Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၉ )

Art-Than Htay Maung



အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၉ )
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၅

7/10/25 Tuesday
Diary in the darkness

ဥပဒေမဲ့ တက်လာတဲ့ အစိုးရ လက်ထက်မှာ ပြည်သူတရပ်လုံး ဥပဒေပြင်ပ ရောက်ကုန်ကြတာ သဘာဝပါပဲ
မနက် ၃နာရီခွဲလောက် နိုးတယ်။ ပါချုပ်ဆရာ‌တော်ရဲ့စိတ်၏ဆောင်ရွက်ပုံ ၁၄ ပါး (The Fourteen Modes of Mental Operation) ဟောပြောချက်ကို YouTube နဲ့ နားထောင်တယ်။ ကောင်းကောင်း နားမလည်။ ထပ်ခါထပ်ခါ နားထောင်ရပါဦးမယ်။

Wooenglish ရဲ့ Trump and US Army Essay ကိုနားထောင်တယ်။ Trump ဟာ အမေရိကန်ရဲ့ ဥပဒေ၊ နိုင်ငံရေး ကိုသာမက ကမ္ဘာ့ အင်အားအကြီးဆုံး အမေရိကန်စစ်တပ်ကိုပါ ထိမ်းချုပ်ထားနိုင်တယ်ဆိုတာကိုပါ ပြသဖို့ကြိုးစားနေကြောင်း ဒီဆောင်းပါးက ဇောင်းပေးဖေါ်ပြတာကိုတွေ့ရပါတယ်။ Trumpက အမေရိကန်စစ်ဗိုလ်ချုပ်ကြီးတွေကို ခုလို ခေါ်တွေ့ပြီး ဩဝါဒ ပေးတဲ့ အခန်းအနားတခု ကျင်းပတာဟာ အမေရိကန်သမ္မတ အဆက်ဆက် ဘယ်သမ္မတ ကမှ မပြုလုပ်ခဲ့ကြပါဘူး။ ဒါဟာ ထူးခြားတဲ့ လုပ်ရပ်ပါပဲ။

နောက်သတင်းတခုက EU မှာရှိတဲ့ ရုရှားငွေတွေကို ယူကရိန်းကို ပံ့ပိုးဖို့ EU ကကြိုးစားနေတယ်ဆိုတဲ့သတင်းပါ။ တကယ်လို့ ရုရှားကစစ်ရှုံးရင် အဲဒီငွေတွေနဲ့ ယူကရိန်းပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးဖို့ EU ကပြင်ဆင်နေတယ်ဆိုတဲ့သတင်း လဲကြားရပါ‌ သေးတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပြည်တွင်းမှာတော့ သတင်းကျွတ်အခါသမယ မှာတောင် စစ်ကောင်စီဟာ အင်နဲ့အားနဲ့ ဗုံးကြဲနေဆဲပါ။ စကစဟာ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ကာ ရွေးကောက်ပွဲအတုကို အောင်မြင် အောင်ဖ‌န်တီးပြီး ပြေးပေါက်ရှာနေတာ သိသာပါတယ်။

မနေ့က ဖားအံက ပြန်လာတဲ့ကုန်သည်တစ်ယောက်က ပြောပါတယ်။ ဖားအံ ရန်ကုန် ခရီးသွားချိန်ဟာ ပုံမှန်ထက် ၅ နာရီကျော်လောက်ပိုကြာလို့ မိုးချုပ်မှ ရန်ကုန်အိမ်ကို ပြန်ရောက်တယ်တဲ့။ လမ်းမှာလဲ ၁၅ မိနစ်တကြိမ်လောက် ဂိတ်ကြီးဂိတ်ငယ်တွေကို ဆက်ကြေးပေးရတယ်၊ တဂိတ်ကို အနည်းဆုံးငါးသောင်းကနေ သိန်းဂဏန်းထိပေးရတယ်၊ ကားပေါ်တက်ပိုက်ဆံကောက်တဲ့သူဟာ ဂိတ်တာဝန်ကျ သူတွေက ခိုင်းထားတဲ့ အရပ်သားလူငယ်တွေဖြစ်တယ်၊ အလွန်ရိုင်းတယ်၊ ကားသမားနဲ့ ခရီးသည်တွေကို ဘိန်းကုန်ကူးတဲ့ တရာခံတွေ လို ပြောဆိုဆက်ဆံတယ်။ စကစ က ယိုးဒယားကုန်တွေအားလုံးကို တရားမဝင်ကြေညာထားတော့ လူထုတရပ်လုံး မှောင်ခိုရာဇဝတ်သားတွေဖြစ်ကုန်ကြပြီပေါ့။

ဥပဒေမဲ့ တက်လာတဲ့ အစိုးရ လက်ထက်မှာ ပြည်သူတရပ်လုံး ဥပဒေပြင်ပ ရောက်ကုန်ကြတာ သဘာဝပါပဲ။

အန်ကယ်တူမီး
7/10/25

အခန်းဆက်တွေ ဖတ်ချင်ရင်တော့ - 


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar