မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၄)
မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၄)
မိုးမခ ၊ စက်တင်ဘာ ၁၅ ၊ ၂၀၂၅
■
"အ အီနီဂါ"
"မောင်လေးရေ
ဟိုတလောက နင် ပို့ပေးတဲ့ ပိုက်ဆံကို စစ်ရှောင်တွေဆီ လှမ်းပို့ပေးဖြစ်တော့၊ အဲဒီရွာဘက်ကို တခြားရွာတွေကနေ ပြေးလာကြတဲ့ စစ်ရှောင်တွေ ရှိသေးတယ်တဲ့။ ဘာလိုသေးလဲ မေးတော့ အခုတော့ ရသေးတယ်၊ ရွာခံတွေက တစ်အိမ် ထမင်းတစ်အုပ် ပို့ပေးကြတယ်တဲ့။
ငါကလည်း အားပေးစကား ပြောတယ်။ မိတ်ဆွေတစ်ဦး လှူထားတဲ့ လက်ကျန်တချို့ ရှိသေးတယ်။ပို့ပေးမယ် ဆိုတော့ အခုတော့ ရသေးတယ်တဲ့။ နောက်ရက် လိုမှ ဖုန်းဆက်မယ်တဲ့။
မနေ့ကတော့ လက်နက်ကြီးကျလို့ ဆုံးသွားတဲ့ ဘကြီးတစ်ယောက်ရဲ့ နာရေးအတွက် ကျပ် ၁ သိန်း ထပ်ပို့ ကူလိုက်ပါတယ်။ အဲဒီဘကြီးက လက်နက်ကြီးသံတွေ ကြားတော့ နေမကောင်း ဖြစ်နေတဲ့ သူ့တူမကို တခြားနေရာ ရွေ့ပေးဖို့ လာကူတဲ့အချိန်၊ သူ ရောက်နေတဲ့ အိမ် ၂ လုံးကြားထဲ တည့်တည့်ကျလာတာတဲ့။
ဖြစ်ဖြစ်ချင်းတော့ ဆေးရုံ ပို့ကြသေးတယ်။ မနက် ၅ နာရီမှာ ဆုံးသွားတယ်လို့ သိရတယ်။အခြေအနေ မငြိမ်တာကြောင့် မနက် ၉ နာရီထိုးမှာ တစ်ခါတည်း သင်္ဂြိုဟ်လိုက်ရတယ်တဲ့။ ကျန်ရစ်တဲ့ သူ့မိသားစုဆီ ကူငွေ ၁ သိန်း သွားပို့ပေးဖို့ ကူဖြစ်တယ် ငါ့မောင်ရေ။ မင်းလည်း ကုသိုလ်ရအောင်လို့။
ငါတို့မှာ ဒီလိုပဲ အချင်းချင်း ဖေးမကြရတာပဲ။ ကိုယ် ပြေးလာရင် သူတို့က ကျွေး၊ သူတို့ ပြေးလာရင် ကိုယ်တွေက ပြန်ကျွေးပေါ့လေ။ တချို့တွေ အကြံပေးပုံ တယ်ကောင်း။ NUG ကို ပြောပြပါလားတဲ့။ ငါ့မောင်ရေ ငါတို့ ဌာနဆိုင်ရာတွေက ဓာတ်ပုံနဲ့ ဘာနဲ့ တင်ပြနိုင်မှ ပိုက်ဆံ ထုတ်ပေးတာတဲ့။ အဲဒီတော့ အလုပ်ရှုပ်လို့ ကိုယ့်ဘာသာ အိတ်စိုက်ပဲ လုပ်ပေးလိုက်တယ်။ လူတွေမှာ ပြေးလွှားနေကြရတာ၊ မျက်စိသူငယ် နားသူငယ်နဲ့။ အသက်ဘေးက ပြေးလွှားနေရတဲ့အခါ ပုံရိုက်ဖို့ မပြောနဲ့ ဖိနပ်တောင် ပါချင်မှပါတာ။ ငါကတော့ အတွေ့အကြုံ များနေလို့ ကြိုပြင်ဆင်ထားတော့ ရှူးဖိနပ်တို့၊ ပွိုင့်ဖိနပ်တို့ရှိတယ်။အဲဒါတွေနဲ့ ပြေးမှ ကျွတ်မကျတာလေ။
ဒါတောင် တစ်ခါတလေ ပြေးလာတဲ့ ပြည်သူတွေဆီက ထမင်းတောင်းစားရသေး။ တကယ်ပါ ငါ့မောင်ရေ၊ သူတို့က ပြေးလာရင်း သယ်လာတာလေးတွေ ချကျွေးကြတာ။ ငါက ငြင်းသေးတယ်။အိတ်ထဲ ဆောင်ထားတဲ့ ပေါင်မုန့် ပါတယ်၊ မစားတော့ဘူး ဆိုတော့၊ မရဘူး၊ အတင်းကျွေးတာ။ အဲဒါ သိမ်းထားပါ။ အစ်မတို့က တောက်လျှောက် ပြေးလွှားနေရတာ။ စားဖို့သိမ်းထားတဲ့။ အဲဒါအဖြစ်မှန်ပဲ။ ပြည်သူတွေက ငါတို့အဖြစ်တွေကို နားလည်နေပြီ။
■
ငါ့မောင်ရေ၊
ဒရုန်းအကြောင်း ပြောပြဦးမယ်။
တစ်ခါတော့ ပြေးလာတဲ့ စစ်ဘေးရှောင်တွေနဲ့ ထမင်းစားနေကြတုန်း၊ လေထဲမှာ အသံကြားရတယ်။ ဒရုန်း လာနေတယ်ဆိုတော့ အသံမထွက်ကြဖို့ အော်ပြီး အပြေးအလွှားပဲ၊ လက်ထဲက ဇွန်းလွှတ်ချပြီး လိုက်သတိပေးရတာ။ ငါတို့ ထမင်းစားနေတဲ့ နေရာနဲ့ လူအုပ်နဲ့က လယ်တစ်ကွက် ခြားတယ်။ သူတို့မှာ တိတ်ဆိတ်သွားကြတာ။မျက်နာငယ်လေးတွေနဲ့။ တစ်နေရာက အသံထွက်လာလို့ တိတ်တိတ်လေးနေဖို့ လှမ်းပြောရင်း သူတို့ဆီအကူး၊ အသံတွေ ဆူညံသွားတယ်။ အဲဒီလို နေရာပြောင်းလိုက်တာ ကံကောင်းသွားတယ် ငါ့မောင်ရေ။ တော်တော်ကံကောင်းသွားတာ။ ငါ ရောက်နေတဲ့ နေရာတည့်တည့်ကို ကျလာတာ၊ အလုံးကြီးဟဲ့။
အနားမှာရှိတဲ့ ကလေးမလေး နှစ်ယောက်ကို ပခုံးဆွဲပြီး အပင်သစ်မြစ်ဆုံကြီးအောက် တွန်းထည့်၊လူလည်း ပစ်ဝင်ချလိုက်ရော၊ အဲဒီအချိန်မှာ ကမ္ဘာပျက်သွားသလိုပဲ။ ဆူပွက်လို့၊ အသံတွေက သေနတ်နဲ့ ဝိုင်းပစ်သလိုမျိုး၊ ဘေးပတ်လည်ကနေ လက်နက်ငယ်တွေနဲ့ ပစ်တဲ့အသံမျိုးတွေ ထွက်လာတာ ဆိုတော့ စခကင်းပုန်းတွေ ဝိုင်းပစ်တာ ခံရပြီထင်တာ။
ငါ့မောင်ရေ ဒရုန်းတွေ လာရင်၊ အသံမထွက်ကြနဲ့၊ တိတ်တိတ်နေကြလို့ သတိပေးရတာက ဒရုန်းတွေက အသံလှိုင်းနဲ့ လိုက်နိုင်တယ်လေ။ ပိုအဆင့်မြင့်ရင် အပူချိန်နဲ့လည်း လိုက်လို့ရတယ်။ အဲဒါကြောင့် လူစုစုနေရင် အကာအကွယ်ရှိမှဖြစ်တာ။ ဒရုန်းတွေမှာ ကင်မရာတွေလည်း ပါတယ်လေ။ လူအုပ်က တောအုပ်သေးသေးလေးထဲ ရောက်နေလို့ပေါ့။ ဘေးမှာ ညောင်ပင်ကြီးလည်း ရှိတယ်။အတော်လေး ကျယ်ပါတယ်။
ငါက ထမင်းစားနေရင်းနဲ့ လူအုပ်ဆီ ထပြေးတာ။ ဝပ်နေကြပါ၊ ဝပ်နေကြပါ၊အသံမထွက်ကြနဲ့လို့ လိုက်အော်ရတာ။ ငြိမ်ငြိမ်လေးနေကြပါလို့။ တခြားအနီးအနားက လူတွေလည်း ဒရုန်းလာနေတယ်ဆိုတော့ တောအုပ်လေးထဲ ပြေးလာကြတယ်။ ဒရုန်းလာပြီဆို ပုစဥ်းတွေ ပျံသလိုမျိုး ဒီဒီ ဒီဒီနဲ့ ကြားရတယ်လေ။
ကွင်းထဲ ရပ်နေရင် ဒရုန်းစာမိသွားလိမ့်မယ်။
တက္ကသိုလ်က ဆရာတစ်ယောက်ဆို ဆိုင်ကယ်ပေါ် ခွလျက်တန်းလန်းကြီး။ တချို့လည်း မောင်းပြေးကြတယ်။ တောအုပ်အစပ်မှာ လူ သုံး လေးယောက် ကျန်နေသေးတယ်။
ငါ အဲဒီနား လည့်ပတ်ပြောနေတုန်း နောက်ဘက်နားက အသံထွက်လာလို့ လှည့်ပြီးသွားအပြော အပေါ်က ကျလာတာဟေ့။ ဆက်သွားလို့ကတော့ ခေါင်းပေါ်တည့်တည့်ပဲ။
ငါနဲ့ ပါလာတဲ့ ဆေးအဖွဲ့က ညီမလေးက ပြန်ပြောပြတယ်။ စောစောက ဆိုင်ကယ်ပေါ် ထိုင်နေတဲ့ဆရာလည်း ပဲခင်းထဲ ခုန်ဆင်းပြေးလို့ လွတ်သွားတာ။ တောအုပ်ထဲမှာ ဝပ်နေတဲ့ သူတွေက အကုန်လှမ်းမြင်ရတယ်လေ။ ဒရုန်းကျပြီးပြီးချင်း ငါ့မှာ icon ပါလာတော့ စက်ပေါက်ပြီး သတင်းပို့၊အကူအညီ တောင်းရတယ်။ တပ်စိတ်တစ်စိတ် ပို့ပေးပါ၊ ဒီမှာ "အီနာဂါ" ချသွားတယ်။ လူတွေ ထိသွားတယ်လို့ သတင်းလှမ်းပို့တော့၊ လုပ်စရာရှိတာ ဆက်လုပ်ပါတဲ့။
သိပ်မကြာပါဘူး။
အနီးဆုံးက တပ်စိတ်တစ်စိတ် ရောက်ချလာတယ်။ ဘယ်သူတွေ ထိသွားလဲ လှည့်ပတ်ကြည့်တော့ ထိခိုက်မိတာ ကလေးတွေလည်း ပါတယ်၊ ကျောင်းဆရာတွေလည်း ပါတယ်။ မိသားစုတစ်စုဆို သုံးယောက်လုံး ထိခိုက်ကုန်တာ။ ငါက သတိပေးရတယ်၊ လျှောက်မပြေးကြနဲ့၊ ငြိမ်ငြိမ်လေးနေပါလို့ လိုက်အော်ရင်း ဒဏ်ရာရသွားတဲ့ သူတွေကို သွေးတိတ်အောင် လုပ်ရတယ်။
ခေါင်းပေါင်း ပေါင်းလာတဲ့ အဒေါ်ကြီးတွေဆီက ချွတ်ပေးကြပါ ဆိုတော့ လာပေးကြတယ်။အပေါ်အင်္ကျီတွေ ပါရင် ဆွဲချွတ်၊ ထပ်စည်း၊ ပုဆိုးအပိုရရင် ပုဆိုးတွေနဲ့ စည်းရတယ်။ ငါတို့က ၂ ယောက်တည်း ဆိုတော့ မနိုင်မနင်းပေါ့။ အခြားဆေးအဖွဲ့တွေက အလှမ်းဝေးနေတယ်။ မလာနိုင်ကြဘူး။
အဲဒီမှာ ကလေးအမေတစ်ယောက်က လှမ်းခေါ်တယ်။ အစ်မကြီးရယ် ကျမသားလေး လာကြည့်ပေးပါဦးတဲ့။ ငါ သွားကြည့်တော့ အမေလုပ်တဲ့သူက သူ့သားလေးကိုပွေ့ထားတယ်။ သွေးတွေက ရွှဲလို့။ ကလေးက ၆ နှစ်၊ ၇ နှစ် အရွယ်လေး။ သွားပြီလို့ ငါ ထင်လိုက်တာ။ ရင်ဘတ် ထိသွားပြီပေါ့။ အမေလုပ်တဲ့သူကလည်း ကျမ သားလေး သွေးတွေ တအားထွက်နေပြီလို့ အော်အော်ပြီး ငိုနေတာ။ အဲဒီတော့မှ ကလေးက သူ့ဒဏ်ရာရတာသိပြီး သတိလစ်သွားတာ။ ကလေးဆိုတော့ သွေးတွေ မြင်တာနဲ့ သတိလစ်သွားရော။
ငါလည်း ပုဆိုးပေးကြပါ၊ ပုဆိုး ပုဆိုးနဲ့ အော်တောင်းရတယ်။ ကလေးကိုလည်း ပါးတွေ လှိမ့်ရိုက်ပစ်တာ။ မျက်စိဖွင့်စမ်း၊ ဖွင့် ဖွင့်၊ ငါ့ကို ကြည့်စမ်း၊ ငါ့ကိုကြည့်ဆိုပြီး။ ကလေးက သူ့ဒဏ်ရာ သူ မြင်ပြီး ဇက်လည်ကျသွားတာလေ။ သူ သတိမလစ်အောင် ငါက ပါးတွေ တွန်းရိုက်နေရတာ။ ဒဏ်ရာ ဘယ်မှာရလဲ လိုက်စမ်းတော့ လက်မောင်းအတွင်းဘက်ကို ဒရုန်းစဝင်သွားတာကိုး။ ဒဏ်ရာက တော်တော်လေးနက်တယ်။ ပါးတွေ တွန်းရိုက်၊ ရင်ဘတ်ကို အတင်းဖိတော့ ကလေးက သတိပြန်လည်လာတယ်။ တော်သေးတယ်၊ ဘာမှမဖြစ်ဘူး သားလို့ အားပေး၊ သွေးတိတ်အောင် လုပ်ပေးရတယ်။
ငါ့မောင်ရေ...
"အီနာဂါ" ဆိုတာ အရှည်က"၈"လက်မလောက် ရှိတယ်။ ရှည်ရှည်မျောမျော စခသုံး ဗုံးသီးပေါ့။ စစ်ဝေါဟာရနဲ့ ၄၀-မမ ဗုံးသီးလို့ ခေါ်တယ်။ ဒရုန်းမှာ ချိတ်နဲ့တွဲပြီး ပစ်မှတ်အပေါ်ကနေ ဖြုတ်ချလို့ရတယ်။ စခတွေရဲ့ ကပစ စက်ရုံက ထုတ်တဲ့ လက်နက်ပေါ့။ အဲဒီနေ့က လာချတာ ၃၊ ၄လုံးပဲ။
အီနာဂါအကြောင်း ငါ နည်းနည်းရှင်းပြမယ်။
သူ့ပုံစံက အတောင့်ရှည်ရှည်လေး။ လူကို ထိခိုက်မိပြီဆိုရင် အရေပြားပါတွန့်ပြီး စုတ်ပြတ်သွားတာ။ ထန်းလျက် ရှသလိုမျိုးပေါ့။ အထဲကို ဝင်သွားရင် ဓားရှသလို မဟုတ်ဘဲ ထန်းလျက်ရှသလို စုတ်ပြတ်သွားတာ။ အဓိကက သွေးအရမ်းထွက်တယ်။ သွေးကြောတွေ ပြတ်ထွက်တဲ့ အထိ ပြင်းတယ်။ ပွက်ခနဲ ပွက်ခနဲထွက်တာ။ သွေးလွန်ပြီး သေဖို့ တိုက်ခိုက်တာ။ ကလေးလေးကို ထိတာက အားနဲ့တစောင်းကြီး စိုက်ဝင်သလို ဖြစ်သွားတော့ သွေးတွေ ထွက်တာမှ မြင်မကောင်းဘူး ငါ့မောင်ရေ။
လာကူတဲ့ တပ်ခွဲရောက်လာတော့ ရှေ့မှာရှိတဲ့ ရွာတစ်ရွာကို စစ်ရှောင်တွေ ခွဲခွဲပြီး လွှတ်ရတယ်။ လူအုပ်ကြီးလိုက်သွားရင် ပိုအန္တရာယ်များတယ်လေ။ လူနာတွေကိုတော့ ဆိုင်ကယ်နဲ့ အရင်ပို့လိုက်ရတယ်။ စစ်ကြောင်းကလည်း နီးနီးလေးမို့ အမြန်အမြန်လုပ်ကြရတာ။ ဆေးပစ္စည်းတင်ထားတဲ့ ကားကြီးလည်း အမြန်ရွှေ့။ လူတွေ ကုန်ပြီဆိုမှ စောစောက ဆိုင်ကယ်ပေါ်က ခုန်ချရင်း ဒဏ်ရာရသွားတဲ့ ကျောင်းဆရာဆီ သွားကြည့်ပေးတယ်။ ရေသောက်ထားနှင့်ဆိုပြီး ရေဘူးပေးထားလို့ ရေကျန်သေးလားပေါ့။ ကိုယ်လည်းမောသွားတော့ ရေသောက်ချင်တယ်။ ပြန်ပေးပါဦး ဆိုတော့ စောစောက လာတဲ့တစ်ယောက်၊ ဘာမှလည်း ဝင်မကူဘူး။ ဘာတာဝန်နဲ့ဆိုလား၊ အဲဒါရှိတဲ့ ရေဘူးတွေ၊ မုန့်ထုပ်တွေ အကုန်ယူသွားတယ်တဲ့။ သူ လာကူတာက မကူတာ သက်သက်ကိုး။ ငါ တအားစိတ်တိုသွားတယ် မောင်လေးရေ။ ငါတို့မှာ အဲဒါတွေက လက်တွေ့ကြုံခဲ့တာချည်းပဲ။ NUG ပြုပြင်ရေး လုပ်မယ်ဆိုရင် အဲဒါတွေ သိထားဖို့ လိုမယ်။ နင် သိအောင် ပြောပြတာပါ။
အဲဒီနေရာကနေ ရွှေ့ကြတာ ရွာတစ်ရွာ ရောက်တော့ ကျန်ခဲ့တဲ့တစ်ဖွဲ့က ဖုန်းလှမ်းဆက်တယ်။ ဘာလဲ ပြောပါဆိုတော့၊
"အစ်မကြီးရေ ကျနော်တို့ချည်း မခံစားနိုင်လို့ အစ်မတို့နှစ်ယောက် ကြည့်ဖို့ ပုံတွေ ပို့လိုက်မယ်တဲ့။ ဘာပါလိမ့်ပေါ့။ ဖွင့်ကြည့်တော့ ငါတို့ ၂ ယောက် လူနာတွေဆီ သွားဖို့ ကျော်ခွပြေးလွှားနေတဲ့ သစ်ရွက်ပုံအောက်မှာ မပေါက်ကွဲသေးတဲ့ "အီနာဂါ"တစ်လုံး ။
ငါဖြင့် မောင်လေးရေ၊ ကျောချမ်းသွားတယ်။ ပြေးလွှားနေတုန်းကများ တက်နင်းမိလို့ကတော့ ဆိုပြီး။ သူတို့ကလည်း ငါတို့ အဲဒီလို သိစေချင်လို့ တမင်ပုံလှမ်းပို့ပေးတာ။ ပုံတွေကြည့်ပြီး လန့်သွားအောင်တဲ့၊ လုပ်ပုံက။
ရှေ့တစ်ရွာရောက်တော့ လူနာတွေကို ဆက်ကု။ ဘုန်းတော်ကြီးကို အကူအညီတောင်း။
စစ်ရှောင်တွေ နေရာချပေါ့။ ညနေ ရောက်တော့ စခတွေက လက်ဆောင်လှမ်းပို့ပါတယ်။ ကျလာတာက လက်နက်ကြီးကျည် ၂ လုံးလေ။
ငါ့မောင်ရေ၊
အဲဒါအညာဟဲ့၊အညာ။
နင့်ရဲ့ အစ်မကြီး။
■
မာန်(တောင်လုံးပြန်)
ဆက်လက်ဖော်ပြပါမည်။t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar