အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၄ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၄ )
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၅
16/10/25 Diary in the darkness Thursday
လက်နက်ကိုင်သိမ်းပိုက်ပြီးလူထုကိုအုပ်ချုပ် မယ်လို့ကြံတဲ့သူဟာ ပြသနာအထုပ်ကို ဖွင့်ပြီးဖွလိုက်တဲ့သူပါပဲ။
မျှော့်လင့်ချက်က ဘယ်ချောင်ကပ်နေတယ်မသိ။
မနက် ၈ နာရီကျော်မှ အိပ်ရာထတယ်။ ညက ကောင်းကောင်းအိပ်မပျော်။ ဆောင်းတွင်းအိပ်မက်တွေကလဲ ဂယောက်ဂယက်ပါပဲ။ ဘာတွေမက်ခဲ့တာလဲမမှတ်မိ။ ခေါင်းထဲမှာ မူးနောက်နောက်။
လမ်းမလျှောက်ဖြစ်။ ဘယ်သူ့ဆီမှလဲ ဖုန်းမဆက်ဖြစ်။ ရေဆေးပန်းချီကားကလေးတွေ စမ်းရေးဖြစ်။
သူငယ်ချင်းပေးလိုက်တဲ့ Library ကဗျာကလေးကို ဘာသာပြန်ဖြစ်တယ်။ great 12 တန်းမှာပြဋ္ဌာန်းတဲ့ ကဗျာဆိုတော့ စိတ်ဝင်စားးလို့ပါ။ ဘာရယ်မဟုတ်ပါဘူး။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မင်းအောင်လှိုင်နဲ့ တွေတဲ့ကိစ္စ မလေးလွှတ်တော်မှာ မေးခွန်းထုတ်တဲ့သတင်းဖတ်လိုက်ရတယ်။ စကမ က သတင်းထုတ်ပြန်ချက်က လိမ်လည်ထုတ်ပြန်တာဖြစ်တယ်။ ကိုယ်လိုရာဆွဲထုတ်ပြန်တာဖြစ်တယ်။ သတင်းမှားထုတ်ပြန်တာဖြစ်တယ် လို့ သတင်းဌာန အသီသီးက ဖေါ်ထုတ်နေကြတယ်။ စကမ က အရှက်မရှိတော့ ဘာမှမဖြစ်ပါ။
ရန်ကုန်မှာ စရိတ်ကုန်လို့ မိုးကုတ်ပြန်မယ်ဆိုတဲ့ စစ်ရှောင်တွေလဲ မိုးကုတ်မပြန်နိုင်သေး။
မိုးကုတ်မှာ တိုက်ပွဲတွေက ပိုပြင်းထန်နေတယ်။ လမ်းတွေပိတ်နေတယ်။
မိုးကုတ်မြို့ဟာ ပတ္တမြားထွက်လို့ ကမ္ဘာကျော်တဲ့မြို့တမြို့ဖြစ်တယ်။ ဒါအပြင် မြန်မာဘုရင်လက်ထက်က ကျောက်ကြီးကျောက်ကောင်းတွေထွက်လို့ မြန်မာဘုရင်က ရှမ်းစော်ဘွားပိုင်မိုးကုတ်ကို မြန်မာဘုရင်ပိုင် တကောင်းမြို့နဲ့အလဲအလှယ်လုပ်ခဲ့တယ်။
အင်္ဂလိပ်လက်က လွတ်လပ်ရေးရတဲ့အခါ မိုးကုတ်ကို မန္တလေးတိုင်းထဲမှာပါမလား ရှမ်းပြည်နယ်ထဲပါမလားဆိုတာကို မြို့လူထု သဘောထားခံယူပြီးမဲခွဲတယ်။ မန္တလေးတိုင်းထဲမှာပါဖို့ မဲနိုင်တယ်။ အဲဒါကြောင့် မိုးကုတ်ဟာ ရှမ်းပြည်နယ်ရဲ့ သဘာဝ ရေမြေထဲမှာရှိပေမယ့် မန္တလေးတိုင်းထဲရောက်နေတာဖြစ်တယ်။ ကျွန်တော်စိတ်ဝင်စားတာက ဒီမိုကရေစီအစိုးရဟာ လူထုသဘောထားကို အမြဲလေးစားတဲ့သဘာဝရှိတယ် ဆိုတာကို သိရလို့ပါ။ နယ်မြေတခုကို လက်နက်နဲ့ထိန်းချုပ်နိုင်တဲ့သူတွေအောက်မှာပဲ လူထုက နေရမယ်လို့သဘောမထားကြဘူး။ ဒါဟာ လူထုကိုကောင်းစွာဦးဆောင်မယ့် အစိုးရရဲ့လက္ခဏာပဲ။
လက်နက်ကိုင်သိမ်းပိုက်ပြီးလူထုကိုအုပ်ချုပ်မယ်လို့ကြံတဲ့သူဟာ ပြဿနာအထုပ်ကို ဖွင့်ပြီးဖွလိုက်တဲ့သူပါပဲ။
မျှော့်လင့်ချက်က ဘယ်ချောင်ကပ်နေတယ်မသိ။
အန်ကယ်တူမီး
16/10/25
အခန်းဆက်တွေ ဖတ်ချင်ရင်တော့ -
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
