Breaking News

မောင်ဘဦး - တလွဲ ဆံပင် ကောင်းချင်ကြသူများ

မောင်ဘဦး - တလွဲ ဆံပင် ကောင်းချင်ကြသူများ

မိုးမခ ၊ စက်တင်ဘာ ၂၂ ၊ ၂၀၂၅


"လမ်းလျှောက်ပြန်လာတယ်ပေါ့။ လာ... ဗျ။ လက်ဖက်ရည် ရှိတယ်။ ၂၅၀၀ ပါဆယ်ကို ၂ ယောက်ဆွဲကြတာပေါ့ဗျာ။"

"ဖုန်းနားကြပ်ကြီးနဲ့၊ ဒီတခါ တရားနာရင်း လမ်းလျှောက်တာလားလို့တော့ မမေးတော့ပါဘူး။ ဟိုတခါတုန်းကတော့ သန်းထွန်းလေး သီချင်း နားထောင်ရင်းနဲ့ ဝင်လာလို့လေ။ အစစ ကုန်ဈေးနှုန်းတွေ တက်လွန်းလို့ ထွက်ပေါက်အနေနဲ့ ...ဆို။"‌

(https://www.moemaka.com/2024/08/blog-post_0.html?m=1)


(ဖုန်းနားကြပ်ကို ဖြုတ်၊ စပီကာကို ချဲ့ပြီး ဖွင့်ပြ။ ပြီးမှ ဖုန်းအသံ ပြန်ပိတ်ပြီး ပြော။)

"...အဓိပတိပစ္စယောတိ။ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စရူပါနံ အဓိပတိပစ္စယေန ပစ္စယော။..."

"ဆရာကြီးက မှတ်ဉာဏ် တယ်ကောင်းကိုး။ တစ်နှစ်ကျော်ပြီဗျာ။ တရက်ပြီး တရက် တက်နေတဲ့ ကုန်ဈေးနှုန်းတွေက၊ သီချင်းလေးညည်းရင်း ထွက်‌ပေါက်ရှာလိုက်၊ လူလူပြီး တက်လာလိုက်နဲ့။ အဲသည်ကတည်းက ထွက်ပေါက်ရှာတဲ့ သီချင်းတွေကို အကုန်ဖျက်။ ပဋ္ဌာန်းပဲ ရအောင်ကျက်တော့မယ် ဆိုပြီး နားထောင်ရင်းကျက်ခဲ့တာ ဗျ...။"

"ပြီးတော့၊ စခ,စရ,ပခတွေအပြင်၊ နောက်ထပ် ၃-လသင်တန်း, ပေါ်တာ-ပစ လေးတွေရဲ့ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသန်းပစ်တာတွေကိုလည်း လွဲအောင် ဖယ်အောင်၊ နမခက အချိန်မရွေး တက်တက်လာတဲ့ စက်တပ်လေထီးရဲ့ ရမ်းသန်းထုတာတွေကိုလည်း လွဲအောင်ဖယ်အောင်၊ ပေါ့ဗျာ၊ ဟဲ ဟဲ..။"

"ပူတုန်းလေး သောက်ဗျ။ ဒီခေတ် လက်ဖက်ရည်တွေက အေးသွားရင် အနံ့တမျိုးရပြီး ပျစ်ချွဲချွဲအရသာကြီး ဖြစ်သွားတယ်ဗျ။ နို့ဆီနို့စိမ်းရော လက်ဖက်ခြောက်ကြောင့်ရော ‌နေမှာပေါ့ဗျာ။ ဟိုအရင် လက်ဖက်ရည်ကိုတော့ မမီတော့ဘူးဗျို့... ။ ဒီခေတ် တီးမစ်တွေ ကော်ဖီမစ်တွေကလည်း မစွံတော့ပါဘူးဗျာ...။"

"ရှစ်လေးလုံး နောက်ပိုင်းမယ် စားအုန်းဆီ ဆိုတာကြီး တွင်ကျယ်လာတာ မှတ်မိပါသေး ဆရာကြီးရာ။ ဒီအရင်ကများ စားသောက်ဆိုင်တွေမယ် စားအုန်းဆီသုံးရင် မသိအောင် ဖွက်သုံးကြရတာ။ ဒီခေတ်တော့ သူ့တောင်(စားအုန်းဆီတောင်) မရပါလား,ရပါလား၊ တန်းစီရ ဈေးကြီးပေးပြီး ဝယ်သုံးနေကြရသဗျား။"

"ဦးစီးခေါင်းဆောင်ဆိုတဲ့ စစ်ကောင်စီ - 'အင်'အစိုးရ လက်ထက်မှာ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်း, အမှူထမ်းအရာထမ်းတွေကအစ ကုန်သည်ပွဲစားအဆုံး၊ နောက်လိုက်တွေ အကုန်လုံး လိုက်'အင်'ကြတာကတော့ မဆန်းဘူးမို့လားဗျ။ 'ဓလေ့တူရာ မိတ်ဖြစ်လာ' ... ကိုး။ နောက်နွားတသိုက်က ဖြောင့်ဖြောင့် မလိုက်ရင်လည်း အာဏာရှင် ဆိုတာမျိုးက... ။ သိတယ်မို့လား။ ဟဲဟဲဟဲ။"

"ဟားဟား။ ဟုတ်ပ ဆရာကြီးရေ။ ပြီးတော့ အဲဒီ 'အင်'ခေါင်ချုပ်ကြီးက ငရှီတို့ ငပူတင်တို့ အဖွဲ့နဲ့ ပေါင်းနေသေး ဗျား။ 'သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖော်တွေ့၏၊ ချိုကုပ်ရှိရာ ချိုကုပ်လာ၊' ဆိုသလို ပေါ့ဗျာ ...။ 'အင်'အာဏာရှင်လုပ်ရတာ မဝ,သေးလို့တောင် အသက် ၁၅၀ ထိအောင် အသက်ရှည်ချင်တဲ့ ကောင်တွေနဲ့ ပေါင်းနေတော့ သဗျို့။ ဟဲဟဲဟဲ။"

"... အခုတလော ကြီးကြီးငယ်ငယ် ပရိတ်ပဋ္ဌာန်းတွေ နေ့စဉ် ရွတ်ဖတ်နေကြတာ...၊ တော်တော်များများ တွေ့လာရတယ်ဗျ။  ကောင်းတော့ ကောင်းပါရဲ့။ အဓိပ္ပာယ်သိပြီး ရွတ်ကြရင်၊ လက်တွေ့ကျင့်သုံးရင်းနဲ့ ရွတ်ကြရင်တော့ဖြင့် ပိုကောင်းတာပေါ့ ဗျာ ... ။"

"ဆရာကြီးကလည်း၊ ပဋ္ဌာန်းရွတ်ရင် တန်ခိုးကြီးတဲ့ နတ်တွေကိုတောင် မြင်ရမယ်လေဗျာ။ ရွတ်ဖတ်တဲ့သူကို နတ်တွေက ချစ်ကြသတဲ့ ဗျ။ နတ်တွေက စောင့်ရှောက်တော့ အန္တရာယ်ကင်းမယ်လို့ ရေးကြပြောကြ ဟောကြတဲ့ ပုဂ္ဂိုလ်တွေ အများသားပဲ ဆရာကြီးရယ်...။ ဒီတော့ ရွတ်တဲ့ဖတ်တဲ့သူတွေ များတာပေါ့...။'

"အနည်းဆုံး (၂၄) ပစ္စည်းလောက်ကတော့ ကလေးလူကြီး အလွတ်ရကြတယ် ဆရာကြီးရ။ သည့်ထက် တတ်နိုင်သူ‌တွေက စာမျက်နှာ (၁၄-၁၅) မျက်နှာ ပစ္စယနိဒ္ဒေသကို ရွတ်ကြသဗျ။ ကျနော် အပါပေါ့။ ဒိထက်ဒိ(ထက်) ပိုတတ်နိုင်သူတွေ ...၊ ဟို ဟို ...၊ အဲ၊ အားနေတဲ့ ဘုန်းကြီးတွေနဲ့ အလိုလို ငွေဝင်နေကြတဲ့ သူဌေးတွေကတော့၊ 'ပဉှာဝါရ, ပဋိစ္စဝါရ' ပဋ္ဌာန်းအုပ်ကြီး (၅) အုပ်လုံး ကုန်တဲ့အထိ ရွတ်ကြ ဖတ်ကြ ပူဇော်ကြတယ်လေဗျာ။ ဒီခေတ်၊ အသံမစဲပဋ္ဌာန်းပွဲတွေ ပိုပေါလာတယ်လေ။ သာသနာမကွယ်အောင် ကာကွယ်ကြတဲ့သဘောပေါ့ ဆရာကြီးရာ။"

"ပဋ္ဌာန်း ဆိုတာ 'ပဋ္ဌာန' ပါဠိက လာတဲ့ ပါဠိပျက်ဗျ။"

"ကျုပ်တို့လူမျိုးက ထစ်ကနဲဆို ကိုယ်ပိုင် 'လွှတ်'လုပ်ချင်ကြတဲ့ လူမျိုးဗျ။ ပါဠိတို့၊ အင်္ဂလိပ်တို့၊ တခြား ဘာသာရပ်စကားတွေ တော်တော်များများကို ဖျက်ပြီး ကိုယ်ပိုင်လုပ်ထားတာ ဗျ။ မြန်မာမှု ပြုသပေါ့ဗျာ။ မယုံရင် ဆိုင်ကယ်၊ ကားပွဲစား တယောက်ယောက်နဲ့ လိုက်ကြည့်လိုက်။ မြန်မာမှုပြုထားတာ‌တွေ စာအုပ်တအုပ်လောက် ရလိမ့်မယ်ဗျ။"

"ပဋ္ဌာန်း ဆိုတာ 'ပ', နဲ့ 'ဋ္ဌာန', ပေါင်းထားတဲ့ ပဋ္ဌာန။ ပကာရ ကနေ (ပ)၊ 'အမျိုးမျိုးသော၊ အထူးထူးအပြားပြား' လို့ အဓိပ္ပာယ်ရတယ်။ (ဋ္ဌာန) ဆိုတာက 'အကြောင်း'။ ပဋ္ဌာန်းဆိုတာ အမျိုးမျိုးသော အကြောင်းတရားတွေကို ဟောပြထားတာကို ခေါ်တာ ဗျ။ အကြောင်းတရားတွေချည်းလား ဆိုတော့ မဟုတ်ပါဘူး။ အကြောင်းတရားရော၊ အကျိုးတရားရော၊ ကြောင်းကျိုးဆက်သွယ်ပုံ စွမ်းရည်သတ္တိရော၊ အားလုံးကို ဟောပြထားတာပါ။ ရွတ်ဖို့ ဖတ်ဖို့ထက် အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီး ကျင့်ဖို့ ဟောထားခဲ့တာပါ ဗျ။"

"မရွတ်ဘတ်သင့်ဘူးလားဆိုရင် ... ရွတ်ဖတ်သင့်ပါတယ်။ ကျောင်းသားဘဝက စာကျက်ခဲ့ကြသလိုပေါ့။ ဝစသာ ...၊ မနသာ ...။ ရွတ်လို့ဖတ်လို့ စိတ်ထဲ ရောက်လာရင် သဘောအဓိပ္ပာယ်လည်း နောက်က တဖြည်းဖြည်း လိုက်လာမယ်။ ဒါကလည်း အနက်အဓိပ္ပာယ် သိချင်စိတ်က အားကြီးနေမှ။ ဦးဆောင်နေမှ။ အနက်အဓိပ္ပာယ်ပါ သဘောပေါက် သိမြင်သွားတော့၊ သူ့နောက်က အလုပ်စခန်းပါ ပါလာရော။ လက်တွေ့ အလုပ်မပါဘဲနဲ့ ရွတ်ရုံနဲ့ကတော့၊ အခု ပဋ္ဌာန်းရွတ်ပြီး တော်ကြာ အလေး၊ ချိန်ခွင်၊ တင်းတောင်း ကတ္တားတွေ ခိုး၊ ဆီပန့်ခိုး၊ ချက်ဆီရော... ။ အကုန်'အင်'ကြ...။ ရပါလိမ့်မဗျာ ... အကျိုးကြီး။ ဒါလား...၊ သာသနာမကွယ်အောင်... ။"

"ရွတ်ဘတ်ရုံနဲ့ 'သာသနာမကွယ်အောင်'... ။ မဖြစ်နိုင်ဘူးဗျ နော။ ကြက်တူရွေး သာလိကာတွေတောင် သင်ထားရင် ရွတ်ကြမှာပဲ ဗျ၊ သူတို့ ရွတ်တာ သာသနာပြုတာ ဟုတ်နိုင်ပါ့မလား။ ကျနော်တော့ ရေးတေးတေး သဘောပေါက်လာသလိုလိုပဲ ဆရာကြီး။ ဆက်ပါဦး ဗျ။

"မဟာစည်ဆရာတော်ကြီးရဲ့ 'ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်' တရားတော်ထဲမှာ ဘုရားလက်ထက်မယ် နောက်ဆုံးဖြစ်မယ့် ရဟန္တာလောင်း သုဘဒ္ဒကို ဟောခဲ့တာက... ၊ 'မဂ္ဂင်ရှစ်ပါး မရှိဘဲနဲ့တော့ဖြင့် ကိလေသာ ငြိမ်းတဲ့သူ မရှိနှိုင်ဘူး'။ 'ဆိုင်ရာကိလေသာတွေ ငြိမ်းပြီးကြတဲ့၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာစသည်တို့ ရှိနေသမျှ ကာလပတ်လုံးလည်း 'ငါဘုရားရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးခြင်း'ဆိုတဲ့ 'သာသနာ'ဆိုတာ မကွယ်သေးပါဘူး'လို့ ဆိုထားတယ်။ မဂ္ဂင်(၈)ပါးဆိုတာ 'ဘာဝေတဗ္ဗ'၊ ပွားရမယ့် တရား... ။ ပဋိပတ် - လက်တွေ့အလုပ် မပါဘဲနဲ့ကတော့၊ သာသနာပြုမင်းတို့၊ သာသနာပြုဘုန်းကြီးတို့၊ သာသနာပြုတဲ့ အဘကြီး၊ အဖေကြီး၊ အမေကြီးတို့၊ ဆိုတာကြီးက ယုံနိုင်စရာ မရှိပါဘူး ... ။"

"ဒါနဲ့ စကားမစပ်၊ နီပေါသတင်းတွေ ကြားတယ် မဟုတ်လား၊ ဆရာကြီး...။ မြန်လိုက်လေဗျာ။ ကျနော်တို့ဆီဖြင့် ၅ နှစ် တိုင်တော့မယ်။ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကိုယ့်ပတ်ချာလည်က နိုင်ငံတွေများ ‌အပြောင်းအလဲက တယ်မြန်ကြသကိုး...။ အားကျမိပါရဲ့ ဆရာကြီးရာ...။"

"ခုနက ကြားလိုက်ပါတယ်၊ ခင်ဗျား ဖွင့်လာတာ...။ ဘာတဲ့..။ 'အဓိပတိပစ္စယောတိ၊' ဆိုတာလေ...။

ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ။

အဓိပတိဆိုတာ ဦးစီးဦးဆောင်၊ အကြီးအမှူး။ ယှဉ်ဖက်တရားတွေကို အစိုးရတတ်တဲ့တရား။"

"ဆန္ဒ ဆိုတာ လိုလားမှူ။ ဆန္ဒာဓိပတိ၊ ပြင်းပြင်းထန်ထန် လိုလားတာ။ ဟော...။ 'အဓိပတိ'တပ်သွားပြီ။ 'ဆန္ဒကြီးရင် ကြံသမျှ ပြီးတယ်'။ ကြားဖူးမှာပါ။ ဆန္ဒာဓိပတိ၊ ဆန္ဒ အားကြီးပြီး ရှေ့သွားခေါင်းဆောင် ဖြစ်ခဲ့ရင်၊ ဆန္ဒ အားကြီးလာခဲ့ရင်၊ သူ့နောက်က ကာယကံ ဝစီကံ မနောကံတွေဟာ အလိုလို တောက်လျှောက်လိုက်ပြီး ဖြစ်ပေးရတယ်။ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ (ဉာဏ်)၊ ဒီအတိုင်းပဲ ဗျ ...။"

"အဓိပတိ (၄) ပါးလုံးဟာ ပြိုင်တူဖြစ်တာ မဟုတ်ဘူး။ တကြိမ်မှာ တခုပဲ ဖြစ်တယ် ...။ ဆန္ဒအားကောင်းချိန်မှာ ဆန္ဒဟာ အဓိပတိပဲ။ အကြီးအကဲပဲ။ သူ့နောက်ကို အကုန်လိုက်ရတယ်။ ဝီရိယအားကောင်းတဲ့ အချိန်ဆိုရင် ဝီရိယဟာ အကြီးအကဲပဲ။ ကျန်တာတွေက နောက်လိုက်။ စိတ်လည်း ဒီအတိုင်းပဲ။ ဝီမံသ ပညာဉာဏ်လည်း ဒီအတိုင်း။"

"ဒါဆို၊ ဆန္ဒ အားနည်းကြလို့။ ဝီရိယအားနည်းကြလို့။ စိတ်ဓာတ်လည်း မထက်သန် အားနည်းကြလို့၊ ဝိမံသာ ပညာဉာဏ်လည်း အားနည်းလို့။ ဒီလိုလား ဆရာကြီး။ နီပေါက ဒါတွေ အားကောင်းလို့ မြန်တယ်ပေါ့။ ဟုတ်တယ်မို့လား ... ဆရာကြီး။"

"အဲဒီ (၄) မျိုးထဲက တမျိုးမျိုးကို အဓိပတိ တပ်နိုင်တဲ့အထိ မဖြစ်ကြသေးလို့၊ အကြီးအမှူး မဟုတ်ကြသေးလို့၊ အားနည်းနေကြသေးလို့...၊ ကြာနေတာ...။ ဒါ... ရှင်းနေတာပဲ...။"

"နိပေါဆန္ဒပြပွဲမှာ နိပေါစစ်တပ်က ဘာပြောလဲ။ 'ဒီလောက် ကပ်ရောဂါဘေးဆိုးကြီး အစာအာဟာရရှားပါးနေတဲ့ ခေတ်ကြီးထဲမှာ စစ်မဖြစ်လိုဘူး' ဒီလိုမို့လား။ ဒါ မေတ္တာစစ်နဲ့ ပြောတဲ့စကား။ ဒါ ဘုရားလမ်းစဉ်။ ဒီလူသူတော်ကောင်းကြီးပဲ။ ဗုဒ္ဓဘာသာဝင် စစ်စစ်ကြီးပေပဲ။ ဘုရားစကား နားထောင်လိုက်နာ ကျင့်သုံးနေတာပဲ။ ကိုဗစ်ပြီးသွားတာက ၄-၅ နှစ်ကြာခဲ့ပြီနော်။"

"ကိုဗစ်ကပ်ရောဂါဆိုးကြီးထဲမယ်၊ ပြည်သူတွေ သောက်သောက်လဲ သေကြ ကျေကြတယ်။ စာသင်ကျောင်းတွေပါ ပိတ်ထားကြရတဲ့ အ ကာလဆိုးကြီးထဲမှာ စစ်တပ်က၊ သမတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ဇွတ်အတင်းအဓမ္မ ဖမ်းဆီး၊ ထောင်ချခဲ့တဲ့၊ ဘုရားဒကာ အမည်ခံ အကြီးအကဲဖြစ်တဲ့ စစ်တပ်မျိုး မဟုတ်ဘူး။"

"ပြီးတော့၊ "နီပေါမှာက 'လာဘ်စားတဲ့ အစိုးရအဖွဲ့'... နဲ့ 'ပြည်သူ'...၊ ဒါပဲရှိတယ်။ နိပေါပြည်သူတွေထဲမှာ အင်နယ်ဒီရယ် ကြံ့ဖွတ်ရယ် ဘာရယ်ညာရယ် ပါတီစုံ မရှိဘူး။ နိပေါပြည်သူတွေထဲမှာ မောင်နန်း,မယ်နန်းတွေ မရှိဘူး။ အခု စီဒီအင်၊ တော်ကြာ နန်း ဖြစ်သွားတဲ့၊ ငတ်လို့ပါ ပြတ်လို့ပါတွေ နိပေါပြည်သူတွေထဲမှာ မရှိဘူး။ နီပေါပြည်သူတွေထဲမယ် ပျူစောထီး မရှိဘူး။ ပေါ်တာအဆွဲခံရတဲ့ (၃) လသင်တန်းတက် စစ်သားမရှိဘူး။"

"ဟုတ်တယ်ဗျာ။ ကျနော်တို့ဆီမယ် စစ်တပ်ရော ပြည်သူရောက၊ နီပေါနဲ့ ဘာမှမဆိုင်ပါလား။ တခြားစီ။ ဆီနဲ့ ရေလို..။ အဲ အဲ၊ ဦးပုညစာချိုးထဲကလို 'ဥတုနဲ့ ပုဇွန်ဆီ, မိုကြိုးနဲ့ အီးသံ' လိုပါပဲလား၊ ဆရာကြီးရေ ...။ ပြီးတော့ နီပေါမှာ ဓားပြတိုက်၊ လူပြန်ပေးဆွဲ၊ လျှပ်စစ်မီးကြိုး၊ ဖြတ်ခိုး၊ အိမ်ခြံဝင်းသံတံခါးတွေ ဆိုက်တွဲနဲ့ လာဖြုတ်ခိုးတဲ့ တောကြောင်တွေလည်း ရှိမှာ မဟုတ်ဘူးနော်... ဆရာကြီး။"

"ရှစ်လေးလုံးတုန်းက ကျနော်တို့အိမ်နားမယ်...၊ 'ရေတောင် စစ်မသောက်ချင်ဘူး' ဆိုတဲ့ ...၊ အင်း၊ 'တူမ'တောင် တော်ပါသေးတယ် ...။ ရှိတယ်ဗျ။ နောက်ယောက်ျားနဲ့ရတဲ့ သမီးအငယ်က စစ်ဗိုလ်နဲ့လည်း ရရော၊ စစ်တပ် မကောင်းကြောင်းတောင် အပြောမခံတော့ဘူးဗျာ။ အဲဒါ 'ဆန္ဒ'က အဓိပတိအထိ မရောက်လို့။ ဆန္ဒ အားနည်းလို့ ဗျား။"

"ဟုတ်ပြီဗျာ။ ကျနော်တို့ရွာက စက်သုံးဆီဆိုင်ကြီး ဖွင့်ပြီးရောင်းတဲ့ လင်မယားလို ပါဘဲလား ဆရာကြီးရယ်။ သမီးလေးက စစ်ဗိုလ်နဲ့ရတာ။ ဆန္ဒတွေ ပြကြတုန်းက သူတို့က ရှေ့ကလေ။ အစ,ပိုင်း ကျေးရွာပကဖကို မီးစက်ဆီ လိုသလောက် ထောက်သေးတယ်။ ခဏပါဘဲ။ အခု သားမက်ဆီလိုလို။ ဘယ်နေကြမှန်းတောင် မသိတော့ဘူး။ ဆရာကြီး ပြောတဲ့ ဆန္ဒက 'အဓိ'မှ မ'ပတိ'ကြတာကိုးဗျ ... နော။"

"ကျုပ်ကပြောတဲ့ အဓိပတိ မဟုတ်ပါဘူးဗျား။ 'စကား (၆) ခွန်း လူ၌ထွန်း၊ (၄)ခွန်းကိုပယ်၊ (၂)ခွန်းတည်'...တဲ့။ မဟုတ်မမှန်တာဆို ပြောဖို့ဝေးစွ၊ ဟုတ်မှန်-ကျိုးရှိ၊ သည် (၂) ခွန်းကိုသာ ပြောဆိုတတ်တဲ့၊ နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ အချိန်ကာလ၊ နေရာဋ္ဌာနကို ကြည့်ပြီး ပြောတတ်တဲ့၊ သဗ္ဗညု ဘုရားရှင်ကြီး ပြောခဲ့ဟောခဲ့တာပါဗျား။"

"လူ၌ထွန်း၊ လောက လူတွေပြောကြတဲ့ (၆) ခွန်းကတော့-

(၁) ဟုတ်မှန်-အကျိုးရှိ-အများကြိုက်၊

(၂) ဟုတ်မှန်-အကျိုးရှိ-အများမကြိုက်၊

(၃) ဟုတ်မှန်-အကျိုးမရှိ-အများမကြိုက်၊

(၄) မဟုတ်မမှန်-အကျိုးရှိ-အများကြိုက်၊

(၅) မဟုတ်မမှန်-အကျိုးမရှိ-အများကြိုက်၊

(၆) မဟုတ်မမှန်-အကျိုးမရှိ-အများမကြိုက်၊ ပေါ့ဗျာ။"

"ပယ်တဲ့ (၄) ခွန်းကိုတော့ ဟိုကောင်ဂျပုနဲ့ ဇော်မဲလုံး တို့ ပြောသမျှတွေ...သတင်းစာရှင်းလင်းပွဲထဲကအတိုင်း... လို့သာ မှတ်လိုက်ပေါ့ဗျာ။ ဟဲဟဲ။"

"အာ...၊ ဆရာကြီး။  ဒီ ၂ ကောင် အမြဲပြောတာက  (၂) ခွန်းတည်းဗျ။ 'သူတို့အတွက်သာ အကျိုးရှိမယ်ဆိုရင် မဟုတ်မမှန်လည်း အများကြိုက်မယ်ဆို ပြောတယ်' ဗျာ။ ပြီးတော့ 'သူတို့အတွက်သာအကျိုးရှိမယ်ဆိုရင် - မဟုတ်မမှန်တာကို အများမကြိုက်လည်း ပြောတာဘဲ' ဗျ... ။ သူတို့အကျိုးကိုသာ အဓိကထားကြတဲ့၊ ဒီ (၂) ခွန်းထဲပါဗျ။ ဟားဟား... ဟားဟား ဟား...။ ရေနွေးတောင် သည်းပါပြီဗျာ။"

"ဟောဗျာ...၊ ဒီလက်ဖက်ခြောက်ဖတ်က တမျိုးပါလား။ အရွက်အနားသတ်က နှင်းဆီရွက်လိုမဟုတ်ဘဲ ဒုံးချောကြီးပါလား ဆရာကြီး။"

"အဲဒါ ခုနက ပြောသလို...၊ နတ်တွေပင့်၊ ပဋ္ဌာန်းတွေရွတ်၊ မေတ္တာတွေပို့၊ ပြီးတော့ ကိုယ်ရောင်းမယ့် ကုန်ပစ္စည်းကို 'အင်'ကြတော့တာပဲ။ လက်ဖက်ထဲကို ရာဘာညွန့်လို အတုတွေရော ရောလို့ရော။ စားဆီထဲကို ဆပ်ပြာမှုန့်တွေ ထည့်လိုထည့်၊ အသားငါးတွေထဲ ဖော်မလင်ထိုးလို့ထိုး၊ ဘယ်နတ်မျိုးက ကပ်ရဲပါတော့မလဲ။ ကပ်တဲ့နတ်တောင် အလိမ်ခံရဦးမယ်လေ။"

"စကားမစပ်၊ ခေတ်ဆိုကြီး၊ ကပ်ဆိုးကြီး၊ အစစ ကုန်ဈေးနှုန်းတွေ အဆမတန် တက်လှချည့်၊ ငြီးကြတွားကြပေမယ့်၊ အဆောက်ဦးတွေကတော့ ဆောက်လိုက်ကြတာဗျာ...။ ပန်းရန် လက်သမား နားရက်မရှိဘူး။ ကန်ထရိုက်တာတွေဆို ၃-၄ ဆိုက် ပတ်ကြည့်နေရတာ။ အလှူအတန်းတွေကလည်း လှူလိုက်ကြတာ...‌ဗျို့။"

"အဆောက်ဦးနဲ့ပတ်သက်လို့၊ နေမဖြစ်လို့ ဆောက်တယ် ဆိုတာထက်၊ အိမ်ခန်း တိုက်ခန်း၊ သင်တန်း၊ ကုမ္ပဏီ၊ ငှားစားဖို့ ဆောက်တာက ပိုများတယ်ဗျ။ အခန်းငှားခက တရက်တရက် ၃ သောင်း အောက်ထစ်ကနေ ၇ သောင်း၊ ၈ သောင်းထိ ရှိတယ်ဗျ။ ကျုပ် မန္တလေးတုန်းက ပေါ်လီကလင်းနစ်ကြီးမှာ အခန်းခ ၅ ရက်စာကို ၃သိန်း ၂ သောင်းကျော် ရှင်းခဲ့ရသဗျ။ ဆရာဝန်ကြီး ဖော်လိုအပ်၊ ပြန်ပြဖို့က နောက်တပတ် ဆိုတော့ ပြန်မနေတော့ပဲနဲ့ ဟိုမှာတင် အသိဉ္ဇီင်းလေးရှိရာကျောင်း သွားနေရ ကောင်းမလား ပေါ့။ နောက်တော့ ပြန်ခဲ့ရတာပါပဲ ဗျာ။"

"ကျောင်းထဲမှာက စစ်ရှောင်တွေရော စစ်ပြေးတွေရော ဘုရားဖူးတွေ ကျောင်းသားတွေ ပြွတ်ညပ်နေရော ... ဗျို့။ ရန်ကုန်၊ မန္တလေးက ဘုန်းကြီးကျောင်းတွေမှာ ဧည့်သည်တွေတည်းစရာ အဆောင် ရေချိုးခန်း အိမ်သာတွေ လုပ်ထားကြသဗျ။ အဲဒီက လှူသွားကြတာတွေနဲ့ ပြန်ပြီး ပြုပြင်ကြရ မွမ်းမံကြရ၊ ဒီအတွက် ဟိုတယ်တွေလို ဧည့်ကြိုဦးပဉ္စင်း ရယ်ဆက်ပရှင်တွေ ထားရ။ အင်း ... ။ ဓူရ (၂) ဖြာကနေ၊ ခရီးသွားဧည့်သည်နဲ့ပတ်သက်တဲ့ နောက်ထပ် 'တိုရစ်ဇင်ဓူရ'တောင် တိုးလာသဗျား။ ဒါတောင် ဘုန်းကြီးက ရွာကသူ့တူကို လာဖို့ခေါ်နေ‌သေးသဗျ။ ဘုန်းကြီးက ပေါက်ပေါက်ရောက်ရောက် ဆိုတော့ နိုင်ငံခြားထိတောင် ပို့နိုင်သဗျ။ ခုခေတ် ဘုန်းကြီးကျောင်းသားတွေ အထင်သေးလို့ မရတော့ဘူး ... ဗျို့။ ရွာမှာက လက်နက်ကြီး ကြောက်ရ ပါရာမိုတာ ကြောက်ရ စစ်ကြောင်းထိုးကြောက်ရ၊ အခုလည်း စစ်မှူထမ်းပေါ်တာ ကြောက်နေရသကိုး...ဗျ။"

"အလှူအတန်းကတော့ ရက်ရောကြပါပေတယ်ဗျာ။ ဘယ်ကျောင်းတိုက် ဘယ်ကိုယ်တော်ကြီး သိန်းပေါင်း ဘယ်လောက်...။"

"ခင်ဗျားက 'အလှူအတန်းတွေကလည်း' ဆိုတော့၊ ကျုပ် ရီဂျင်နယ်ကောလိပ်တက်တုန်းက ဘုန်းကြီးကျောင်းထဲ ကျွန်းသစ်လုံးကြီးတွေကို သွားအမှတ်ရသဗျာ။ ဘုန်းကြီးကျောင်းဝင်းထဲကနေဖြတ်ပြီး ရီဂျင်နယ်တက်ခဲ့ရတာကိုး။ အဲဒီ သစ်စက်ကလည်း ကျောင်းနားမှာပဲ။ သူတို့လှူလိုက်တာ ဝက်ဝက်ကွဲ ဆိုသလိုပေါ့ဗျာ။"

"ဒါန၊ ပေး,ကမ်း,လှူတန်း,ထောက်ပံ့, ချီးမြှင့်တယ်ဆိုတာ တကယ်တော့ 'မျှဝေသုံးစွဲ' တာကို ခေါ်တာပါ။ ဒီနေရာမှာ မျှဝေသုံးစွဲလိုက်တယ်ဆိုတာ ရဟန်းသံဃာတွေမှ မျှသုံးရမယ်လို့ မပါပါဘူး။ ခွေး ကြောင် ကြက် ဝက် ငှက်၊ တလောကလုံးရှိတဲ့ လူနတ်ဗြဟ္မာ ဘယ်လိုပုဂ္ဂိုလ်မဆို မျှပြီးသုံရင် ဒါနမြောက်တာပဲ။ မျှသုံးတာနော်။ တော်တော်အရေးကြီးပါတယ်။ ကိုယ့်ထက်' ရှိ'တဲ့သူဆီ၊ မလိုအပ်တဲ့သူဆီ၊ သွားမျှလိုက်ရင်၊ မျှဝေမှုသဘော မမြောက်တော့ဘူးဗျ။ သူ့မှာက ရှိပြီးသား။ ဒီတော့ 'မရှိတဲ့နေရာ သုံးပါ'လို့ သဘောသက်ရောက်တယ်။ မရှိတဲ့နေရာ၊ လိုအပ်နေတဲ့နေရာမှာ လှူဒါန်းပါ ပေးကမ်းပါ။ ရေများရာ မဟုတ်ဘဲ၊ ရေနည်းရာ မိုးရွာနှိုင်ပါစေ။"

"ဝေဿန္တရာမင်းကြီးက သားတော် သမီးတော်ကို သားသမီးမရှိတဲ့ ပုဏ္ဏားကိုလှူတာ။ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ရည်ရွယ်ပြီး လှူတာ။ ဇူဇကာပုဏ္ဏားမှာ သားသမီး မရှိဘူး။ ပြီးတော့ ဒီပုဏ္ဏားက သီလလည်း မရှိဘူး။ သီလမရှိသူ လှူသကိုးလို့ အကျိုးက နည်းသလား ဆိုတော့၊ အကျိုးကြီးလိုက်တာဗျာ။ သဗ္ဗညုတဉာဏ်တော်ကြီးအထိပဲဗျ။ လိုအပ်တဲ့နေရာမှာ လှူတာကိုး ... ။ ရမှာပေါ့။  ဘုရားတည် ကျောင်းဆောက်၊ 'လှူမှုဒါန လူ့ကိစ္စ - ဓူရ နှစ်ဖြာ ရဟန်းမှာ' လို့ လယ်တီဆရာတော်ကြီးက ဆိုထားတာပဲ။ "

"ကိုင်း၊ ရေနွေးလည်းကုန် လက်ဖက်ရည်လည်း ကုန်ပြီ။ 'ဆေးလိပ်လည်းတို နေလည်းညို' ဆိုသလို၊ ကျနော်လည်း ပင်စင် စမတ်ကတ်ကိစ္စ သွားရဦးမှာမို့၊ မိုးကုတ်ဆရာတော်ကြီး တရားတော်တွေထဲကလို၊ 'ကိုင်း ဒီနေ့ ဒီတင်တော်ကြဦးစို့' ပေါ့ဗျာ။ ကျေးဇူးတင်ရှိသွားပါပြီ ဆရာကြီး။ ခွင့်ပြုပါဦး ခင်ဗျာ... ။"

တော်လှန်ပြည်သူအားလုံး၊

- သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

- ဆန္ဒာဓိပတိ - တော်လှန်ရေးကြီး အောင်မြင်လိုသည့် ဆန္ဒကြီးမားကြပါစေ။

- တော်လှန်ရေးကြီး အောင်မြင်စေရန် လိုအပ်သည့်နေရာမှာ လှူတန်းနိုင်ကြပါစေ။



ကျမ်းကိုး။

၁။ ပဋ္ဌာနုဒ္ဒေသ ဒီပနီ၊ လယ်တီဆရာတော်ကြီး။

၂။ အခြေပြုပဋ္ဌာန်းတရားတော်၊ အရှင်ဇနကာဘိဝံသ။

၃။ ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်၊ မဟာစည်ဆရာတော်ကြီး။

၄။ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပို့ချဟောပြောချက်များ၊ အရှင်ဇောတိက၊ ညောင်တုန်း။ ၂၀၀၆ခုနှစ် ကမ္ဘာအေး။

၅။ သုတေသနသရုပ်ပြအဘိဓာန်ကျမ်း။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar