Breaking News

မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၇)

မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၇)

မိုးမခ ၊ စက်တင်ဘာ ၂၂ ၊ ၂၀၂၅


"ကာ/ဝန်သိပါလေစ"

"ဆရာ၊

ဒီမြေပြင်မှာ တပ်ရင်းတစ်ရင်း ဘယ်လို ဖွဲ့စည်းထားတယ်ဆိုတာ ကျနော် နည်းနည်းရှင်းပြပါမယ်။ ဒါမှ ဘယ်လို လိုအပ်ချက်တွေရှိတယ် ဆိုတာ ဆရာတို့ နားလည်မှာပါ။

တပ်ရင်းတစ်ရင်းရဲ့ အင်အားကို ပုံမှန် ၂၁၀ ကျော်နဲ့ ဖွဲ့ကြပါတယ်။

တပ်ခွဲတစ်ခွဲမှာ အင်အား ၇၂ ဦး ထားလေ့ရှိပါတယ်။ တပ်ခွဲ (၃) ခွဲဆိုရင် တပ်ရင်းတစ်ရင်းမို့ ( ၇၂×၃) နဲ့ တွက်ရင် စုစုပေါင်း (၂၁၆) ဦး ရှိတယ်လို့ မှတ်လို့ရတယ် ဆရာ။ ပေးအပ်ထားတဲ့ တာဝန်အလိုက် တပ်ရင်းတာဝန်တွေကို ဆောင်ရွက်ကြရပါတယ်။

ရာထူးတာဝန်အလိုက် ဆိုရင်၊

တပ်ရင်းမှူး၊

ဒု တပ်ရင်းမှူး၊

တပ်ရေးတာဝန်ခံ၊

IO၊

တပ်ထောက်၊

စခန်းမှူး၊

ဆေး တာဝန်ခံ၊ ဆိုပြီး သတ်မှတ်ထားပါတယ် ဆရာ။ 

တပ်စိတ်တစ်စိတ်မှာတော့ အင်အားကို ပုံမှန် (၇) ဦး ထားပါတယ်။ အင်အားအပြည့်ရှိတဲ့ တပ်ရင်းတစ်ရင်းမှာ တပ်စိတ်ပေါင်း (၃၀) ကျော်ရှိတဲ့သဘောပါ။ တချို့တပ်ရင်းတွေမှာ လူအင်အားသာလွန်တဲ့အတွက် တပ်ခွဲ (၄) ခွဲအထိ ရှိပါတယ်။

ကျနော်တို့ တပ်ရင်းကတော့ ပုံမှန်အင်အား ၂၀၀ ကျော်နဲ့စဖွဲ့ခဲ့တဲ့ တပ်ရင်းပါ။ နောက်ပိုင်းတော့ တပ်ခွဲတစ်ခွဲ ထပ်တိုးပြီး တပ်ခွဲ (၄ )ခုရှိတဲ့ ဖွဲ့စည်းပုံပေါ့။

ခုနောက်ပိုင်းမှာတော့ တပ်ရင်းတွေမှာ ဖွဲ့စည်းပုံ သိပ်မပြည့်ကြတော့ဘူး ဆရာ။

အများစုက အိမ်ပြန်ကြတာတွေ များလာတယ်။ တရားဝင် စာတင်၊ ခွင့်တောင်းပြီး ပြန်ကြတာပါ။ ဒါပေမဲ့ စာရင်းထဲတော့ အပြည့်ပဲ တင်တာပါ ဆရာ။

ဒီလိုမျိုး ဖြစ်နေတာကြာပြီလား ဆိုရင် ၂ နှစ် ကျော်လာပါပြီ ဆရာ။

ကျနော်တို့ ရင်းမှူးက ပြန်တဲ့ရဲဘော်တွေကို ထောက်ပို့အနေနဲ့ ထားမယ် ဆိုပြီး တပ်စိတ်တစ်ခုစီမှာ လူလိုက်ထည့်ထားတာမို့ တကယ် စစ်တိုက်သွားရင် တစ်စိတ်တစ်စိတ်မှာ ၅ ယောက်ပဲ ရှိပါတော့တယ် ဆရာ။ လုပ်ငန်း ထိရောက်မှု အားနည်းသွားတာပေါ့။

ပြီးတော့ အသည်းနာစရာတစ်ခု ထပ်ပြောပြမယ် ဆရာ။ အဲဒီရင်းမှူးက...ရဲဘော်တစ်ယောက် တစ်ခုခုကြောင့် ကျဆုံးရင်..အဲဒီရဲဘော်ရဲ့ ကိုယ်ပိုင်နံပါတ်နေရာမှာ နောက်တစ်ယောက် အစားထိုးခိုင်းတယ်တဲ့။ တပ်စိတ်မှာ လူလျော့သွားလို့ ထပ်ထည့်ရင် ရဲဘော်အသစ်ကို ကိုယ်ပိုင်နံပါတ်အသစ်နဲ့ ဖွဲ့စည်းပုံပြည့်မီအောင် ထည့်တာကို လက်ခံပါတယ် ဆရာ။ အခုက ဒီရဲဘော်ဟာ ဒီတပ်ရင်းမှာ မရှိခဲ့သလိုမျိုး ဖြစ်သွားတာ။ သူ့ကိုယ်ပိုင်နံပါတ်ကို တစ်ယောက်တစ်ယောက်ကို ပေးလိုက်ချင်တာ။ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ မိဘမောင်နှမတွေ၊ မိသားစုဝင်တွေဘက်က ခံစားကြည့်ရင် ဘယ်လောက်အသည်းနားစရာကောင်းမလဲ တွေးကြည့်ပါ ဆရာ။ သမိုင်းပါ ဖျောက်ပစ်တဲ့လုပ်ရပ် ဖြစ်မနေဘူးလား။

ဒါမျိုးကျ မလုပ်သင့်ဘူးလို့ ယူဆလို့ တာဝန်ခံတစ်ဦးက မလုပ်ပေးနိုင်ဘူး ငြင်းရင် အဲဒီတာဝန်ခံအပေါ်  ပြဿနာရှာ ကော။ ဟိုကလည်း ရဲဘော်အပေါ်  ဒါမျိုးတော့ မလုပ်နိုင်ဘူး။ အသည်းအသန် ကာကွယ်တာ။

ရဲဘော်တစ်ဦးဦး တိုက်ပွဲကျတာ မဟုတ်ပေမယ့်၊ ထုတ်လုပ်ရေးက လက်နက်စမ်းရင်း ပြောင်းကွဲလို့ အပိုင်းပိုင်းဖြစ်ပြီး အသက်ဆုံးရတာ၊ ညပိုင်း မိုင်းဆင်၊ မနက် လမ်းသွားလမ်းလာအတွက် ပြန်ဖြုတ်ပေး လုပ်ကြရရင်း mine error ဖြစ်ပြီး အသက်ပေးလိုက်ရတာ။ ဒီလို ရဲဘော်လေးတွေလည်း ရှိပါတယ်ဆရာ။ 

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေး အတွက် ပြည်သူအတွက် သူတို့အသက်တွေ ပေးသွားတာလေ..။ အရက်ဆိုင်မှာ မူးပြီးရန်ဖြစ်လို့ ဓားထိုးခံရပြီး သေတာလည်း မဟုတ်။ KTV သွားတာ သတင်းရပြီး စကစ လက်ချက်နဲ့ သေတာလည်း မဟုတ်။ လမ်းသရဲလို ပရမ်းပတာစီးပြီး ဆိုင်ကယ်မှောက် သေတာလည်း မဟုတ်တဲ့၊ ဒီလိုရဲဘော်လေးတွေကို အသိအမှတ်မပြုတဲ့အပြင် ကိုယ်ပိုင်နံပါတ်လေးတစ်ခုတောင် နောက်ဆုံးအနေနဲ့ အပိုင်မပေးချင်တာ မရက်စက်လွန်းဘူးလား ဆရာ။ ကျနော်ကတော့ လူစိတ်မရှိတာလို့ပဲ မြင်တယ်။ 

တပ်ရေးက တာဝန်ခံကတော့ အဲဒီကိစ္စဆို လုံးဝမလိုက်လျောဘူး။အမှန်အတိုင်း လုပ်တာပဲ။ ကိုယ့် အထက်လူကြီး မျက်နှာသာပေးခံရဖို့အတွက်နဲ့ မဟုတ်တာ မလုပ်နိုင်ဘူး။ ရဲဘော်တွေအပေါ် သစ္စာ မဖောက်နိုင်ဘူးတဲ့။ တပ်ရင်းမှူးကတော့၊ ရဲဘော်ရဲဘက်ဆိုတာ ဘယ်တုန်းကမှ စိတ်မဝင်စား.. အင်အားကြီးသူ.. သူ့အတွက်အကျိုးရှိမယ့်သူကို ဖားဖို့ကလွဲရင် သူ့အတ္တပဲ သူကြည့်တယ်။

ပြည်သူအတွက် အသက်ပေးသွားတဲ့၊ တလရအတွက် ဘဝတွေ ရင်းပေးသွားတဲ့ ရဲဘော်တွေလေ။အသိအမှတ်ပြုရမှာ မဟုတ်ဘူးလား။

မရပါဘူး ဆရာ။ သူက "ငါ့တပ်ရင်းမှာ လူသေတာ မရှိချင်ဘူး" တဲ့။

ဒါတွေကြောင့် ကျနော့် သူငယ်ချင်းတွေ စိတ်ပျက်ပြီး ထွက်ကုန်ကြတာ မဆန်းဘူး ဆရာ။ ဒီလိုနည်းနဲ့ ကျနော်တို့ဘက်မှာ တလရအင်အားတွေ ယုတ်လျော့ကုန်တာပါ။

အဲဒီရင်းမှူးက မြန်မာပြည် အထက်ပိုင်းမှာ စစ်သင်တန်း တက်ခဲ့သူပါ။

ဒီမှာတော့သူက အကုန် ချုပ်ကိုင်ထားတာပါ ဆရာ။ ရွေးကောက်ပွဲ ကာလတွေမှာ အမတ်မဲနိုင်ဖို့ ကိုယ်စားလှယ် လုပ်ပေးခဲ့သူပါ။

သူ့ ရည်ရွယ်ချက်က ဆန်းတယ် ဆရာ။

တလရ အပြီးခေတ်အထိ သူ့အတွက် အခွင့်အရေးကို မှန်းတာ။ တလရအတွင်းမှာတော့ မသေအောင် ရှောင်တဲ့ပညာ အကုန်တတ်တယ် ဆရာ။

ပြီးတော့ တလရ အလွန်ကာလ အုပ်ချုပ်ရေးပိုင်းမှာ၊ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေအတွက် သူ အကျိုးရှိအောင် လုပ်ပေးနိုင်မယ့်သူမျိုးကို အနားမှာ မရမက ဇွတ်ခေါ်ကပ်ထားတာ။ 

စစ်ကြောင်းလာရင် ပြည်သူထုတ်ဖို့ ကယ်ဖို့တို့ စစ်တိုက်ဖို့တို့ မစဥ်းစားဘူး ဆရာ။ သူ ဇွတ်ခေါ်ထားတဲ့သူတွေကို အရင်လွတ်ရာခေါ်ထုတ်၊ သူလည်း တိမ်း၊ အဲဒီလိုမျိုးပါ။ ရဲဘော်နဲ့ ပြည်သူကတော့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ပေါ့ ဆရာရယ်။ 

ရဲဘော်တွေရဲ့ လိုအပ်ချက်တွေ တင်ပြရင် မရတာက များပါတယ်။ 

သူတို့ဟာသူတို့ အသောက်အစားနဲ့ ဟန်ကျနေတာ များတယ်။

ရှေ့ကင်းရဲဘော် icon မပြည့်မစုံနဲ့မို့ တင်ပြရင် အရေးမလုပ်ပါဘူး။

သူ ပေးချင်တဲ့သူတွေကျ စက်တစ်လုံးစီ လျှောက်ပေးထားတာပါ။ ဘာမဆိုင်ညာမဆိုင် ကျောင်းထိုင်ဘုန်းကြီးတို့၊ ဦးပဉ္စင်းတို့ ရုံးက ရုံးအုပ်စာရေးကြီး၊ ကွန်ပျူတာရိုက်တဲ့ ရဲမေတွေမှာ စက်တစ်လုံးစီနဲ့ ဆရာ။ ကင်းတို့..သတင်း တို့ ဆိုတာ ..စစ်ရေးအတွက် ..လုံခြုံရေးအတွက် အသက်ပါဆရာ။ ရှေ့ကင်းစောင့်ရမယ့်ရဲဘော် icon မပြည့်စုံတာက.. တစ်ခုခု မှားယွင်းသွားခဲ့ရင် ပေးလိုက်ရမှာ အသက်တွေပါ။ 

ခုကျ icon ဆိုတာ ဆက်သွယ်ရေးပစ္စည်းမဟုတ်ဘဲ ဂုဏ်ဆာဖို့ သုံးတဲ့ပစ္စည်းဖြစ်နေတာ။

ဆရာ ဘယ်လို မြင်မိလဲ။ ခု ကျနော် ပြောပြတဲ့ အနေအထားကို။ ဖြစ်သင့် မဖြစ်သင့်။

ရှေ့ကင်းတာဝန်ကျလို့၊ စက်က တပ်စိတ်တစ်စိတ်မှ တစ်လုံးတောင် မပြည့်စုံလို့၊ ရဲဘော်တစ်ယောက် ဖုန်းဘေလ် ၂၀၀၀ ဖိုး ထည့်ပေးချင်ပါတယ်၊ အစည်းအဝေးမှာ တစ်ယောက်က တင်ပြတယ်။ ငြင်းတယ် ဆရာရယ်။

အဲဒီတုန်းက တယ်လီနောချင်း စိတ်ကြိုက်ပြော တစ်လ ၂၀၀၀ နဲ့ ရတယ်။

မက်ဆေ့ပို့မရ၊ ဖုန်းဆက် သတင်းပို့မရနဲ့.. အရေးအကြောင်းဆို၊ အကုန်သေကုန်မှာ ဆရာ။

ပြီးတော့ ရိက္ခာကိစ္စ။ ထမင်းမသိုးရင် ဟင်းသိုးတယ်။ ကျနော်တို့ တစ်ရက်မှ ကောင်းကောင်းမစားရဘူး။ ဒါပေမဲ့ ကြောက်တော့ မပြောရဲဘူး။

ဘုန်းကြီးကျောင်းက ဟင်းကျန်တွေ ပေါင်းကျွေးတာပါ။ တစ်ခါတလေ မဟုတ်ဘူး ဆရာ။ နေ့လယ်ရော၊ ညနေ ရော။ တစ်ရက် နှစ်ရက်လည်း မဟုတ်ဘူး။

အစည်းအဝေးမှာ ကျနော်တို့အတွက် တစ်ဦးက တင်ပြတယ်။

တစ်ပတ် အသား နှစ်ရက် တပ်ရင်းငွေနဲ့ ကျွေးပေးဖို့။ ကျန်တဲ့ရက် သူတို့ ကံကောင်းလို့၊ အလှူရှင်လာလို့၊ အသားဟင်းစားရလည်း သူတို့ကံပေါ့၊ မရှိလည်း အသီးအရွက်ပေါ့လို့။

အဲဒီတော့ စနေ နဲ့ ဗုဒ္ဓဟူး နှစ်ရက် သတ်မှတ်တယ်။ ဘာလုပ်လဲ သိလား ဆရာ။

ဟင်းလာပို့တဲ့ ထောက်ပို့ကို၊ စနေနဲ့ ဗုဒ္ဓဟူးပဲ လာပို့ဖို့ မှာထားတယ်..တဲ့။

တပ်ရင်းရိက္ခာက တစ်လ သိန်း ၁၀၀ ရတာပါ။ ရဲဘော်တွေကျ ခွေးစာ ကျွေးသလို ဖြစ်သလို စားရတာ။

ရိက္ခာ၊ ခွဲခြမ်းမှုလေး ကျနော် သိသလောက် ပြောပြဦးမယ် ဆရာ။

ကျနော်တို့ တပ်ရင်းမှာ တပ်ခွဲ ၄ ခု ရှိတယ်။ သိန်း၁၀၀ ရတယ်။ အစည်းအဝေးမှာ တပ်ခွဲတစ်ခွဲကို ၂၅ သိန်းစီ ပေးမယ်။ သူတို့တွေ လောက်ငအောင်လို့ဆိုပြီး တာဝန်ခံက တင်ပြပေမယ့် ရင်းမှူးက လက်မခံဘူး ဆရာ။ သူက ၅ ပုံ ပုံမယ်တဲ့။ တစ်ပုံက ရုံးအတွက်တဲ့။ ရုံးက တာဝန်ခံက သူ မယူဘူး။ရုံးအသုံးစရိတ် အဲဒီလောက်ကုန်စရာ မရှိဘူး ပြောတာ၊ လက်မခံပါဘူး။

ဆရာ တွက်ကြည့်ပါ။

20×5=100 ဆိုရင် တပ်ခွဲ ၄ ခွဲ ရှိတယ်။

တပ်ခွဲ ၁ အတွက် သိန်း၂၀။

တပ်ခွဲ ၂ အတွက် သိန်း၂၀။

တပ်ခွဲ ၃ အတွက် သိန်း၂၀။

 ပေါင်းလိုက်ရင် သိန်း ၆၀ ရှိပြီနော်။

တပ်ခွဲ ၄ အတွက် သိန်း ၂၀ ကိုကျတော့၊ အဲဒီတပ်ခွဲ ၄ က သူ့စကားနားမထောင်လို့ မပေးဘူးတဲ့ဆရာ။

တပ်ခွဲ ၄ ဆိုတာ Local ပါ ဆရာ။

နေတာက တပ်ခွဲ ၁ နဲ့ အတူနေတာပါ။

တပ်ခွဲ ၁ အတွက် သိန်း ၂၀၊ ရုံးအတွက် သိန်း ၂၀။ တပ်ခွဲ ၄ အတွက် စာရင်းပြပြီး တကယ်မပေးတဲ့ သိန်း ၂၀။ အဲဒီတော့ သိန်း ၆၀ လုံးက တပ်ခွဲ (၁) အတွက်ဆိုပြီး ယူတယ်။ တရားသလား ဆရာ။ တကယ်တမ်းကျ တခြားတပ်ခွဲက ရဲဘော်တွေရဲ့ အမြင်မှာ တပ်ခွဲ (၁) က အရေးပေးခံရတယ်။ ရဲဘော်တွေ အရမ်း အဆင်ပြေပြေ စားရသောက်ရတယ် ထင်ပြီး သွေးကွဲချင်သလိုတောင် ဖြစ်ကြပါတယ်။ မညီမျှဘူးပေါ့လေ။ 

တကယ်တမ်းကျ ခွဲ (၁) က ရဲဘော်တွေ ဘယ်လို စားနေသောက်နေရလဲ သူတို့ မသိကြရဘူးလေ။တစ်ခါတလေဆို လောက်တက်နေတဲ့ အသားတွေ ချက်ကျွေးတာမျိုးတောင် ကြုံရပါတယ်။ 

အမဲသားလောက်တက်တို့၊ နှမ်းဖတ်ချဥ်လောက်တက်တို့။ ဘယ်သူမှ မစားနိုင်ကြတော့ ဟင်းတွေက တစ်ခါချက်ရင် အကြာကြီး ခံတယ်လေ ဆရာ.. မကုန်ဘူးပေါ့။ မကုန်မချင်း အဲဒီဟင်းပဲ ဆရာ။ရိက္ခာခွဲပေးရင် ဘာတွေ ပေးသလဲ မှန်းကြည့်ပါလား ဆရာ။

လည်ပင်းမပါတဲ့ ကြက်ခေါင်းတို့၊ အမဲ ခွာတွေတို့၊ ငါးခေါင်းတို့၊ နွမ်းဖတ် ထားမရတဲ့ အရွက်တွေတို့ အလှည့်ကျ ပေးတာပါ။ ကိုယ်တွေ့တွေ နော် ဆရာ.. လာငြင်းသူရှိရင် သက်သေနဲ့တကွ ပြပေးဦးမှာ။ 

အစားအသောက် ကိစ္စကို ပုံကြီးချဲ့တာ မဟုတ်ပါဘူး ဆရာ။ တကယ်ခက်ခဲနေရင် ငါးပိရည်နဲ့ တို့စရာလည်း ကျနော်တို့ကတော့ ဟင်ကောင်းလုပ်ပြီး စားနိုင်တာပါပဲ။ တောင်ပေါ်သင်တန်းသွားတုန်းက လမ်းမှာ စားစရာ မရှိလို့ ရေစိုလို့ မှိုတက်နေတဲ့ ဆန်တွေ ရေအထပ်ထပ်ဆေး... ငါးပိရှိတာလေး ရေဖျော်ပြီး ရှာခူးထားတဲ့ မန်ကျည်းသီးလေး ထောင်းစားခဲ့ရတာ.. တစ်ခါတလေ ဆန်မလောက်လို့ အကုန်စားလို့ရအောင် ဆန်ပြုတ်လုပ်သောက်ရတာတွေတောင် ကြုံဖူးပါတယ်။ စားစရာ အဆင်မပြေတာထက် လုပ်တာကိုင်တာ ရဲဘော်အပေါ် စေတနာမထားတာတွေကြောင့် စိတ်ဆင်းရဲတာပါ။ အစားအသောက်ကိစ္စ ဘာလို့ ဒီလောက် ဆိုဆိုးရွားရွား ဖြစ်နေရလဲ လေ့လာကြည့်၊ စုံစမ်းကြည့်လိုက်တော့ ..ဆရာရေ.. ထူးဆန်းတာတွေ ကြားရပါလေရော။

ကျနော်တို့ သင်ခဲ့ရသလောက်..လေ့လာရသလောက်.. လုပ်ငန်းပိုင်းဆိုင်ရာမှာ ရှေ့တန်းမှာ  စစ်တိုက်ဖို့ရယ်၊ သင်တန်းပေးဖို့ရယ် နဲ့ အချို့ကိစ္စလေးတွေက လွဲရင် နောက်တန်းကိစ္စဟာ တပ်ရေးရုံးနဲ့ပဲ ဆိုင်တယ်လို့.. ဆရာတွေက ပြောပြ ရှင်းပြဖူးပါတယ်။ 

တပ်ရေးရုံးမှာ ဌာနတွေ ခွဲပြီး တပ်ရေးတာဝန်ခံက စီမံကွပ်ကဲရတာပေါ့။ 

အဲဒီမှာ တပ်ရင်းမှူးနဲ့ မကင်းတဲ့ အမျိုးသမီးက ပိုက်ဆံကိုင်ချင်တယ်။ ရိက္ခာကိစ္စ သူ စီစဥ်ချင်တယ်၊ ခဏခဏဂျီကျလို့ ဆိုပြီး တပ်ရင်းမှူးက တာဝန်ခံကို လာတောင်းဆိုတယ်။

လုပ်ငန်းသဘောအရ အဲဒီလို ပေးလုပ်လို့မရတာလည်း သိပါတယ်။ ဂျီကျနေလို့..အားနာပေမယ့် ဒီတစ်ခုလေး ခဏဖြစ်ဖြစ် ပေးလုပ်ချင်လို့ပါဆိုပြီး တာဝန်ခံဆီ ရိက္ခာအတွက် သီးသန့်ထားတဲ့ ပိုက်ဆံကို အဲဒီ အမျိုးသမီးဆီ ပေးကိုင်ဖို့၊ ရိက္ခာဝယ်တာ၊ ခွဲခြမ်းတာကိုလည်း အဲဒီအမျိုးသမီး လုပ်ပါစေပေါ့ လာပြောတယ်။ ပိုက်ဆံကိစ္စဆိုတော့ ဟိုကလည်း ငွေကိုင်ချင်တယ် ဆိုတာမျိုး ဖြစ်မှာစိုးတော့ လုပ်ငန်းသဘောအရတော့ အဲဒီလိုပေးလို့မရတာမို့ ခဏတော့ ပေးလုပ်လိုက်ရတယ်လေ။

နောက်ပိုင်းကျ အစည်းအဝေးမှတ်တမ်းမှာ တရားဝင် တာဝန်ပေးတဲ့ ပုံစံမျိုး မလိမ့်တပတ်နဲ့ အရေးခိုင်းတယ်တဲ့။ သူက အဲဒီလိုလူစားပါ။ 

တာဝန်ခံကလည်း ငွေကိစ္စမို့ အငြင်းအခုံ မလုပ်ဘဲ ဒီအတိုင်းထားလိုက်ပြီး သူ့အထက်ဌာနကိုပဲ အကျိုးအကြောင်း တင်ပြထားလိုက်ပုံပါပဲ။ ရလဒ်ကတော့ ကျနော်တို့တွေ အသိုးအမျိုးမျိုး မရိုးအောင် စားရတာပါပဲ ဆရာ။

တလရ လုပ်ရင်းနဲ့ သိလိုက်ရတာ တစ်ခုက တစ်ခါတလေမှာ သိတိုင်း၊ တာဝန်အတိုင်း တာဝန်ကျေအောင် လုပ်သူတွေဟာ.. နောက် ကျည်နဲ့ ခြိမ်းခြောက်ခံရတာမျိုးတွေ၊ ဉာဏ်ဆင်ပြီး ချောက်ချခံရတာတွေလည်း ရှိတတ်တာကိုပါပဲ။ ဒါတွေ နောက်ကြုံမှ ရင်ဖွင့်ချင်ပါသေးတယ် ဆရာ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar