Breaking News

စစ်ကော်မရှင်တပ်တွေ မြန်မြန်ဆန်ဆန် ဝင်ရောက်ခြင်းခံရတဲ့ ကရင်ပြည်နယ် စစ်မျက်နှာ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၀ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၅

စစ်ကော်မရှင်တပ်တွေ မြန်မြန်ဆန်ဆန် ဝင်ရောက်ခြင်းခံရတဲ့ ကရင်ပြည်နယ် စစ်မျက်နှာ

ဒေါနတောင် ကျော်ဖြတ်ပြီး မြဝတီ - ကော့ကရိတ်မြို့တို့ကိုဆက်သွယ်ထားတဲ့ အာရှလမ်းကို ရက်ပေါင်း ၅၀၀ ကျော် KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်သိမ်းယူထားရာကနေ မကြာသေးခင် သြဂုတ်လထဲမှာ စစ်ကော်မရှင်ရဲ့ တပ်တွေက စစ်ကြောင်း ၃ ကြောင်းလောက် ခွဲပြီး တက်လာခဲ့ရာမှာ တနှစ်ကျော်ကြာပိတ်ဆို့ထားတာကိုဖောက်ထွက်နိုင်ခဲ့ပြီး စက်တင်ဘာ ပထမသီတင်း ပတ်မှာ အာရှလမ်းကိုထိန်းချုပ်နိုင်ခဲ့ပြီး သင်္ယန်းညီနောင်ဗျူဟာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

မြဝတီမြို့စောင့်တပ်လို့ ဆိုကြတဲ့ ခလရ (၂၇၅) ထဲမှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်တွေက အောင်ဇေယျစစ်ဆင်ရေးက စစ်ကြောင်းတွေ သင်္ဃန်းညီနောင်ဘက်တက်လာချိန်မှာ လက်နက်ကြီးနဲ့ ဝိုင်းကူပစ်ခဲ့ကြတာဖြစ်ပါတယ်။ ယမန်နှစ်ဧပြီလက သင်္ဃန်းညီနောင်ဗျူဟာနဲ့ အနီးတဝိုက်က တပ်ရင်းတွေ၊ ခလရ (၂၇၅ )တို့ကိုပါ KNU/KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ခလရ (၂၇၅) ကိုတော့ KNA အဖြစ် အမည်ပြောင်းခဲ့တဲ့ စောချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ် BGF က ကြားဝင်လက်လွှဲယူကာ စစ်ကောင်စီတပ်တွေကို ပြန်လည်နေရာယူခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခွဲတွေကြားက ဆက်ဆံရေးတွေက နိုင်ငံရေးရပ်တည်ချက်၊ မူဝါဒဆိုင်ရာတွေသာမက ကရင်အမျိုးသားဆိုတဲ့ အမျိုးသားရေးအပေါ်မှာလည်း အခြေခံတာ၊ ကေအန်ယူအဖွဲ့ဟာ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို မိမိတို့လူမျိုးအနေနဲ့ တပါတီထဲ လက်နက်ကိုင်တဖွဲ့ထည်းရှိရမယ်ဆိုတဲ့ပြင်းထန်တဲ့အယူအဆမျိုး ကိုင်စွဲခြင်းမရှိတာကြောင့် မှန်းဆရခက်ခဲတဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးစတင်ဖော်ဆောင် ခဲ့တဲ့ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ သမိုင်းတလျှောက် အတက်အကျအနိမ့်အမြင့်တွေ အမျိုးမျိုးကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ယမန်နှစ် နှစ်ဆန်းပိုင်းက KNU/KNLA အနေနဲ့ ကော့ကရိတ်၊ အာရှလမ်းတွေကို ထိန်းချုပ်နိုင်ခဲ့သလို မြဝတီမြို့နဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုပါ ထိန်းချုပ်ရရှိလုနီး အခြေအနေ ရောက်ခဲ့ရာမှ BGF လက်နက်ကိုင် အဖွဲ့က ကြားဝင်နေရာယူပြီး မြဝတီမြို့ကို ၁ နှစ်ကျော်ကြာ တစိတ်တပိုင်းထိန်းချုပ်ခဲ့ပါတယ်။ ဒီကာလတွေ အတွင်း KNU/KNLA အနေနဲ့ ကရင်ပြည်နယ် နဲ့ ထိုင်းနယ်စပ် တလျှောက်က နယ်ခြားမျဥ်း အနီးက စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတခု သိမ်းယူခဲ့ပြီး စစ်ကောင်စီ အဖို့ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးမှုတွေ တခုပြီးတခုရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် မကြာသေးခင်လပိုင်းတွေမှာ စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်၊ ကချင်၊ ကရင်နီ၊ ကရင် ဒေသတွေမှာ ဆုံးရှုံးထားတဲ့ နယ်မြေ၊ မြို့၊ စစ်စခန်းတွေကို ပြန်လည် ထိုးစစ်ဆင်ရယူဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရှမ်းမြောက်မှာ ထိုးစစ်ဆင်နေတာနဲ့ တပြိုင်နက်ထဲမှာ ကရင်ပြည်နယ်မှာလည်း အာရှလမ်း၊ မြဝတီတို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အခု တကြိမ် သင်္ဃန်းညီနောင်ကို ပြန်လည်ဝင်ရောက်လာနိုင်တဲ့ စစ်ကော်မရှင်တပ်တွေဟာ မြဝတီမြို့ထက်ကို ၄င်းမြို့ရဲ့တောင်ဘက်ကမှာ ရှိနေတဲ့ လေးကေ့ကော်၊ လက်ခတ်တောင် စတဲ့နေရာတွေကိုပါ ရက်ပိုင်းအတွင်း ဦးတည်ချီတက်ပြီး စက်တင်ဘာ ၉ ရက်နေ့မှာ လက်ခတ်တောင်ပေါ် ရောက်ရှိသွားပြီလို့ သတင်းတွေ ထပ်မံထွက်ပေါ်လာပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာတော့ မြဝတီမြို့ တံတားအမှတ် (၁) မှာလည်း စစ်ကော်မရှင်တပ်တွေ လာရောက်နေရာယူဖို့ လုပ်ဆောင်နေတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလနောက်ပိုင်း မြဝတီမြို့မှာ စစ်ကောင်စီရဲ့ အရပ်ဘက်ဌာနတွေ ဖြစ်တဲ့ လဝက၊ အကောက်အခွန်တို့လို ဝန်ထမ်းတွေ နှစ်နိုင်ငံ နယ်စပ်ဂိတ် တံတားအမှတ် (၁) မှာ ရှိပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ တနှစ်ကျော်ကြာ နေရာယူ ထိန်းချုပ်ခြင်းမပြုနိုင်ပဲနေခဲ့ရာက အခု အာရှလမ်း၊ သင်္ဃန်းညီနောင်ဗျူဟာ စတဲ့ နေရာတွေ သိမ်း ယူပြီးနောက်မှာ မြို့ကိုအပြည့်အဝ ပြန်ထိန်းချုပ်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ 

မြဝတီမြို့နယ်ထဲက နယ်မြေတွေ၊ စခန်းတွေနဲ့ သင်္ဃန်းညီနောင်ဗျူဟာကို  KNU/KNLA နဲ့ ပူး ပေါင်းတပ်တွေ တနှစ်ကျော်ကြာထိန်းချုပ်ထားနိုင်ခဲ့ရာက အခု လပိုင်း သီတင်းပတ်ပိုင်းတွေမှာမှ စစ်ကော်မရှင် တပ်တွေက စစ်အင်အားအများအပြား၊ ဒရုန်း၊ လေကြောင်းအကူတွေနဲ့ မြန်မြန်ဆန်ဆန် တိုက်ခိုက်သိမ်းယူ နိုင်ခဲ့တဲ့ အကြောင်းရင်းကို မေးခွန်းထုတ် စောကြောလာနေကြတာ ဖြစ်ပါတယ်။ KNU/KNLA နဲ့ ပူးပေါင်းတပ်တွေအဖို့ ခုခံစစ်ကို ပြင်းပြင်းထန်ထန်မဆင်နွှဲနိုင်ခြင်းက လက် နက်ခဲယမ်း အလုံအလောက်မရှိတာကြောင့်လား၊ စစ်ကော်မရှင်တပ်တွေအနေနဲ့ သာလွန်အင်အားတခုထည်းသာမက ဒရုန်းနည်းပညာနဲ့ ဒရုန်းလက်နက်တွေ ပေါပေါသီသီ အသုံးပြုနိုင်ခြင်းကြောင့်လား သို့တည်းမဟုတ် နယ်မြေ ကျွမ်းကျင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ BGF, DKBA တို့လိုအဖွဲ့တွေက လမ်းပြတာ ကူညီတာတွေကြောင့်လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ 

အကြောင်းရင်းတခုထည်းထက် အထက်ကအကြောင်းအချက် ၁ ခုမက ပြည့်စုံပြီး စစ်ကော်မရှင်တပ်က မြန်မြန်ဆန်ဆန်သိမ်းယူနိုင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

KNU/KNLA အဖို့ မြဝတီ-ကော့ကရိတ် ကျုံဒိုးစတဲ့ နယ်မြေတွေကို စိုးမိုးထိန်းချုပ်နိုင်ခြင်းဟာ နယ်စပ်ကုန်သွယ်ရေးကရရှိတဲ့အခွန်အကောက် တခုထည်းသာမက နိုင်ငံရေး စစ်ရေး မဟာမိတ်အဖွဲ့အစည်းတွေနေထိုင်လှုပ်ရှားနိုင်ဖို့ အတွက် နယ်မြေတခုကိုထိန်းချုပ်ထားနိုင်တဲ့သဘောဖြစ်ပါတယ်။ KNU/KNLA အနေနဲ့ ကရင်ပြည်နယ် မှာသာမက မွန်ပြည်နယ်ရဲ့ ဒေသအချို့၊ တနင်္သာ ရီတိုင်းနဲ့ ပဲခူးတိုင်း အရှေ့ခြမ်းတွေမှာပါ အခြေစိုက်စခန်းတွေလှုပ်ရှားမှုတွေရှိနေပေမယ့် ကရင် ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း မြဝတီ ခရိုင်ထဲက ဒေသအတွေက အရေးပါဆုံးဒေသတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

အခုလို စစ်ကော်မရှင်ဘက်က ထိုးလာတဲ့ထိုးစစ်ဆင်မှုနဲ့ လျင်လျင်မြန်မြန်သိမ်းယူနိုင်ခဲ့တဲ့ နယ်မြေတွေစခန်းတွေကို KNU/KNLA နဲ့ ပူးပေါင်းတပ်တွေဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလည်း အနှေးနဲ့ အမြန်ပေါ်ထွက်လာမယ့်အနေအထားရှိပြီး စစ်ကော်မရှင်တပ်တွေအနေနဲ့ ရွေး ကောက်ပွဲကိုအကြောင်းပြုပြီး နယ်မြေတွေ စစ်စခန်းတွေပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းမှုတွေ မကြာခင်ကာလတွေမှာ ပေါ်ထွက်လာလိမ့်မယ်လို့ မှန်းဆကြည့်ရပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar