်ပင် တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်ကြမည်ဟန်။ ည ၈ နာရီထိုးတိုင်း ၁၅ မိနစ်ကြာ သံပုံးတီးကာ အာဏာသိမ်း စစ်ဗိုလ်တအုပ်ကို တောထုတ် ဆန္ဒပြခဲ့သည်မှာလည်း ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံများနှင့် မတူသော တော်လှန်ရေး။ ဆန္ဒပြပွဲအစုံစုံကို ကမ္ဘာသိအောင် ဒရုန်းများဖြင့် ရိုက် လူမှုကွန်ရက်တွင် တင်ကြသည်မှာ အလွန်ကြည့်ကောင်း အားတက်စရာ ဖြစ်ခဲ့သော အခြေအနေများ။ ထိုအခြေအနေများကို မည်မျှပင် ကြည့်ကောင်းပါစေ၊ ကြည့်ကောင်းတိုင်း ထိုင်မကြည့်ခဲ့သည်မှာ အာဏာရူး မအလ။ ထိုအာဏာရှင်၏  ကြမ်းကြုတ်မှုများ၊ မညှာမတာ နှိမ်နင်းမှုများကြောင့် အာဏာရူးများအကြောင်း သိနေသော လူငယ်များကား လက်နက်စွဲကိုင် တော်လှန်မှဖြစ်မည်ဟူ၍ အစပြုတော်လှန်ခဲ့သော နွေဦးတော်လှန်ရေး ယခုတော့ ၅ နှစ်ပင် ပြည့်တော့မည်။

အဆင်အခြင်မဲ့ ပရမ်းပတာ ဖမ်းဆီး ထောင်ချ နှိပ်စက် လူသတ် ခေါင်းဖြတ် မြို့၊ ရွာများ မီးရှို့မှုများဖြင့် ပြည်သူများ ကြောက်လန့်အောင် လုပ်ခဲ့သော မအလ။ ကနဦးကာလတွင် PDFs များ၏ တူမီး၊လက်လုပ်များသာ ကိုင်တွယ်၊ စကမ အကြမ်းဖက် စစ်ကြောင်းများကို မိုင်းထောင် ပစ်ပြေးတည်းဟူသော လူငယ်များကို အလွယ်ထင်ခဲ့သော ဂျပုမအလ။ တိုင်းရင်းသား EROs များထံ စစ်ပညာသင်ယူပြီးနောက် မိမိတို့ဒေသ ပြန်ဝင်လာ၊ ပြည်သူအများ၏ ထောက်ပံ့မှုများဖြင့် လွတ်မြောက်နယ်မြေများ ရရှိအောင် တော်လှန်စွမ်းဆောင်နိုင်ခဲ့မှုများကို မျက်လုံးပြူးလာခဲ့သည်။

EROs တပ်များ ပါဝင်လာခြင်း၊ အရှိန်အဟုန်ကောင်းလှသော 1027 operation ၊ 1111 operationများ၊ ချင်းတပ်များ၏ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်မှုများကြောင့် မအလ ဦးဆောင်သောအာဏာရူးများ နောက်ဆုံး မျက်လုံးပြူးလာရုံမက ကယောင်ချောက်ချား ဖြစ်လာခဲ့ကြသည်။အာဏာလက်လွတ်ရမှာကို စိုးထိတ်လာကြသည်။ တိုင်းစစ်ဌာန ၂ ခုကျအောင် တိုက်နိုင်ခဲ့သော နွေဦးတော်လှန်ရေး။ ထိုအောင်မြင်မှုများစွာထဲတွင် အများစုမှာ လူငယ်များသာတည်း။ အန္တရာယ်မကြောက်၊ အခွင့်အရေးကို ရအောင် ယူတတ်သော လူငယ်များ၊ မည်မျှအကျပ်အတည်း ကြုံပစေ၊နောက်ဆုံး ခံစစ်အသေဖြင့် အထိုင်ချ ခုခံနေသော၊ စစ်ကို ကောင်းကောင်းမတိုက်ခဲ့ဖူးသော်လည်း ခပ်တည်တည် မိမိဘာသာ သက်တမ်းတိုးခဲ့သော ကာချုပ်ကြီး မအလ၊ အလည်လွန်သောဘီး ချေးနင်းလာပုံမှာ ရာထူးများစွာယူထားပြီး ဘယ်ဟာမှ လက်မလွတ်ရဲအောင် ထိုလူငယ်များက လုပ်ထားနိုင်ခဲ့သည်။ အနှီထိုလူငယ်များကပင် ၇၀ သက်တမ်းရှိလာပြီး၊ ကမ္ဘာ့အဆင့် ၃၈ ရှိသည်ဆိုသော တိုက်တိုင်းရှုံး စကမတပ်ကြီးကား မြောက်မင်းကို တောင်မင်း မကယ်နိုင်၊ မရှုမလှ ဖြစ်ရအောင် ထိုလူငယ် PDFs တပ်ဖွဲ့များပင် ဖြစ်ပါချိမ့်။

ကြံရာမရမအလ တရုတ် (မြန်မာပြည်သူများက တယုတ်ဟု အမည်ပေး)၏ အကူအညီဖြင့်လည်းကောင်း၊ ၂ နှစ် စစ်မှုမထမ်း မနေရမှသည် လူငယ်တိုင်း စစ်မှုမထမ်းမနေရဟူသော အဓမ္မဥပဒေကြောင့် လည်းကောင်း၊ လူငယ်များကို စစ်မှုထမ်းခိုင်းခဲ့သည်။ တရုတ် ကွန်မြူနစ် အာဏာရှင်နိုင်ငံ၏ ဘယ်တုန်းကမှ ပြည်သူ့အသံကို နားမထောင်ခြင်း၊ မြန်မာပြည်သူအများစုကို ဒုက္ခပေါင်းစုံပေးနေသည်မှာ မအလ၊ မတရားအာဏာသိမ်းထားခြင်းကြောင့် နွေဦးတော်လှန်ရေးဖြစ်လာရခြင်း ဖြစ်ကြောင်းနှင့် မအလသည် ICC ဝရမ်းထုတ််ထားခံရသော တရားခံဖြစ်ကြောင်းကို လျစ်လျူရှုခဲ့သည်။ တရုတ်၏ မြန်မာ့မြေပေါ်မြေအောက် သယံဇာတများကို ငမ်းတမ်းတက် ရယူလိုမှု လောဘကြောင့် လူယုတ်မာ မအလ၏ သွေးစွန်းလက်ကို ဆုပ်ကိုင်ကာ MNDAA ကို လားရှိုးပြန်ပေးစေခဲ့သည်။ TNLA ကိုလည်း နမ့်ဆန်၊ မန်တုံမှအပ ကျန်အသိမ်းအပိုက်ခံဒေသများကို ပြန်ပေးရန် ဖိအားပေးခဲ့သည်။ လွတ်မြောက်နယ်မြေအချို့ကိုလည်း စကမ အကြမ်းဖက်တပ်က ပြန်လည်သိမ်းယူလာနိုင်ခဲ့သည်။ ခံစစ်အနေအထားမှ ထိုးစစ်အနေအထားအထိ အားစမ်းလာခဲ့သည်။ ထိုအားစမ်းလာခဲ့သော တပ်၏ တပ်သားအများစုမှာ ပစဟု အတိုကောက်ခေါ်သော စစ်မှုမထမ်းမနေရ စုဆောင်း ပေါ်တာဆွဲခဲ့သော လူငယ်အများစု။

ဆန္ဒပြစဥ် ကာလဦးက ပါဝင်ခဲ့သော လူငယ်များ။ ထိုလူငယ်များကြောင့် ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေး၊ တော်လှန်ရေး၏ အောင်မြင်မှုများ။ ထိုအောင်မြင်မှုများထဲက အိမ်မပြန်နိုင်တော့သော လူငယ်များ၊ အိမ်ပြန်လာနိုင်သည့်တိုင် မူလပကတိအတိုင်း မစုံလင်တော့သော လူငယ်များ၊ စွန့်လွှတ်စွန့်စားရဲသော နွေဦးတော်လှန်ရေးသားကောင်း လူငယ်များ။ ၅ နှစ်ထဲအထိ ရောက်လာပြီဖြစ်သော အနှီတော်လှန်ရေးသည် ထိုလူငယ်များကြောင့် ဤမျှအထိ အောင်မြင်နေသည်မှာ ငြင်းမရ။ အနှီလူငယ်များကြောင့်ပင် တော်လှန်ရေး နှောင့်နှေးကြန့်ကြာနေသည်ဟု ဆိုလျှင်လည်း မမှား။အဘယ်ကြောင့်နည်း။ ထိုလူငယ်များထဲမှ စကမ လက်အောက်ခံ ဒေသများရှိ လူငယ်များသည် မိဘများက ခွင့်မပြု၍လော။ ထိုလူငယ်များကိုယ်တိုင် မစွန့်စားရဲ၍လော။ စကမအကြမ်းဖက်တပ်ကြီး၏ ရက်စက်မှုများကို ကြောက်၍လော။ အပေါ်ယံဆန္ဒပြခဲ့ခြင်းလော။ စကမအကြမ်းဖက်တပ်ကို ထောက်ခံနေခြင်းလော။ နိုင်ငံရေးအသိအမြင် မရှိ၍လော။ "အကျပ်အတည်း"တည်းဟူသော အခြေအနေကို အန္တရာယ်အကျခံပြီး အခွင့်အရေးမယူတတ်ခြင်းပေလော။ အမှန်ပင် ၂၁ ရာစုသားလူငယ်များသည် ခေတ်ကို အမီလိုက်နိုင်ပြီး ခေတ်ကြီးကိုလည်း ပြောင်းပြန်လှန်နိုင်သည်မှာ ထူးခြားချက်။

သို့သော် ထိုလူငယ်များ၏ စွမ်းအားကြောင့် အင်အားချို့တဲ့ ပြုန်းတီးလာခဲ့သော  စကမအကြမ်းဖက်တပ်ကြီး။ လွှတ်တော်လည်း မရှိ၊ သဘောတူညီချက်လည်း မရယူခဲ့သော စစ်မှုထမ်းဥပဒေကြောင့် အပတ်စဥ် (၁၆) ဆင်းရန်နှင့် အပတ်စဥ် (၁၇) ကို တာစူနေသော အခြေအနေများမှာ ထိုလူငယ်များ မြင်နိုင်လောက်ပါသည်။ တမြို့လုံး ပိတ်ပြီး အချီကြီး ဖမ်းဆီး ပေါ်တာဆွဲခဲ့ခြင်းများ ရှိသလို အလှူပွဲတွင် ဝင်ဆွဲခြင်း၊အလုပ်ပြန်ဆွဲခြင်း၊ ဘတ်စ်ကား အဆင်းဆွဲခြင်း၊ စက်ရုံ အလုပ်ရုံတွင် ဝင်ဆွဲခြင်း၊ ဘာသာစကားသင်တန်းများကိုလည်း ဝင်ဆွဲခြင်း စသဖြင့် တရားမဲ့ပြုကျင့်နေသည်ကို ဂျင်ဇီး ဆိုသည့် ထိုလူငယ်များ။ တရုတ်နှင့်ဆက်စပ်နေသောကြောင့် တရုတ်စကားကို ထိုလူငယ်များ သင်နေကြသည်မှာမှ ဟုတ်ရဲ့လား။ သတိမပြုမိ၍လော။

တရုတ်ဘာသာစကားတွင် "အကျပ်အတည်း"ဟူသော စကားလုံးသည် "ဘေးအန္တရာယ်နှင့် အခွင့်အရေး" သင်္ကေတနှစ်ခုကို ပေါင်းစပ်ထားဖြစ်သည်ဟု သိရသည်။ အာဏာရူး မအလကြောင့် ထိုအကျပ်အတည်းကို လူငယ်တိုင်း ကြုံတွေ့ခဲ့ရသည်၊ ကြုံတွေ့ရဆဲ၊ ကြုံတွေ့ရပါဦးမည်တည်း။ တစ်ခုရှိသည်မှာ "ဘေးအန္တရာယ်"တည်းဟူသော စစ်မှုထမ်းခြင်းမှ လွတ်မြောက်စေရန် PDFs တပ်ဖွဲ့များထံ ဝင်တော်လှန်ရန်တည်းဟူသော "အခွင့်အရေး"ကို အရအမိ မယူခဲ့သည့် ထိုလူငယ်များ၏အဖြစ်။

တဖန် ထိုဥပဒေ ပြဋ္ဌာန်းတော့မည်၊ ရယ်စရာ မဟုတ်ပါ၊ ကြိုတင်ရှောင်ရှားကြပါဟူ၍လည်း တတ်သိသူများက အကြံပြုခဲ့ကြသည်။ PDFs အဖွဲ့အသီးသီးမှ ဖိတ်ခေါ်ခဲ့သည်။ ကမ်းလှမ်းခဲ့သည်။ စည်းရုံးခဲ့သည်။ လမ်းပြခဲ့သည်။ သို့သော် စကမ လောင်းရိပ်အောက်တွင် အနေချောင်ပြီ ထင်ပြီး အချောင်နေခဲ့သော ထိုလူငယ်များ၊ စကမ၏ တိုက်တိုင်းရှုံး တိုက်ပွဲတိုင်း သေခဲ့ကြသည်မှာ ထိုလူငယ်များ အများစု။ 

ခေတ်စကားဖြင့်ဆိုရသော် အသာနေတော့ အသေနာခဲ့သည်။ PDFs လူငယ်များအနေဖြင့် စကမယူနီဖောင်းဝတ် လက်နက်ကိုင်လာသော ထိုစကမတပ်သားများကို ကိုယ်က မပစ်လျှင် သူက ပစ်လိမ့်မည်ဖြစ်ရာ ဦးအောင် ဆော်၊ အရင်ပစ်ခဲ့ရသည်မှာ စိတ်မသက်သာလှ။ စိတ်မကောင်းလှသော်လည်း အန္တရာယ်ကြားက အခွင့်အရေးမယူတတ်ခဲ့သော ထိုလူငယ်များ၏ မိုက်ပြစ်ဒဏ်ကို  ကယ်မရ။ နောင်တရခဲ့သော အလင်းဝင်လူငယ်များကိုတော့ မဖြစ်မနေ ရအောင်ကယ်ခဲ့ကြသည်။ဆုငွေပင် ပေးခဲ့၊ ချီးမြှင့်ခဲ့ကြသည်။ လူငယ်ချင်း တူသော်လည်း တွေးခေါ်ပုံချင်းမတူ။ စဥ်းစားပုံချင်း မတူ။ လက်ရှိ နိုင်ငံ့အရေး ဖြတ်သန်းပုံချင်း မတူ။

ထို့အပြင် ထိုတရုတ်လူမျိုး၊ စင်ကာပူသမ္မတကြီး လီကွမ်ယု၏ စကားတရပ်ကိုလည်း မီးမောင်းထိုးပြချင်ပါသေးသည်။ "ငြိမ်ငြိမ်လေး မတ်တတ်ရပ်ပြီး နေတာဟာ ပျက်သုဥ်း ပျောက်ကွယ်သွားဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်" တဲ့။ လက်ရှိ စကမ လွှမ်းမိုးထားသော ဒေသများရှိ လူငယ်များ၏ အခြေအနေများကို ကြိုတင်နိမိတ်ဖတ် ပြောကြားခဲ့ခြင်းပေလော။ ထို့ကြောင့် အာဏာရူး မင်းအောင်လှိုင်သည် ထိုငြိမ်ငြိမ်နေခဲ့သော လူငယ်များကြောင့် ခံစစ်မှ ထိုးစစ်ပြုလုပ်နိုင်ခဲ့သည်မှာ ငြင်းမရပါတည်း။ ငြိမ်ငြိမ်နေခဲ့ခြင်း၏ အကျိုးဆက်ကြောင့် ထိုလူငယ်များသည် သေနတ်ကိုင်တိုက်ပွဲဝင်နေသော်လည်း ဘာအကျိုးခံစားခွင့်မှ မရှိ။ ယုတ်စွအတုံး အတုံးအရုံးဖြင့် မရှုမလှ သေဆုံးရသည့်အပြင် စစ်ခွေးတွေ သေပစေ ဝမ်းသာတယ် ဟူသော  ပြည်သူ့အသံများကို သေရွာမှ ကြားနိုင်ကောင်းပါ၏။

အကြောက်တရားကို ရိုက်သွင်း၊ အနိုင်ကျင့်မှုများဖြင့် ဖိနှိပ်။ အချောင် အသေခံခိုင်းနေသော အကျပ်အတည်း ကြုံနေရသည်ကို မြင်နေရသော်လည်း အခွင့်အရေးမယူနိုင်ခဲ့ပဲ ငြိမ်ခံနေသည်မှာ ရင်နာစရာကောင်းလှသည်။ 

သမ္မတကြီး လီကွမ်ယု စကားအတိုင်း ပျက်သုဥ်းရုံမှတပါး အခြားမရှိပါ။ သို့သော် အခုထလုပ် အခုဖြစ်သည်လေ။ မြန်မာတော်လှန်ရေးမှာ ဧည့်သည် ကြာ၍ အိမ်သည်က အလွန်မုန်းနေပါသည်။ စကမ အကြမ်းဖက်တပ်ကား ဦးစီးမနိုင် ပဲ့စီးမနိုင်။ အကြံကုန် ဂဠုန်ဆားချက်နေခြင်းအဆင့်လောက်သာ ကျန်တော့သည်။ လျှောမွေးတစ်ကောင် ဗာရာဏသီချဲ့နေသည်မှာလည်း စုပေါင်းအားဖြင့် ဖြိုဖျက်နိုင်ပါတော့မည်။

တော်လှန်ရေး တတိယလှိုင်းလည်း စပါတော့မည်။ လိုလျှင်ကြံဆ နည်းလမ်းရပါသည်။ ထလော့ လူငယ်၊ လူငယ် ထလော့။ ထလော့ မြန်မာ၊ မြန်မာ ထလော့။ ငြိမ်ငြိမ်နေလျှင် ပျက်သုဥ်းပျောက်ကွယ်သွားပါလိမ့်မည်။ 

"အကျပ်အတည်း" တွင် "အန္တရာယ်နှင့် အခွင့်အရေး" နှစ်မျိုး ရှိသည်။ မြန်မာ့အရေး ဝင်ရှုပ်နေသော တရုတ်နှင့် တရုတ်အားကိုး ပုဆိန်ရိုး မအလနှင့် အာဏာရူးအဖွဲ့အား ထိုတရုတ်နည်းလမ်းအတိုင်း တော်လှန်ရေးကို ဝင်ရောက်ပါဝင် အောင်ပွဲဆင်နိုင်ကြပါစေသတည်း။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar