Breaking News

ရခိုင်ပြည်နယ် မောင်တောမြို့မှာ အမျိုးသမီး သတင်းထောက်တဦးကို ULA/AA က ဖမ်းဆီး

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၃ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၅

ရခိုင်ပြည်နယ် မောင်တောမြို့မှာ အမျိုးသမီး သတင်းထောက်တဦးကို ULA/AA က ဖမ်းဆီး

ULA/AA အဖွဲ့က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့က အမျိုးသမီး သတင်းထောက် မမုဒြာကို ULA/AA ရဲ့ ထောက်လှမ်းရေးတွေက နေအိမ်ကနေ စက်တင်ဘာ ၂၀ ရက်နေ့မှာ လာရောက်ခေါ်ဆောင်သွားပြီး စက်တင်ဘာ ၂၃ ရက်နေ့ အထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးဘူးလို့ ဖမ်းဆီးခံရတဲ့ သတင်းထောက် အလုပ်လုပ်တဲ့ Border News Agency ရဲ့ အယ်ဒီတာချုပ်ဖြစ်သူက သတင်းမီဒီယာတွေကို ဖြေဆိုထားတာ တွေ့ရပါတယ်။ 

အခုလို သတင်းသမားကို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးခဲ့ခြင်းဟာ လက်နက်ကိုင် အဖွဲ့၊ နိုင်ငံရေးပါတီနဲ့ အစိုးရတွေရဲ့ ထိန်းချုပ်မှုအောက်က မဟုတ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ လုပ်ကိုင်နေကြတဲ့ သတင်းသမားတွေကို တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးတဲ့ ဒုတိယမြောက်ဖြစ်ရပ် ဖြစ်လာခဲ့ပါတယ်။ 

ပထမဖြစ်ရပ်ကတော့ ယမန်နှစ် စက်တင်ဘာလက ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အလွတ်တန်း သတင်းသမားတဦးနဲ့ Red News Agency ရဲ့ သတင်းထောက် ၁ ဦး၊ စုစုပေါင်း ၂ ဦးကို KIA က တလခန့် ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်အစိုးရက သတင်းဌာနတွေရဲ့ ရုံးတွေကို ဝင်ရောက်စီးနင်းတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာ အသက်သေဆုံးသည်အထိ ရိုက်နှက် နှိပ်စက်ခဲ့တာတွေ ပြီးခဲ့တဲ့ ၄ နှစ်ကျော် ၅ နှစ်တာ ကာလအတွင်း အများအပြားရှိခဲ့ပြီး ယခုလက်ရှိအချိန်ကာလမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ အကျဥ်းထောင်တွေ အတွင်း သတင်းသမား ၃ ဒါဇင်ဝန်းကျင် အကျဥ်းကျခံနေရဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် အစိုးရတွေက လွတ်လပ်တဲ့ သတင်းမီဒီယာ၊ ၄င်းတို့ ထောက်ခံရေးသားစေချင်တဲ့ အတိုင်း မရေးသားကြဘဲ မိမိတို့ မြင်တွေ့  စုံစမ်းသိရှိရတဲ့ အတိုင်းရေးသား ဖော်ပြကြတဲ့ သတင်းမီဒီယာတွေကို ပြည်ဖျက်မီဒီယာ အဖြစ် အမည်တပ်ကာ လိုင်စင်သိမ်း၊ ရုံးခန်းတွေ စီးနင်း၊ သတင်းသမားတွေ ဖမ်းဆီးထောင်ချတာတွေ က အံ့သြစရာ မဟုတ်ပေမယ့်လည်း တော်လှန်ရေး အင်အားစုတွေ၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ နွေဦးတော်လှန်ရေး လှုပ်ရှားမှု အပေါ် သတင်းမီဒီယာ ကျင့်ဝတ်အချို့ကိုပင်လျင် ခပ်ပါးပါး ကျော်လွန်ပြီး သတင်းတင်ဆက်နေကြတဲ့ သတင်းဌာနနဲ့ သတင်းသမားတွေကို ဖမ်းဆီးတာ၊ သတင်းပေး အဖြစ်စွပ်စွဲတာတွေ စတင်ဖြစ်ပွားလာနေတာက အံ့သြစရာ၊ မယုံနိုင်စရာ အခြေအနေတွေ လို့ ဆိုနိုင်ပါတယ်။ 

ပြီးခဲ့တဲ့ ၄ နှစ်ကျော် ၅ နှစ်တာ ကာလအတွင်း နွေဦးတော်လှန်ရေး နဲ့ ပတ်သက်တဲ့ တိုက်ပွဲသတင်းတွေ၊ လှုပ်ရှားမှုသတင်းတွေ ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စစ်ရေး အောင်ပွဲတွေ နယ်မြေသိမ်းယူရရှိတဲ့ သတင်းတွေကို သတင်းဌာနတွေက တင်ဆက်ကြရာမှာ သတင်းမီဒီယာ ကျင့်ဝတ်တွေအတိုင်း တိကျမှန်ကန်စွာ၊ ဘက်မလိုက်ဘဲ ဟန်ချက်ညီစွာ သက်ဆိုင်တဲ့ မေးသင့်မေးထိုက်တဲ့ သတင်းရင်းမြစ်အားလုံးကို ဆက်သွယ်မေးမြန်းပြီး တင်ဆက်တယ် ဆိုတာထက် တော်လှန်ရေး အင်အားစုတွေဘက်ကို ခပ်သာသာထိုးထိုး ရေးသားတင်ဆက်ပေးကြတယ်လို့တောင် ဆိုနိုင်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာတာနဲ့အမျှ၊ သယံဇာတ အခွန်အကောက်တွေ ကောက်ယူရရှိမှု၊ စီမံခန့်ခွဲမှု ပိုမိုလုပ်ကိုင်လာရတာနဲ့အမျှ တာဝန်ခံမှု ကြီးမားလာနေရာမှာ ယခင်က မျက်နှာသာပေးခံရတဲ့ သတင်းမီဒီယာတွေအပေါ် သတိကြီးစွာထား စောင့်ကြည့်တာ၊ ဖမ်းဆီးစစ်မေးတာတွေ စတင်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

အညာဒေသမှာ ရေနံ လက်ယက်တွင်းတွေက အခွန်အကောက်များစွာ ရရှိပြီး ဘယ်လို စီမံခန့်ခွဲနေကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ခြင်း အပေါ် ဝေဖန်ပြောဆိုမှု အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ သတင်းမီဒီယာတွေ အနေနဲ့ NUG လို စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းအပေါ် ဝေဖန်ရေးသားမှုတွေ မရေးသင့်ဘူးဆိုတဲ့ အမြင်၊ အခုလို နေရာဒေသတခုခုအကြောင်း ရေးသားခြင်းကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ် ဆိုတဲ့ ရှုထောင့်ကနေ သတင်းမီဒီယာတွေကို ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။ 

အလားတူ အခြားသောဒေသတွေမှာလည်း ရွှေတွင်းတွေဆီက ကောက်ခံရရှိတဲ့ အခွန်အကောက်၊ သတ္တုတွင်းတွေ၊ သစ်တောထွက်ပစ္စည်းတွေက ရရှိတဲ့ အခွန်အကောက်တွေလည်း တိုးမြင့်လာနေတာ ဖြစ်ပါတယ်။ အုပ်ချုပ်ခွင့် စီမံခန့်ခွဲခွင့် မရှိသေးတဲ့ တော်လှန်ရေးကာလတွေတုန်းက သတင်းမီဒီယာတွေ အပေါ် စောင့်ကြည့်တာ၊ ထိန်းချုပ်တာတွေ မရှိခဲ့ပေမယ့် တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ သယံဇာတ၊ အခွန်အကောက် စီမံခန့်ခွဲရေးကို လုပ်ဆောင်လာချိန်မှာ သတင်းမီဒီယာတွေရဲ့ ရေးသားမှု၊ ဝေဖန်မှုတွေကို မနှစ်မြို့ဖြစ်လာတဲ့ အနေအထားလို့ဆိုရင် မှားမယ်မထင်ပါဘူး။ 

အခုလို မောင်တောမြို့က အမျိုးသမီးသတင်းထောက် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အချို့သောသတင်းဌာနကြီးတွေက ဖေါ်ပြရာမှာ ဖမ်းဆီးတဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ အကြောင်းပြချက်ကို သတင်းခေါင်းစဥ် အဖြစ်နဲ့ တင်ပြီးရေးသားတာမျိုးလည်း တွေ့ရသလို၊ အဆိုပါ အကြောင်းပြချက်က ခိုင်မာတဲ့ အထောက်အထား ရှင်းလင်းတဲ့ သက်သေနဲ့ ပြောဆိုတာမျိုး မဟုတ်ဘဲ “စစ်ပွဲစည်းကမ်းကို ကျော်လွန်လုပ်ဆောင်ခြင်းကြောင့်” တိတိပပ အချက်အလက်ကို ညွှန်းဆိုထားခြင်း မရှိတဲ့ အကြောင်းပြချက် တခုဖြစ်နေတာပါ။ 

အခြားသတင်းဌာနကြီးတခုကလည်း သတင်းသမားကို ဖမ်းဆီးတယ်ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကွင်းပြီး စစ်ဆေးမေးမြန်းတယ်ဆိုတဲ့ သဘောမျိုး သုံးနှုန်းဖော်ပြထားတာ သတိပြုစရာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အောက်ကနေ လွတ်မြောက်ဖို့ လက်နက်ကိုင်နည်းလမ်းနဲ့ ရောအခြားသော နည်းလမ်းအသွယ်သွယ် နဲ့ ကြိုးစားနေကြရာမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာ ဖြစ်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို လေးစားခြင်း အသိအမှတ်ပြုခြင်း ရှိမှသာလျှင် အုပ်ချုပ်သူ အစိုးရတွေအနေနဲ့ ပြည်သူလူထုအပေါ် တာဝန်ခံမှု ရှိလာမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေ အနေနဲ့ သတင်းမီဒီယာတွေကို ၄င်းတို့နဲ့ အကျိုးစီးပွားချင်း မဆန့်ကျင်တဲ့ အချိန်၊ အခြေအနေ၊ ထောက်ခံ ရေးသား တင်ဆက်နေချိန်မှာ လိုလိုလားလား ဆက်ဆံလေ့ ရှိကြပေမယ့် လုပ်ပိုင်ခွင့် အာဏာ၊ စီမံခန့်ခွဲခွင့်တွေ ရှိလာချိန်မှာ တာဝန်ခံမှုကို တောင်းဆိုတဲ့ သတင်းရေးသားတင်ဆက်မှုတွေကို ကောင်းမွန်စွာ ရှုမြင်နိုင်ခြင်း မရှိကြတော့တဲ့ သဘောသဘာဝတွေ စတင်တွေ့မြင်လာရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar