မောင်လူမွှေး - ရဲဘော်ကြီး အထီးမကျန်တော့ပါ
မောင်လူမွှေး - ရဲဘော်ကြီး အထီးမကျန်တော့ပါ
မိုးမခ ၊ အောက်တိုဘာ ၉ ၊ ၂၀၂၅
ရဲဘော်ကြီးဟာ မောင်လူမွှေးထက် ခုနစ်နှစ်၊ ရှစ်နှစ်လောက် ကြီးတာမို့ သူနဲ့ ဆက်ဆံတဲ့အခါမှာ လေးလေးစားစားပဲ ဆက်ဆံခဲ့ပါတယ်။ သူဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ တကယ့်ကို တိတ်တဆိတ် ပေးဆပ်ခဲ့သူဖြစ်တယ်။
ရဲဘော်ကြီးဟာ အိမ်ထောင်ကွဲထားတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့ဇနီး၊ သားနဲ့သမီးက ရပ်ဝေးမှာပါ။ သူဟာ တစ်ကိုယ်တည်း ထီးထီးကြီးဘဝနဲ့ စစ်အာဏာရှင်ကိုတော်လှန်နေသူတစ်ဦးပါ။ ပြီးတော့ သူ့သား၊ သမီး၊ ဇနီးနဲ့ပတ်သက်တာတွေကို ရင်ထဲမှာပဲ သိမ်းထားတတ်ပြီး သူ့အမေ အသက်ရှစ်ဆယ်ကျော် နေမကောင်းဖြစ်ရင်သာ မျက်နှာညှိုးတတ်သူ ဖြစ်တယ်။
"အမေ နေမကောင်းရင် စိတ်ထဲသိပ်နေလို့မကောင်းဘူး" ဆိုတဲ့ သူ့ရင်ဖွင့်စကားသံကို မောင်လူမွှေး သုံး လေးကြိမ် ကြားခဲ့ဖူးပြီး သူ့မိသားစုနဲ့ပတ်သက်လို့တော့ သူ့ရဲ့တစ်ခုတည်းသောပိုင်ဆိုင်မှုဖြစ်တဲ့ အိမ်ဝင်းကို ရောင်းပြီး သူ့သားနဲ့သမီးဆီကို ပိုက်ဆံပို့လိုက်တယ်ဆိုတဲ့ စကားပဲ ပြောဖူးပါတယ်။
ရဲဘော်ကြီးဟာ အလုပ်ကို စည်းစနစ်ရှိရှိ လုပ်ကိုင်တတ်သူဖြစ်ပြီး သပ်ရပ်သန့်ရှင်းသူလည်း ဖြစ်ပါတယ်။ ချက်ပြုတ်တဲ့ နေရာမှာ အမြဲသန့်ရှင်းနေပြီး အိုးတွေကို ကိုယ်တွယ်တဲ့ လက်နှီးစုတ်ကစ သန့်ပြန့်နေအောင် လျှော်ဖွပ်ထားတတ်သူပါ။ တပ်ဖွဲ့က ပေးတဲ့ အလုပ်တာဝန်တွေကို မပြီးမချင်း တစိုက်မတ်မတ် လုပ်ကိုင်တတ်ပြီး အားရင်အားသလို အခြား ရဲဘော်တွေကို ကူညီပေးတတ်သူ ဖြစ်ပါတယ်။
သူဟာ တနေကုန် တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်ပြီး ညကျရင် ယမကာလေးနည်းနည်းနဲ့ အလုပ်ပင်ပန်းမှုကို ဖြေဖျောက်ပါတယ်။ ဒါတောင် ရံဖန်ရံခါမှသာ သူ ဒီလို အပန်းဖြေနိုင်တာပါ။ မိုးတွေရွာတဲ့ တစ်ရက်မှာ သူဟာငေးငိုင်လို့နေပါတယ်။ ဘာဖြစ်တာလဲဆိုတော့ အရက်ပုလင်းကျကွဲသွားလို့တဲ့။ မောင်လူမွှေးလည်း နောက်ထပ်ဝယ်ဖို့ အိတ်ထဲက ပိုက်ဆံထုတ်ပေးတော့ အားနာပြုံးနဲ့ သူ ယူပြီး နောက်တစ်ခေါက် ထပ်သွားဝယ်ပါတယ်။ တော်လှန်ရေးမှာ ဘဝမြှုပ်နှံထားတဲ့ ရဲဘော်ကြီးကို အခါအားလျော်စွာ ဒီလိုတွေဖြည့်ဆည်းပေးခဲ့ရလို့ မောင်လူမွှေးတစ်ယောက် ကျေနပ်နေခဲ့ပါတယ်။
ရဲဘော်ကြီးဟာ မယ်ဒလင်လေး တီးပြီး ဘဝအမောတွေကို ဖြေဖျောက်တတ်ပါတယ်။ လျှပ်စစ်မီးမရှိ ညမှောင်မှောင်မှာ ရဲဘော်ကြီးရဲ့ အလွမ်း အဆွေး သီချင်းတွေကို ကြားရတတ်ပါတယ်။ သူ့ရင်ထဲက အထီးကျန်မှုဟာ မယ်ဒလင်ကြိုးတွေကနေတဆင့် တုန်ခါပြီး ပြန့်လွင့်လာတာ ဖြစ်ပါတယ်။ " ချစ်တတ်တဲ့ အသည်းတော့ မောင့်မှာရှိတယ်.. မုန်းချင်လည်း မုန်းလိုက်တော့ကွယ်" တဲ့။
"Low profile နဲ့နေပြီး တော်လှန်ရေးမှာ တကယ်ပေးဆပ်နေတဲ့သူ" လို့ တပ်ဖွဲ့ရဲ့ အကြီးအကဲက ရဲဘော်ကြီးနဲ့ပတ်သက်ပြီး မောင်လူမွှေးကို ပြောပြဖူးပါတယ်။ သူ့မှာ ဖုန်းစုတ်လေးရှိတာ ပျက်သွားလို့ ရှိတဲ့ပိုက်ဆံလေးနဲ့ ပြုပြင်ရှာပါတယ်။ ပြင်လို့မရတော့ သူများပေးတဲ့ အထိုင်ဖုန်းအဟောင်းကို သူ သုံးပါတယ်။ စစ်ဖိနပ်လည်းကောင်းကောင်းမရှိတော့ သူ့ရှိတဲ့ပိုက်ဆံလေးနဲ့ အိန္ဒိယဘက်သွားတဲ့ ရဲဘော်ကို ဖိနပ်မှာပါတယ်။
အိန္ဒိယက ဖိနပ်အသစ်လေး ရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ရဲဘော်ကြီးဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ပါတယ်။ သူ တရိုတသေ သိမ်းထားတဲ့ ဖိနပ်ကလေးကို တစ်ခါမှ ဝတ်မသွားရတာ သတိထားမိပါတယ်။ သူ ကျဆုံးတာကို အသက်အရွယ်ကြီးလွန်းလို့ မှတ်ဉာဏ် ပျောက်ဆုံးစပြုနေတဲ့ သူ့အမေကိုလည်း မပြောဘဲ ထားကြရပါတယ်။ သူ့နာရေးကို သူ့သားသမီးတွေလည်း မလာရောက်နိုင်ကြပါဘူး။
ရဲဘော်ကြီး ကျဆုံးတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သူ့အထီးကျန်မှုတွေ အဆုံးသတ်သွားတာလည်း တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အခုတော့ ရဲဘော်ကြီးဟာ သူ့နံဘေးမှာ သူ့ရဲ့ရဲဘော်ရဲဘက် ငါးဦးနဲ့အတူ အာဇာနည် အုတ်ဂူလေးထဲမှာ လဲလျောင်းနေပါပြီ။ ဖိနပ်အသစ်တစ်ရန်၊ ကြိုးပြတ်သွားတဲ့ မယ်ဒလင်တစ်လက်၊ စားဖို့ပြင်ထားတဲ့ ထမင်းပွဲလေးတစ်ခု ဖရိုဖရဲဖြစ်ကျန်ရစ်ခဲ့တဲ့ မြင်ကွင်းကိုတော့ မောင်လူမွှေး မေ့နိုင်တော့မှာမဟုတ်ပါဘူးခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar