Breaking News

အခါတော်ရောက်ချိန် နီးလို့လာပြီ၊ ဒေါ်ဒေါ် မမ နှမတို့ရေ … အသဲစွဲချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ



အခါတော်ရောက်ချိန် နီးလို့လာပြီ၊ဒေါ်ဒေါ် မမ နှမတို့ရေ … အသဲစွဲချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ

ကိုနီတွတ် (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၅

၂၀၂၁ခု၊နွေဦးတော်လှန်ရေးဖြစ်ပေါ်လာခြင်းကြောင့် အချိန်ကာလတိုတောင်းစွာ တိုင်းပြည်ကိုစီမံခန့်ခွဲမှုရခဲ့သော ပြည်သူ့အစိုးရ၏ အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်ခဲ့ပုံများက ပို၍ပေါ်လွင်လာလေဖြစ်၏။ ဒေါ်အောင်းစုကြည်၊ ဦးဝင်းမြင့်တို့သည် မည်သည့်လုပ်ငန်းမဆို အတူတကွဆောင်ရွက်သူများကို ဦးဆောင်စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။ သူတို့သည် တာဝန်သိစိတ်(Duty Consciousness)၊ တာဝန်ခံရဲသောစိတ်(Responsibilities)၊ လုပ်ချင်ကိုင်ချင်စိတ်နှင့် ထိုးထွင်းကြံဆလိုသောစိတ် (Intiative)စသည့် ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်း ကျင်မှုများနှင့်ပြည့်စုံကြသည်။ အတူတကွဆောင်ရွက်သူများ၏ ယုံကြည်ကိုးစားမှု၊စွမ်းအားပြည့်ပါဝင်ဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်လုပ်ကိုင်ကြသည်။ ပေါ်ပေါက်လာသည့်အခက်အခဲများ၊လိုအပ်ချက်များကို ဦးဆောင်ဖြေရှင်းခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များအပေါ် သြဇာညောင်းသည့်အပြင် မိမိတို့၏လိုအင်ဆန္ဒ၊သြဝါဒများကို ကြောင်းကျိုးဆက်စပ်ပေးပြီး လုပ်ကိုင်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ ဆိုရသော် ဗိုလ်သိန်းစိန်အစိုးရမှ လူထုအစိုးအစိုးရအား အာဏာလွဲပြောင်းရန် နောက်ဆုံးကာလများအတွင်း ယုတ်မာ ကောက်ကျစ် ညစ်ပတ် ပြောင်းသလင်းခါ ချွတ်ခြုံကျအောင် လုပ်ခဲ့သော ဗလာချည်နိုင်ငံတည်းဟူသော အကျိုးအပြစ်ကို ပြန်လည်ရုန်းထနိုင်အောင် တာဝန်ခံ လုပ်ကိုင်နိုင်ခဲ့ကြသည်များမှာ သက်သေပါတည်း။

မြန်မာပြည်သူပြည်သားများအပေါ် မေတ္တာနှင့် အုပ်ချုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ ပေါ့ပေါ့တန်တန် တွေးသူများအတွက် အရေးမပါ။ ပြက်ရည်ပြုချင်သူများအတွက် ရီစရာ။ အမြင်မတူသူများအတွက် မဲ့ရွဲ့ချင်စရာ။ ဒေါ်အောင်ဆန်းစုကြည်ကို အလိုမရှိသူများအတွက်မယုံကြည်စရာ။ မနာလိုသူများအတွက် မေးငေါ့စရာ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရ၏ ပြည်သူများအပေါ် ဆွဲဆောင်သိမ်းသွင်းနိုင်မှု၊ ခေါင်းဆောင်များ၏အသိဥာဏ်ပညာ၊ တိုင်းပြည်အပေါ်ထားရှိသောစေတနာတို့ကို သတိပြုမိဟန်မတူ။ တိုင်းသူပြည်သားများ၏ တခဲနက်ထောက်ခံမှု၊ ယုံကြည်ကိုးစားမှု၊ မျှော်လင့်အားထားမှု၊ တခုတ်တရပါဝင်ဆောင်ရွက်မှုတို့ကိုလည်း မျက်စိတိမ်သလ္လာဖုံးနေကြသည်။ မမြင်ဟန်ဆောင်နေကြသည်။ "စောင်ဖြူစောင်ကြား ခြုံ၍မလုံ၊ မေတ္တာခြုံမှလုံသည်" ဟူ သောရှေးစကားပုံသည် အလိုလိုပေါ်လာသည်မဟုတ်။ မေတ္တာဆိုတာ အလျားအနံမရှိ၊ အသွားအပြန်ရှိသည် အဆိုလည်း မကျင့်သုံးပဲနှင့် မခံစားနိုင်သည်မဟုတ်။ ချွေးထွက်များအောင် လုပ်ဆောင်ခဲ့ရသော အစိုးရနှင့်ပြည်သူ၊သူတို့၏ ချွေးနဲစာသည် သန့်ရှင်း၍အားရှိကြောင်း ၊(၅)နှစ်တာကာလတိုးတက်မှုများကို တမ်းတမ်းတတ မက်မက်စက်စက်ရှိိခဲ့သည်များက အလိမ်အညာမဟုတ်။

ဗိုလ်နေဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်

ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်စိုးဝင်းတို့ဦးဆောင်သောလူမိုက်တစ်အုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်။

ခေတ်အဆက်ဆက် တစ်ယောက်တည်းသောဒေါ်အောင်ဆန်းစုကြည်က တစ်ဖက်။ လက်နက်မပါ၊လက်ဗလာ၊ မေတ္တာကိုထမ်း၊ ငြိမ်းချမ်းရေးလမ်းကို ဖြောင့်ဖြောင့် လျှောက်လှမ်းခဲ့သည်။ နောက်တစ်ဖက်မှာတော့ ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်၊ မနာလိုဝန်တိုမှုများဖြင့် ဖောက်သောလမ်းတိုင်းက အကြမ်းဖက် ရက်စက်မှု၊ အနိုင်ကျင့်ဖိနှိပ်မှု၊ ပြည်သူပြည်သားများကို မစာမနာ ချနင်းမှု၊ တိုင်းပြည်ကိုချွတ်ခြုံကျအောင်လုပ်ဆောင်ထားမှု၊ တပ်မတော်သာအဖ တပ်မတော်သာအမိတည်းဟုသော အလွဲအမှားများဖြင့် လျှောက်လှမ်းခဲ့မှုတို့က တစ်ဖက်။ သူတို့လက်ထဲတွင် ခါးပိုက်ဆောင်တပ်ကြီးတစ်တပ်ကိုလည်း မောင်ပိုင်စီးထားသည်။ သူတို့ကျင့်သုံးခဲ့သော နိုင်ငံရေးလမ်းစဥ်များမှာလည်း ဒီမိုကရေစီလိုလို၊ ကွန်မြူနစ်လိုလို၊ ရီပါဘလစ်ကန်လိုလို၊ ကွန်ဆားဗေးတစ်လိုလို .. ကျီးလည်းမဟုတ် ကြက်လည်းမဟုတ်၊ အောက်ကလိအာ အာကလိအောက်။ အာဏာရှင်ဟုလည်း အထင်မခံချင်။ လုပ်နေသည်က တစ်သွေးတစ်သံ တစ်မိန့်။ ရေဗူးပေါက်တာမလိုချင်၊ရေပါတာပဲလိုချင်တယ် ဆိုသည်ကိုက အတင်းအဓမ္မ။ တယူသန်လမ်းစဥ်များ။ အနိုင်ကျင့်မှုများ။

ဘဝတလျှောက်လုံး အထက်ဖားအောက်ဖိ၊ တပ်မတော်သာအဖ တပ်မတော်သာအမိ၊ မြန်မာ့နိုင်ငံရေးကို အမြဲတမ်း ဦးဆောင်သည့်အဖွဲ့အစည်း ဖြစ်ရမည်၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးကို ယူထားရသူများဖြစ်၍ တဆင့်မြင့် အခွင့်ထူးခံနေရမည် စသဖြင့် လိုသလိုဆွဲယူထားသော အကြံအစည်အမှားများဖြင့် ဒေါ်စိန်အေးကျောင်းဆင်း မအလ။ ဗိုလ်နေဝင်း၏ ဇာတ်သိမ်းမကောင်းပုံကို သိသည်။ တချိန်တခါက တန်ခိုးထွားခဲ့သော သားသတ်သမား ဗိုလ်ခင်ညွှန့်လည်း အဆုံးသပ် မလှပုံကို မြင်ရသည်။ တိုက်ပွဲများကို မည်မည်ရရသာ မတိုက်ဘူးတာ၊ သူ့ဆရာဗိုလ်သန်းရွှေနှင့် ခြောက်လုံးတန်းကိုလည်း လှုပ်ရှားမရအောင်လုပ်ထားခဲ့သည်။ တရုတ်ကြီးက မတတ်သာလို့သာ ဆက်ဆံနေရတာကိုလည်း သဘောပေါက်သည်။ ပြည်သူများကအလိုမရှိတာကိုလည်း မတွေ့ချင်အဆုံး။ သူ့အနီးနားနေ သူ့ကိုအံတုနိုင်သူများ၏ မကျေနပ်ချက်များကိုလည်း ခံစားသိထားသည် ။ အကြောက်တရား များကြောင့် ရှင်းလင်းစရာများကို ရှင်းပစ်ခဲ့သည်။ ယုတ်စွအဆုံး လက်နက်လည်းမရှိ၊ ကိုင်ရန်လည်းမလိုသော ငြိမ်းချမ်းရေးသမား၊ မေတ္တာရှင်ကြီးဒေါ်အောင်ဆန်းစုကြည်၏ အသိဉာဏ်ပညာကြီးမားမှု၊ လိမ္မာပါးနပ်မှု၊ မဆုတ်မနစ်ကြိုးစားမှု၊အဖွဲ့အစည်းဗဟိုပြု ခေါင်းဆောင်မှုက မအလ ဖြစ်ချင်သော သမ္မတအိမ်မက်ကြီးရှေ့က ကာဆီးနေသည်ကိုလည်း သဘောပေါက်ထားသည်။

လူထုအစိုးရတက်လာစဥ်က သက်တမ်း(၆)သာ ခံမည်ဟု အမြင်ရှိခဲ့ကြသည်။ အုပ်ချုပ်ရေးအတွေ့အကြုံဘာမှမရှိ။ နိုင်ငံတော်ကို နိုင်နင်းစွာအုပ်ချုပ်နိုင်မည်မဟုတ်ဟု အထင်သေးခဲ့ကြသည်။ ထိုအတော်အတွင်း ကာချုပ်သက်တမ်းကလည်း ကုန်တော့မည်။ သက်တမ်းတိုးမှဖြစ်တော့မည်။ သူ မတော်မတရားရယူခဲ့သော စည်းစိမ်ဥစ္စာများ၊ အရိပ်မည်းကြီးထိုးနေသော ရိုဟင်ဂျာခေါ် ဘင်ဂါလီလူမျိုးများအား မျိုးတုံးသတ်ဖြတ်ခဲ့မှု၊ ဘာသာရေးအဓိကရုန်းများ၊ လူမျိုးရေးပဋိပက္ခများ၊ တိုင်းရင်းသားများဒေသအတွင်း အနိုင်ကျင့်ခဲ့သောမတရားမှုများနှင့် ICCဝရမ်းထုတ်ထားမှုတို့ကလည်း သူ့ကို ခေါက်လှန့်နေသည်။ လူထုအစိုးရကလည်း ကာလုံအစည်းအဝေးကိုမခေါ်။ အဖက်မလုပ်။ အရေးပေါ်ကိစ္စမရှိ၍ ခေါ်ဖို့ကလည်းအကြောင်းမရှိ။ မအလ ခပ်တည်တည် အရှက်မရှိ အရူးထလိုက်ပုံက သူ့ကိုယ်သူ ကာချုပ် သက်တမ်းတိုးလိုက်သည်။ နောက်ဆုံး ၂၀၂၀ ရွေးကောက်ပွဲအပြီး သူ့အား သမ္မတခန့်ပေးရန်အထိ ဗြောင်ကျကျတောင်းဆိုခဲ့သည်။

သမ္မတကို ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သော လွတ်တော်အမတ်များ၏ လွတ်တော်မှ ခန့်ထားရသည်ကို မျက်ကွယ်ပြုပြီး ယခုရာထူးကလည်းတရားမဝင်၊ သူတို့ဦးစီးရေးဆွဲခဲ့သော စာအုပ်အစိမ်းကြီးအတိုင်းလည်း မလိုက်နာ၊ ခပ်မိုက်မိုက်လူငယ်များကဲ့သို့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ပစ်လိုက်သည်။ အရှက် သိက္ခာမဲ့စွာ" မလုပ်ရဲတာဘာမှမရှိ"ဟုသော တလွဲဆံပင်ကောင်းဖြင့် ရွေးကောက်ပွဲအရှုံးသမားများ ၏မြှောက်ထိုးပင့်ကော်မှုများ၊ အရှုံးကိုလက်မခံသော ကြံ့ဖွတ်အယုတ်တမာများကြောင့် သွေးနထင်ရောက်ခဲ့သည်။

ဉာဏ်ကိုပြိုင်လို့ရသည်၊ ကံကိုပြိုင်လို့မရ။ လူထုအစိုးရ၏ဆောင်ရွက်ခဲ့မှုများ၊ ဆောင်ရွက်ဆဲစီမံကိန်းများ၊ အနာဂတ်စီမံချက်များသာ တဖြည်းဖြည်းခြင်း ရှေ့ကိုတိုးတက် ထိုးထွက်ခဲ့သည်။ အမိန့်ပေးအုပ်ချုပ်ခြင်းထက် အသင်းအဖွဲ့စိတ်ဓာတ်ကို နိုးဆွ၍ တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန် အကြံဉာဏ်ဖလှယ်ခြင်း၊ ညှိိနှိုင်းတိုင်ပင်ခြင်း၊ အတူတကွ ပါဝင်ပူးပေါင်းဆောင်ရွက်သည့်ပုံစံ (Participatory Leadership Style) ဖြင့် အခွံချည်းကျန်ခဲ့သော ဗလာနိုင်ငံတော်ကြီးကို နိုင်ငံတကာအလယ်တွင် လူရိုသေရှင်ရိုသေ လုပ် ဆောင်နိုင်ခဲ့သည်။ ကမ္ဘာ့အနာရောဂါဖြစ်ခဲ့သော Covid-19ကိုလည်း ကမ္ဘာကအတုယူရလောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ နိုင်ငံတကာရေးရာတွင်လည်း မျက်နှာမငယ်ခဲ့စေရ။ အတောင်နှစ်တယ်ဝတ် မင်းယောကျ်ား ဒေါ်စိန်အေးကျောင်းဆင်းများကြောက်ခဲ့ရသော တရုတ်နိုင်ငံကိုလည်း အညှာကိုင်လှုပ်နိုင်ခဲ့သည်။ ဦးမော့ရင်ကော့စွာ ဆက်ဆံခဲ့သည်။ ရွေးကောက်ပွဲတိုင်းလည်း ပြည်သူလူထု၏သောင်ပြိုကမ်းပြိုထောက်ခံမှုများ ရရှိခဲ့သည်။ ထိုသို့ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်ခဲ့သည်ဆိုငြား ဇာတ်ပုဏ္ဏား မအလကား အစားဆင်ခြင်ရကောင်းမှန်း မသိခဲ့။

ပြည်သူ့အစိုးရသည် မဲမသမာမှုလုပ်ခဲ့သည်။ ဖြေရှင်းမပေးခဲ့၍ အာဏာထိန်းရသည်ဟု လေပြေထိုးပြီး တရားမဝင်တပ်ချုပ်ကား.အသွားမဆင်ခြင် ဇာတ်ရှုပ်ပုံကိုစ၍ကခဲ့ပုံက စျေးသည်မ ခံတောင်း တွေ့ကရာသောင်းပြောင်း။ ဆူးလှည်းကြီးမောင်းလာသလို ဟိုငြိ ဒီငြိနှင့်။ ခေတ်ပြောင်းလို၍ ပြည်သူခေါင်းများကိုပစ်သည်။ လက်သုံးချောင်း အေးချမ်းစွာဆန္ဒပြခဲ့မှုကို ကျည်အစစ်ဖြင့် အကြမ်းဖက်ဖြိုခွဲသည်။ မတရားဖမ်းဆီးထောင်ချသည်။ စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်သည်။ တော်လှန်ပြည်သူများကို ရန်သူသဘောထားသည်။ တပ်မတော်ကိုမထောက်ခံလျှင် ပြည်သူမရှိ၊ အကုန်ရန်သူသတ်မှတ်သည်။ လူမကျန်ရင်နေ မြေကျန်လျှင်ရပြီ ဟုသောရက်စက်မှုများဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်သည်။ လူနေအိမ်ခြေ မြို့ပြ ကျေးရွာများကို မီးရှို့ပစ်သည်။ အစုစုသောတော်လှန်ရေးတပ်များ၏ ပြန်လှန်တိုက်ခိုက်မှုများကြောင့် ပြုန်းတီးခဲ့ရသောစစ်အင်အားကိုဖြည့်ရန် လူငယ်တိုင်း(၂)နှစ်စစ်မှုမထမ်းမနေရမှသည် လူငယ်တိုင်းစစ်မှုထမ်းရမည် လုပ်လာသည်။ မြန်မာပြည်အနှံ့ လေတပ်အားကိုးဖြင့် ပေါင်၅၀၀/၂၅၀ဗုံးများဖြင့် ကျဲချသည်။ တရုတ်ပြည်ဆွေးနွေးပွဲတွင်ပြောကြားခဲ့သော လူမိုက်ဗိုလ်ထွန်းထွန်းနောင်၏ စကားနှင့်အံကိုက်။ မဂ်လာဆောင်၊ အလှူပွဲ၊ အသုဘပွဲများကိုလည်းမရှောင် အလွတ်မပေး။ လူစုစုရှိလျှင်ကျဲချသည်။ တစ်ပြည်လုံးဗြောင်းဆန်ကုန်သည်။ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ဘာသာရေး စသဖြင့် အားလုံးတို့သည် သုည။ ထိုသုညရှေ့ကပင် အနုတ်လက္ခဏာတပ်ရလောက်အောင် မြန်မာပြည်ကြီး ဆင်းရဲဒုက္ခ တွင်းဆုံးကျတော့သည်။ လုပ်သမျှ ရှုပ်ပွနေသည့်အပြင် တရားဆန့်လျှင်ရှုံး စကားဆန့်ကျင် မုန်းခံရတတ်ကြောင်းကိုလည်း မသိ။

ဖြစ်သမျှဇာတ်ကြောင်းတို့သည် ပြည်သူ့အစိုးရ၏စီမံခန့်ခွဲမှုမမှန်၍ဟု အပြစ်ဖို့သည်။ နိုင်ငံတကာကမထောက်ခံသည်မှာလာ်း ပြည်သူ့အစိုးရကြောင့်ဟု အပြစ်တင်သည်။ ပြည်သူများသူ့ကို မထောက်ခံသည်မှာလည်း ပြည်သူ့အစိုးရ၏သွေးထိုးမှု့ကြောင့်ဟု လက်ညှိုးထိုးသည်။ အရာရာမအောင်မြင် ရှုံးနိမ့်မှုများသည် NLDအစိုးရ၏ နိုင်ငံတော်အာဏာကိုလုယူရန် ကြံစီမှုကြောင့်ဟူသတတ်။ သူလုပ်ခဲ့သော မမှန်မကန် မတရားမှုများကိုတော့ နည်းနည်းလေးမျှပင် လေသံမထွက်။ မအလ ဦးဆောင်သော လူမိုက်နစ်အုပ်ကား အခွင့်ထူးခံလူတန်းစားများဟု သဘောထားကြသည်။ လူသတ်လိုင်စင်ထုတ်ပေးသည်။ ပြည်သူပိုင်များကို ခိုးဆိုးလုယှက်ခွင့်ပြုသည်။ လုပ်သမျှတရားဝင်လိုလို။ ပြည်သူအပေါ် ရက်စက်မှု သရဖူတောင်းနေခြင်းကိုလည်း မသိကျိုးကျွံ ပြုထားသည်။ ဘိုးဘွားပိုင်အဖြစ်နေလာခဲ့သော.ပြည်သူပိုင်များကိုလည်း တပ်ပိုင်မြေအဖြစ်ပြောင်းပစ်နေသည်မှာ များစွာ။ ယခုလည်းရွေးကောက်ပွဲလုပ်ဦးမည်။ မဲမပေးလျှင် ခွေးဖြစ်မည်ဟု ဆိုသူကဆို၊၊ သူတို့ပါတီဝင်ဖြစ်ဘျှင် စစ်မှုထမ်းမထမ်းစေရဟု လိမ်သူကလိမ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန်ကြံသူကကြံ။ ပြည်သူမပါသော ရွေးကောက်ပွဲတွင် ပွဲလန့်တုံးဖျာခင်းရန် အားကြိုးမာန်တက်လုပ်သူကလုပ်။ (တစ်ခါမှအနိုင်မရဘူး၍ ဤပွဲတွင်အနိုင်ယူရန်ကြံနေကြသည်။ )EROs၊ NUG၊ PDFs များ သိမ်းပိုက်ထားသောမြို့နယ်များကိုလည်း မဲပုံးထောင်ရန်ကြိုးစားသူကကြိုးစား။ မအလ ခါးပိုက်ဆောင်တပ်များ၊ စခ၊ ရခ၊ ပခ၊ မဘသ၊ စစ် ကျွန် Non-Cdmsဝန်ထမ်းများ၊ ဘောမများ၊ အလိုတူအလိုပါများ၏ အထက်ပါလုပ်ဆောင်ချက်များကြောင့် ပြည်သူများမှာ စားကာ စားရ၏ မဝ။ စားရပါလည်း တလုတ်တဆုတ် ၊ဝတ်ရပါလည်းအစုတ်အနုတ်၊ အိပ်ရပါလည်း တငုတ်တုတ်တုတ်။ အနီးကကြည့်လည်းမရ ၊အဝေးကကြည့်လည်းမလှ။

မိမိတို့ရပ်ရွာတွင်လည်း နေမရ။ အိမ်ရှိ၏ ပြာပုံဖြစ်သွားပြီ။ အနှစနှစ်အလလက စုဆောင်းခဲ့သော ချွေးနဲစာများ ပြည်သူ့ချဥ်ဖတ်များက လုယူခိုးသွားကြသည်။ စာသင်ကျောင်းများရှိ၏၊လေယာဥ်ဗုံးကျဲချ၍ ခေါင်းလောင်းထိုးသံ မကျယ်တော့။ ဆေးရုံဆေးခန်းများရှိ၏ ၅၀၀ဗုံးများက ဖျက်ဆီးပစ်လိုက်ပြီ။ တရားနာရန်၊ ဥပုသ်စောင့်ရန်၊ သီလဆောက်တည်ရန်၊ သရဏဂုံပေးရန် သံဃာတော်များရှိ၏၊ လူယုတ်မာများ၏ လေယာဥ်ဒဏ်ကြောက်၍ ဘုရားနှုတ်ခပတ်တော်များရွတ်ဆိုသံတွေလည်း အပြေးအလွှား။ ဗုဒ္ဓဘါသာဝင်များ ဆွမ်းတော်တင်ရန်ရှိ၏၊ "အနေကဇာတိ သံသာရံ...."အစချီဂါထာဖြင့်အသက်သွင်းထားသော ကိုယ်စားတော်များ လက်တော်ကျိုး၊ခြေတော်ပြတ်၊ လည်ပင်းတော်ပျက်ရှ၊ ဝမ်းတော်ကွဲ။ ဘုန်းတော်ကြီးများလည်း အိန္ဒြေသိက္ခာမဲ့စွာ သွားလာနေရသည်။ ချပ်ကျောင်းတော်၊ ဗလီ စသည်တို့သည်လည်း ကျည်ဆံရာဗလဗွ။ သင်းအုပ်ဆရာ၊ မော်လီဆရာတို့သည်လည်း ဘာသာရေးဆုတောင်းပေးနေမှုများ ရပ်သွားတော့သည်။ ပြေးလွှားရှောင်ပုန်း နေရတော့သည်။

မိသားစုများအေးချမ်းစွာ အတူမနေရ။ မိဘဆွေမျိုး ဘိုးဘွားများကစစ်ရှောင်းရင်း သားသမီးများက PDFတပ်ထဲဝင်၊ နွေဦးတော်လှန်ရေး ဆင်နွှဲနေကြသည်။ လမ်းခုလတ်တွင် ကျန်ခဲ့သူ ကျ န်ခဲ့ပြီ။ အံ့သြစရာကောင်းသည်ကား (၅)နှစ်ထဲရှိလာပြီဖြစ်သော အကြမ်းဖက်လူသတ်ဂိုဏ်းချုပ် သတိုးမဟာသုနက္ခ ၊လူမိုက်ဗာလများ၏အရှင်သခင်၊ ကမ္ဘာ့အဆဲခံရဆုံး စံချိန်ဝင် ၊အလောင်းစီသူမင်းကြီး၏ ဗရမ်းဗတာ လုပ်ရပ်များကြောင့် ပြည်သူများမှာ အနေ အစား အအိပ် မည်မျှပင်ဆင်းရဲကမ်းတမ်းပစေ၊ ဇွဲမလျှော့ နောက်မတွန့်။ နွေဦးတော်လှန်ရေးတပ်များသည်လည်း သူတစ်လူ ငါတစ်မင်းမှသည် စုပေါင်းလက်တွဲ တော်လှန်ရေးကိုဆင်နွဲလာကြသည်။ ခဲယမ်းများစျေးကြီး ရှားပါးလာမှုကိုလည်း မကြောက်၊၊ မရ ရသည့်နည်းဖြင့် မအလ၏ ဓမြတပ်ကြီးကို စစ်ဦးချိုးနေကြသည်။ စစ်မှုမထမ်းမနေရဥပဒေကြောင့် တစ်မျိုး၊.မြန်မာ့ပြည်တွင်းရေးကို ဝင်ရှုပ်နေသော ကိုယ်ကျိုးရှာအတ္တသမား တရုတ်နိုင်ငံကြောင့်တစ်ဖုံ စစ်ရေးဦးမော့လာနေသည်ဟုဆိုင်ပေငြား မအလနှင့် လူယုတ်မာတစ်အုပ်တို့၏ ပစများကို ချနင်းနေမှုများကြောင့် မည်သည့်စစ်မျက်နှာတွင်မဆို မြင်မဆုံး အတုံးအရုံး။ ပြည်တွင်းပြည်ပ မြန်မာပြည်သူများ၏အားပေးမှုများကလည်း လူယုတ်မာတို့ကိုသွေးပျက်စေသည်။ တစ်ခါရုံးတိုင်း အရှုံးချည်းဖြစ်နေသော မအလကား ယခုတော့ ရှုံးမဲ မဲနေသည်မှာ သူ၏အကြောက်လွန်နေမှုများဟု ဆိုနိုင်သည်။

ဆရာကြီးဦးဝင်းတင်က "အသင်းအဖွဲ့ဖွဲ့ခြင်းသည် တစ်ဗိုလ်တစ်မင်း အစွမ်းပြရန်မဟုတ်။ လူပေါ်လူဇော်လုပ်ရန်မဟုတ်။ သူဖြူလျှင် ငါမည်းရန်လည်း မဟုတ်။ ပူးပေါင်းလက်တွဲလုပ်ဆောင်ကြရန်သာဖြစ်သည်ဟု ဆိုခဲ့ဘူးသည်။ ပြည်သူ့အစိုးရသည် ဤအဆိုအတိုင်း တိုင်းပြည်ကို တိုးတက်စေရန်နှင့် အခြားနိုင်ငံများနှင့်အတူ ယှဥ်ဘောင်တန်းနိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ သူတစ်ပါး မြှောက်ပေးလျှင် ဟိုဟာ တက်အောင် ကတတ်သော မအလငတိကား အရည်အချင်းလည်းမရှိ။ ပြည်သူတင်မြှောက်ထားသောခေါင်းဆောင်လည်း မဟုတ်။ ခေါင်းဆောင်လည်း မပီသ။ အတ္တကြီးသူ၊ တယူသန်သူပီပီ "ငါတို့ရှုံးလျှင် တစ်တိုင်းပြည်လုံး ပြာချပစ်မည်"ဟုဆိုပြီး အကြောက်တရားတို့ကို တိုး၍တိုး၍ ဖိနှိပ်ခဲ့သည်။ သို့သော် ငြိမ်းခါနီးဖယောင်းတိုင်၊ရေနံဆီမီးခွက်တို့မည်သည် ငြိမ်းခါနီးလေ ပိုတောက်လေ။ မအလနှင့် လူမိုက်တစ်အုပ်သည်လည်း ကျရှုံးခါနီးလေ ပိုရက်စက်လေဟု ဆိုရမလား။ ပြည်သူများကား ထူးပြီးကြောက်လန့်မနေတော့။ တော်လန်ရေးတပ်များကလည်း မတူတာခွဲ တူတာလက်တွဲ လုပ် ဆောင်လာကြပြီ။ နောက်ဆုတ်သွားသောသြဇာခံတပ်များ မပါချင်နေပစေ။ နွေဦးတော်လှန်ရေးစကတည်းက သူတို့နှင့်မဆိုင်ဟုဆိုကာ အနေသာကြီး နေခဲ့သော ပဲပုတ်တပ်တွေမပါချင်လည်းနေပစေ။ စကတည်းက ငါတို့မှာငါတို့ပဲရှိသည်။ ကိုယ့်အားကိုယ်ကိုးရင်း တော်လှန်လာခဲ့သည်။ ထိုအထဲမှ ၂၁ ရာစုသား မြင်းခြံမှ MBT တပ်ဖွဲ့ခေါင်းဆောင်၊ အသက်၂၅နှစ်အရွယ် ဗိုလ်မိုက်ခဲ၏ ပြည်သူများသို့ ရဲရဲတောက်အမှာစကားအချို့နှင့် အဆုံးသပ်ရသော် ...

"ကျွန်တော်တို့ ၂၁ရာစုလူငယ်တွေ သည်ပွဲမှာအမြစ်ပြတ်အောင် ၈၈က အကြွေးမီးလို့ပဲပြောပြော ၊ ဘယ်ဟာရဲ့အကြွေးမီးလို့ပဲပြောပြော၊ တစ်ခါတည်းအမြစ်ပြတ်သွားအောင် အကြေချေခဲ့မှာ၊သင်ပုန်းချေခဲ့မှာ၊ အမြစ်ကနေဆွဲလှန်ပြီး ထားခဲ့မှာ။ ကျွန်တော်တို့ သား မြေး မြစ် မျိုးဆက်တွေကြရင် အာဏာရှင်စနစ်ဆိုတာဘာလဲ၊ သမိုင်းစာအုပ်ထဲ ဖတ်လှန်ပြီးတော့ သူတို့ လေ့လာစူးစမ်းရအောင်လုပ်သွားမှာ။ သည်တော့ ပြည်သူလူထုအနေနဲ့ မပူနဲ့။ ကျွန်တော်တို့ ဘယ်လေပြေပဲ လိုချင်ချင်၊ ဘယ်ရောင်နီပဲ လိုချင်ချင်၊ မုန်တိုင်းကို မကျော်ဖြတ်သရွေ့ မတွေ့နိုင်ပါဘူး။ အဲကြတော့ ဒါ မုန်တိုင်းတခုလို့ပဲ သဘောထားလိုက်ပါ၊ သေချာတယ် မုန်တိုင်းကြမ်းလေလေ ရောင်နီနဲ့နီး လာလေလေလို့ပဲ သဘောထားလိုက်ပါ။ "


(CDMဗိုလ်မှူး တင်လင်းအောင်နှင့် ဗိုက်မိုက်ခဲအင်တာဗျူး ယူကြု့မှ)

သေချာပါ၏။

"အခါတော်ရောက်ချိန် နီးလို့လာပြီ၊ ဒေါ်ဒေါ် မမ နှမတို့ရေ … အသဲစွဲချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ "ဟူသော အေဝမ်းဆရာညှာ၏သီချင်းလေးကို သံပြိုင်သီဆိုရင်း

(၂၈-၈-၂၀၂၅)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar